တိရိစ္ဆာန်ဘုံ ( ဂျော့အိုဝဲလ် ၁၉၄၅ )
Animal Farm ( George
Orwell 1945)
တိရိစ္ဆာန်ဘုံ ( ဂျော့အိုဝဲလ် 1945 )
===================
----------
ဘက်စုံစိုက်ပျိုးမွေးမြူရေး ခြံကျယ်ကြီးရဲ့ အရှင်သခင် မစ္စတာ ဂျူန်းစ် တစ်ယောက် ကြက်လှောင်အိမ် ဝင်ပေါက်တံခါးကို သော့ခတ်ခဲ့ပေမယ့် ကြက်တွေ အဝင်အထွက်လုပ်တဲ့ ဂယ်ပေါက်ကလေးကိုတော့ အမူးလွန်ပြီး ပိတ်ဖို့ မေ့ခဲ့လေရဲ့။ ဆရာသမားက ခြံထဲမှာ ဒရီးဒယိုင်သွားနေလိုက်တာ လက်ထဲမှာကိုင်ထားတဲ့ မီးအိမ်က ဟိုရွေ့ဒီရမ်း ဖြစ်နေပါလေရော။ ဒီလိုနဲ့ အိမ်နောက်ဖေး တံခါးရှေ့ရောက်တော့ တံခါးကို ခြေထောက်နဲ့ ဆောင့်ကန်ဖွင့်လိုက်တယ်။ မီးဖိုချောင်မှာရှိတဲ့ ဘီယာစည်ထဲကနေ ဒီနေ့အတွက် နောက်ဆုံး ဘီယာတစ်ခွက်ကို မော့ပြီးသကာလ ဟောက်နေပြီဖြစ်တဲ့ သူ့မိန်းမ မစ္စစ် ဂျူန်းစ်ရှိရာ အိပ်ယာပေါ် ချီတက်သွားပါတော့တယ်။
အိပ်ခန်းထဲက မီးရောင်ပျောက်သွားတာနဲ့ တပြိုင်နက် မွေးမြူရေးခြံထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ပါပြီ။ နေ့ခင်းကတည်းက ခြံထဲမှာ သတင်းတစ်ခု ပြန့်နေခဲ့တာကြောင့်ပါ။ မွေးမြူရေးခြံထဲက တိရိစ္ဆာန်တွေ အားလုံး ဂါရဝထား အရိုအသေပေးရတဲ့ ရှေ့မှီနှောက်မှီ ဝက်သိုးဖြူကြီး အိုးမေဂျာဟာ ရှေ့တစ်ရက်ညက ထူးထူးဆန်းဆန်း အိမ်မက်ကြီး မက်ခဲ့ပါသတဲ့။ အဲ့ဒီအိမ်မက်ကြီးကိုလည်း
ပြန်မျှဝေချင်စိတ် ဖြစ်နေပါသတဲ့။ တိရိစ္ဆာန်တွေ အားလုံးကလည်း မစ္စတာ ဂျူန်းစ် အရိပ်အယောင် မရှိတော့တာနဲ့ ခြံထဲက အဆောက်အဦးကြီး တစ်လုံးထဲမှာ ဆုံကြဖို့ သဘောတူထားကြပြီးပါပြီ။ အားလုံးက လေးစားရတဲ့ အိုးမေဂျာ ဘာပြောမလဲဆိုတာ နားထောင်ရဖို့ အိပ်ချိန်ထဲက ၁ နာရီလောက် ဖဲ့ပေးရတာ သူတို့အတွက် မပြောပလောက်ပါဘူး။
လယ်တောခြံ အဆောက်အဦးထဲရောက်တော့
ခပ်မြင့်မြင့် ခုံတန်းလျားတစ်ခုရဲ့ ကောက်ရိုးအခင်းပေါ်မှာ ဝက်သိုးဖြူကြီး အိုးမေဂျာဟာ ကျကျနန နေရာယူပြီးပါပြီ။ ထုတ်တန်းပေါ်မှာ ချိတ်ထားတဲ့ မီးအိမ်ရဲ့ အလင်းရောင်ကလည်း သူ့အပေါ် ဖြာကျနေတာပေါ့။ အသက်က ၁၂နှစ်တောင်ရှိပြီမို့ သူ့ခန္ဓာကိုယ်ကြီးက အဆမတန် ဝဖိန့်နေခဲ့ပါပြီ။ ဘယ်တုန်းကမှ ဖြတ်တောက်ခြင်း မခံထားရတဲ့ အစွယ်ငေါငေါကြီး ရှိနေသေးတာကြောင့် အသွင်အပြင်က ပညာရှိပီပီ ခန့်ခန့်ညားညားနဲ့ လေးစားချစ်ခင်စရာကောင်းနေပါတယ်။ မကြာခင်မှာပဲ ခြံထဲက တိရိစ္ဆာန်တွေဟာလည်း ပုံသဏ္ဏန်မျိုးစုံနဲ့ ရောက်ရှိလာကြပြီး ကိုယ် သက်တောင့်သက်သာ ဖြစ်မယ့်နေရာကို ရှာဖွေ နေရာယူလိုက်ကြပါတော့တယ်။ ပထမဆုံး ဘလူးဘဲလ်၊ ဂျက်ဆီနဲ့ ပစ်ချာ လို့ခေါ်တဲ့ ခွေးလေးသုံးကောင်ရောက်လာတယ် နောက်တော့ ဝက်တွေရောက်လာပြီး တန်းလျားအရှေ့ဆုံးက ကောက်ရိုးခင်းမှာ နေရာဝင်ယူလိုက်ပါတယ်။ ကြက်မတွေက ပြတင်းတံခါးဘောင်တန်းမှာ၊ ခိုတွေက အမိုးကိုင်းပေါ်မှာ သိုးနဲ့ နွားတွေကတော့ ဝက်တွေရဲ့ နောက်နားမှာ နေရာယူရင်း စားမြုံပြန်နေကြပါတယ်။ ခြံကမြင်းလှည်းကို ဆွဲတဲ့ ဘောက်ဆာနဲ့ ကလိုဗာ မြင်းနှစ်ကောင်ကတော့ အတူတွဲဝင်လာတာပါ ။ ကောက်ရိုးခင်းတွေကြားမှာ အကောင်ဗလောင် သေးသေးလေးတွေ မမြင်မစမ်း ရှိနေမှာစိုးလို့ အမွှေးတဖွားဖွား မြင်းခွာတွေကို ဂရုတစိုက်နဲ့ ဖြေးဖြေးနှေးနှေး လျှောက်လာတာပါ။ ကလိုဗာက မိခင်စိတ်အပြည့်ရှိတယ် ပြောရမယ့် အရွယ်ခပ်လတ်လတ် မြင်းမတစ်ကောင်ပေါ့ ။ လေးယောက်မြောက် မြင်းကလေး မွေးပြီးတဲ့ နောက်တော့ သူ့ မှာ အရင်လို ကျော့ရှင်းမူတွေလည်း မရှိရှာတော့ပါဘူး။ ဘောက်ဆာကတော့ တကယ့်ကောင်ကြီးပါ ၊ လက်အထွာနဲ့ ၁၈ ထွာ ( ၆ ပေ) လောက်ရှိတော့ တော်ယုံမြင်းနှစ်ကောင်စာလောက် ရှိတဲ့ ထွားထွားကြိုင်းကြိုင်း မြင်းကြီးပေါ့။ နှာခေါင်းမှာလည်း အစင်းကြောင်း အဖြူကပါသေးတော့ ကြည့်ရတာ ပေါကြောင်ကြောင် နိုင်နေပါလေရော။ တကယ်လည်း ဒီကောင်ဟာ ဉာဏ်ရည်သိပ်ကောင်းတဲ့ထဲ မပါပါဘူး သို့ပေမယ့် ခွန်အားသုံး အလုပ်လုပ်တဲ့ နေရာမှာတော့ မခိုမကပ်နဲ့ တစိုက်မတ်မတ် လုပ်တတ်တာကို တိရိစ္ဆာန်တွေ အားလုံးက အသိအမှတ်ပြု လေးစားကြရပါတယ်။ မြင်းတွေ ရောက်လာပြီးတဲ့နောက်တော့ ဆိတ်ဖြူကြီး မြူရီရယ် နဲ့ မြည်းအိုကြီး ဘင်ဂျမင် ရောက်လာပါတယ်။ မြည်းအိုကြီး ဘင်ဂျမင်ဟာ ခြံမှာ အသက်အကြီးဆုံး ဖြစ်သလို စိတ်လည်း အင်မတန် ဆတ်တယ် ပြောရမယ့်သူပါ။ စကားပြောခဲသလို ပြောလိုက်ရင်လည်း ဘုဆတ်ဆတ်နဲ့ အငေါ်တူးဖို့လောက်ပဲ ပြောပါတယ်။ ဆိုကြပါစို့ သူပြောတာက သူ့အမြီးတွေကို ဘုရားသခင်က ယင်ကောင် မောင်းဖို့ပေးထားတာဆိုရင်တော့ သူ့အမြီး မရှိလည်းနေပါစေ ယင်ကောင် မရှိပြီးရော ဆိုတာမျိုးပြောတာ ။ ခြံက တိရိစ္ဆာန်တွေထဲမှာ မရီမပြုံးတာဆိုလို့လည်း သူ ပဲရှိတယ်။ ဘာလို့ မရီမပြုံးနေလဲ မေးပြန်ရင်လည်း လောကမှာ ရီစရာ ဘာရှိလို့လည်းပဲ ပြန်ပြောလေ့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါးစပ်ကသာ ထုတ်မပြောတာရယ် ဒီမြည်းအိုကြီး ဘင်ဂျမင်ဟာ ဘောက်ဆာကိုတော့ တော်တော်လေး ချစ်ခင်ကြည်လင်တယ်ပြောရမယ်။ တနင်္ဂနွေနေ့တွေဆို သူတို့ နှစ်ကောင် အတူတူအချိန်ဖြုန်းတာများတယ်။ စိုက်ခင်းနားက ခြံခတ်ထားတဲ့ မြင်းကွင်း သေးသေးလေးထဲမှာပေါ့ တစ်ကောင်နဲ့တစ်ကောင် စကားမပြောပဲ တွေ့ကရာ ပတ်စားနေတာမျိုးပေါ့ဗျာ။
မြင်းနှစ်ကောင် နေရာယူပြီးတဲ့နောက်တော့ အမေမရှိတော့တဲ့ ဘဲလေးတစ်အုပ် တန်းစီပြီး ဝင်လာပါလေရော။ အဆောက်အဦးထဲ သူတို့ကို တခြား အကောင်ကြီးကြီးတွေ တတ်မနင်းမိမယ့် နေရာ ဟိုရှာဒီရှာ ရှာနေတုန်း ကလိုဗာက သူ့ ရင်အုပ်နဲ့ ရှေ့ခြေထောက်ကြားထဲ သိုင်းထည့်ထားပေးလိုက်တာ ခဏကြတော့ အကုန် အိပ်ပျော်ကုန်ကြပါလေရော။ နောက်တော့ မစ္စတာ ဂျူန်းစ်ရဲ့ လှည်းကိုဆွဲတဲ့ မြင်းဖြူမလေး မိုလီပေါ့ ၊ သူက တကယ့် မိုက်ရူးရဲဆန်ပြီး လှပတဲ့ မြင်းမလေးတစ်ကောင်ပါ ။ အဆောက်အဦးထဲကို သကြားခဲ တစ်ခဲကိုက်ပြီး ကြွကြွလေး လျှောက်လာတာပါ။ မြင်းမလေး မော်လီဟာ ရှေ့နားခပ်ကျကျမှာ နေရာယူပြီး သူ့လည်ဆန်မွှေးမှာ တပ်ထားတဲ့ ဖဲကြိုးနီတွေကို သူတကာမြင်အောင် လည်တစ်ခါခါ လုပ်ပြနေပါတယ်။ နောက်ဆုံးမှာတော့ ကြောင်တစ်ကောင် ဝင်လာပါတယ်။ အဆောက်အဦးတစ်ခုလုံးမှာ အနွေးဆုံး ဇိမ်အကျဆုံးဖြစ်လောက်မယ့် ကလိုဗာနဲ့ ဘောက်ဆာတို့ နှစ်ကောင်ကြားကို မရမက တိုးဝှေ့ဝင်သွားပြီး အိုးမေဂျာ စကားပြောနေတဲ့ တစ်ချိန်လုံးမှာ ပြောသမျှ အာရုံမစိုက်အားဘဲ ငိုက်မျဉ်းဇိမ်ယူနေပါတော့တယ်။
မစ္စတာ ဂျူန်းစ်မွေးထားတဲ့ ကျီးကန်းကြီး မိုးစက် ကလွဲလို့ ကျန်တဲ့ တိရိစ္ဆာန်တွေ အကုန်လုံးရောက်လာပြီးတဲ့ နောက်မှာတော့ ဝက်သိုးဖြူကြီး အိုးမေဂျာက လည်ချောင်းရှင်း ချောင်းဟန့်လိုက်ပြီး စကား စ ပြောပါတော့တယ်။
" တိရိစ္ဆာန်သွေးချင်း ရဲဘော်ရဲဘက်တို့ မင်းတို့ ငါ့ရဲ့ ထူးဆန်းလှတဲ့ အိမ်မက်အကြောင်းတော့ ကြားပြီးလောက်ရောပေါ့ ။ ဒါပေမယ့် အဲ့ဒီအိမ်မက်ကို ငါ မပြောခင် တခြား ကိစ္စတစ်ခု ငါ အရင်ပြောမယ်။ ဒီရှေ့လျှောက်တော့ ငါ မင်းတို့နဲ့ အတူတူ နောက်ထပ် လပေါင်းများစွာ အသက်ရှင်နေနိုင်တော့မယ် မထင်ဘူး ၊ ငါ မသေခင် ငါ ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ အတွေးအခေါ် အသိပညာတွေကို လက်ဆင့်ကမ်းခဲ့ဖို့ တာဝန်ရှိတယ်လို့ ခံယူတယ်။ ငါ ဒီလောကကြီးမှာ နှစ်ပေါင်းအတော်ကြာ နေခဲ့ပြီးပြီ။ ဝက်ခြံထဲမှာ ငါ တစ်ကောင်ထဲ လဲလျောင်းနေခဲ့တဲ့ အချိန်တွေမှာ ဒီလောကကြီးရဲ့အကြောင်း ငါတို့ တိရိစ္ဆာန်တွေအကြောင်းတွေကို ကောင်းကောင်း ဝေဖန်ပိုင်းခြား သိမြင်နိုင်ခဲ့ပြီ။ ငါ ပြောချင်တာကတော့ -
" တိရိစ္ဆာန်သွေးချင်း ရဲဘော်ရဲဘက်တို့ ငါတို့ ဘဝတွေရဲ့ သဘောသဘာဝက ဘယ်လိုများလဲ အမှန်အတိုင်း တွေးကြည့်ကြစမ်းပါ။ သနားစရာကောင်းအောင် ပင်ပင်ပန်းပန်း အလုပ်လုပ်ရပြီး အသက်ကြတော့ တိုကြတယ်။ မွေးကတည်းက အလုပ်လုပ်နိင်ယုံလောက် မသေယုံတမယ်ပဲ ကျွေးမွေးခံရပြီး ရှိသမျှ ခွန်နဲ့အား တစ်စက်ကလေးမကျန် ကုန်တဲ့ထိ အလုပ်လုပ်ကြရတယ်။ ငါတို့ အလုပ်မလုပ်နိုင်တော့ဘူးဟေ့ ဆိုတဲ့တနေ့ ရောက်တာနဲ့ တပြိုင်နက်ထဲပဲ ရက်ရက်စက်စက် သတ်ဖြတ်ခံရတော့တာပဲ။
သက်တမ်း တစ်နှစ်ကို ကျော်လာပြီဟေ့ဆိုတာနဲ့ အင်္ဂလန်မှာရှိတဲ့ ဘယ်တိရိစ္ဆာန်မှ ပျော်ရွှင်ချိန် အားလပ်ချိန်ဆိုတာကို မခံစားရတော့ဘူး။ အင်္ဂလန်မှာ ဘယ်တိရိစ္ဆာန်မှ မလွတ်လပ်ဘူး။ တိရိစ္ဆာန်တစ်ကောင်ရဲ့ ဘဝ တစ်ခုလုံးဟာ ကြေကွဲဝမ်းနည်းဖွယ် အခိုင်းစေခံ ကျွန်သပ်သပ်ပဲ ဆိုတာ ငြင်းမရတဲ့ အမှန်တရားကြီးပဲ။ ဒီလိုဆို စဉ်းစားစရာရှိတာက အဲ့သလို အစေခံ ကျွန်ဖြစ်နေတာကိုက ဒီလောကကြီးရဲ့ ဖြစ်ရိုးဖြစ်ဉ် သဘာဝလားလို့ ထင်စရာရှိတယ်။ ငါတို့ နေနေရတဲ့ ဒီတိုင်းပြည်က အဆင်းရဲကြီး ဆင်းရဲနေလို့များ သက်တောင့်သက်သာ အနေအထားတစ်ခု မဖန်တီးပေးနိုင်တာလားပေါ့။ မဟုတ်ဘူး ရဲဘော်တို့ ။ အကြိမ် ၁၀၀၀ ပြောလည်း မဟုတ်ဘူး။ အင်္ဂလန်ရဲ့ မြေကြီးဟာ မြေဆီဩဇာ အလွန်ကောင်းတယ်၊ ရာသီဥတုကောင်းတယ်၊ လက်ရှိ နေနေတဲ့ တိရိစ္ဆာန်တွေ ထက် အဆများစွာ လာနေကြရင်တောင် အစားအသောက် ကောင်းကောင်း ဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေရှိတယ် ။ လက်ရှိ ငါတို့ နေနေတဲ့ ခြံတစ်ခြံထဲနဲ့တင် မြင်း ၁၂ ကောင်လောက် နွားဆို အကောင် ၂၀၊ သိုး အကောင် ရာချီပြီး မပူမပင်နဲ့ ဂုဏ်သိက္ခာရှိရှိ ကျွေးမွေးထားနိုင်တဲ့ အင်အားရှိပေမယ့် အဲ့ဒီလိုဘဝမျိုး စိတ်ကူးတောင် မယဉ်ရဲတဲ့ ဘဝမျိုး ရောက်နေကြတယ်။ ငါတို့ လုပ်အားနဲ့ ရုန်းကန်လို့ ရလာသမျှ ထုတ်ကုန်တွေကို လူသားတွေကပဲ အကုန်နီးပါး သိမ်းကြုံးယူသွားကြတာကို ဒီလိုပဲ ဆက်သည်းခံနေအုံးမှာလား ? ဒီမှာ ရဲဘော်တို့ ဒါဟာ ငါတို့ အတိဒုက္ခရောက်ရခြင်းတွေ အားလုံးရဲ့ အဖြေပဲ ဖြစ်တယ်၊ အားလုံးကို အရင်းစစ်လိုက်ရင် "လူ" ပဲ ၊ လူတွေသာလျှင် ငါတို့ရဲ့ တစ်ခုတည်းသော ရန်သူစစ်စစ်ဖြစ်တယ်။ "လူ" ဆိုတာကိုသာ ငါတို့ ကမ္ဘာထဲက ဖယ်ထုတ်လိုက်နိုင်တာနဲ့ အစာငတ်ရခြင်းတွေ အလွန်အကျွံ့ အလုပ်လုပ်ရတာတွေရဲ့ အကြောင်းရင်းခံတွေကို တသက်စာ ရိုက်ချိုးဖျက်ဆီးပြီးသား ဖြစ်သွားမှာပဲ။
လူဟာ ကိုယ်တိုင် ဘာမှ မထုတ်လုပ်နိုင်ဘဲ မျိုစို့တဲ့ တစ်ကောင်တည်းသော သတ္တဝါပဲ။ သူ ကိုယ်တိုင် နို့ မထုတ်ပေးနိုင်ဘူး၊ ဥ မ ဥ နိုင်ဘူး ၊ ထွန်တုံးကို ဆွဲဖို့အတွက်ကျတော့လည်း အားရှိတာ မဟုတ်ဘူး ၊ ယုန်ကို ကိုယ်တိုင်ဖမ်းနိုင်လောက်အောင် မပြေးနိုင်ဘူး ဒါတောင် သူက တိရိစ္ဆာန်တွေအားလုံးရဲ့ အရှင်သခင်တဲ့။ အားလုံးကို အလုပ်လုပ်ဖို့ သူက ခိုင်းစေတယ် မငတ်ယုံတမယ်ကျွေးပြီး ကျန်တာ သူအကုန်ယူတယ်။ ဒီမြေကြီးကို ငါတို့ပဲ ထွန်ယှက်ပြုပြင်ရတယ် ငါတို့ မစင်နဲ့ မြေဩဇာကောင်းအောင် ထောက်ပံ့ရတယ် ဒီလောက် လုပ်ရတာတောင်မှ ငါတို့ခြေနှစ်ချောင်း လက်နှစ်ချောင်းနဲ့ ငါတို့ ကိုယ်ပေါ်က အရည်ပြားကလွဲလို့ ငါတို့ဘာများ ပိုင်ဆိုင်ရတာရှိလဲ ။ မင်းတို့ နွားတွေကို ငါ မြင်မိသလောက် ပြောရရင် မနှစ်က တစ်နှစ်လုံး နွားနို့ဂါလန် ဘယ်လောက်တောင် မင်းတို့ ထုတ်လုပ်ပေးခဲ့သလဲ၊ ပြီးတော့ နွားပေါက်ကလေးတွေကို တိုက်ကျွေးရမယ့် အဲ့ဒီ နွားနို့တွေက ငါတို့ ရန်သူတွေရဲ့ လည်မျိုထဲပဲ အကုန်ရောက်ကုန်တာမလား ၊ ပြီးတော့ မင်းတို့ ကြက်မတွေ မနှစ်က ကြက်ဥ ဘယ်နှစ်လုံးတောင် ဥပေးရသလဲ ဘယ်နှစ်ဥများ ကြက်ကလေးတွေ ပေါက်ဖို့ ဝပ်လိုက်ရလို့လဲ ၊ ရှိသမျှ အကုန်ဈေးယူသွားပြီး မစ္စတာ ဂျူန်းစ်နဲ့ သူ့လူတွေအတွက် ငွေဖော်ခံလိုက်ရတာပဲ။ ပြီးတော့ ကလိုဗာ.. ၊ ဘယ်မလဲ မင်းရင်သွေး မြင်းကလေး လေးကောင် မင်း အိုမင်းတဲ့အချိန် ဘေးမှာ သူတို့ ကူညီပေးဖို့ လိုလာမှာ မဟုတ်ဘူးလား ။ ခုတော့ တစ်နှစ်ပြည့်တာနဲ့ ရောင်းစားခံလိုက်ရတာပဲ။ ကိုယ်ဝန်လေးခါ ဆောင်လိုက်ရပြီး မသထာရေစာ ရိက္ခာနဲ့ နေစရာတစ်ခုရှိတာကလွဲလို့ ဘာပြန်ရလိုက်လို့လဲ။
ဒီလောက် ပင်ပန်းဆင်းရဲတဲ့ ဘဝမျိုးနဲ့ ရုန်းကန်နေတာတောင် ငါတို့ဟာ သက်တမ်းစေ့ မနေကြရဘူး။ ဒီနေရာမှာ ငါ့အတွက် ငါပြောတာမဟုတ်ဘူး။ ငါဟာ အတော်ကံကောင်းလို့သာ ၁၂နှစ်ကြာအောင် သက်တမ်းစေ့နေရပြီး ဝက်အကောင် ၄၀၀ လောက်ရဲ့ ဖအေ ဖြစ်ခွင့်ရခဲ့တယ်။ ဒါကမှ တကယ့် ဝက်တွေရဲ့ သက်တမ်းပဲ။ ဒါပေမယ့်လည်း နောက်ဆုံးတနေ့မှာ ဘယ် တိရိစ္ဆာန်မှ သားလှီးဓားရဲ့ ရက်စက်ခြင်းကို လွန်ဆန်နိုင်မှာမဟုတ်ဘူး။ ငါ့ရှေ့မှ ထိုင်နေကြတဲ့ ဝက်ကလေးတွေ နောက် တစ်နှစ်လောက်များနေရင် သားသတ်ရုံမှာ မင်းတို့ အသက်လု အော်ဟစ်နေကြရမှာ သေချာတယ်။ အဲ့သလို အဖြစ်မျိုးကို ငါတို့အားလုံးလည်း ကြုံကြရမှာပဲ။ နွား ၊ ဝက် ၊ ကြက် နဲ့ သိုးတွေ အားလုံးပဲ။ နောက်ဆုံး မြင်းနဲ့ ခွေးတွေတောင် မလွတ်ဘူး။ ဘောက်ဆာ မင်းသာ မင်းရဲ့ ခွန်အားတွေ မရှိတော့ရင် မစ္စတာ ဂျူန်းစ်က မင်းကို သားသတ်တဲ့လူဆီ ပို့လိုက်မှာပဲ ဟိုမှာ မင်းကို ခုတ်ထစ်ကြိုချက်ပြီး အမဲလိုက်ခွေးတွေကို ပြန်ကျွေးလိုက်ကြမှာ။ ခွေးတွေလည်း အတူတူပဲ သွားတွေကျိုး အိုမင်းလာရင် မစ္စတာ ဂျူန်းစ်က လည်ပင်းမှာ အုတ်ခဲချီပြီး နီးစပ်ရာ ရေအိုင်ထဲ ပစ်ချနှစ်သတ်လိုက်တာပဲ။
ဒီလောက်ဆို အရမ်းကို မြင်သာနေပြီမလား ? ငါတို့ ဘဝတွေ ခုလို ရုတ်ပျက်ဆင်းပျက်ဖြစ်နေတာ လူတွေရဲ့ မတရားဖိနှိပ်မူကြောင့် မဟုတ်လား ? လူတွေကို ရှင်းထုတ်နိုင်မှပဲ ငါတို့ ထုတ်လုပ်သမျှ ငါတို့ ပိုင်ဆိုင်ရမှာပဲ။ ဒီလိုသာဆို မနက်ဖြန်သဘက်ခါပဲ ငါတို့ လွတ်လပ်ပြီး ချမ်းသာလာနိုင်တယ်။ ဒါဆို ငါတို့ ဘာလုပ်မလဲ ? နေ့ ည မပြတ် စိတ်ရော ကိုယ်ရောနှစ်ပြီး ဒီလူသားမျိုးနွယ်ကို အမြစ်ဖြုတ်ဖယ်ရှားဖို့ လုပ်ကြရမယ်။ တော်လှန် ပုန်ကန်ထကြွကြမယ်။ ဘယ်အချိန် ဒီတော်လှန်ရေး စနိုင်မလဲ ငါမသိဘူး။ တပတ်အတွင်းလည်း ဖြစ်နိုင်သလို နှစ်ပေါင်း ၁၀၀လည်း ကြာချင်ကြာမယ်။ ဒါပေမယ့် ငါ သေချာပေါက် ပြောနိုင်တာက ခု ငါ့ခြေထောက်အောက်က ကောက်ရိုးတွေကို ရှင်းရှင်းလင်းလင်း မြင်ရသလိုပဲ တရားမျှတမူဟာ တစ်ချိန်မဟုတ်တစ်ချိန် သေချာပေါက် ရောက်လာမယ်ဆိုတာ ငါ မြင်နေရတယ်။ မင်းတို့ ရဲ့ မကြာလှတဲ့ ဘဝသက်တမ်းအတွင်းမှာ အဲ့ဒီအရေးကို မြဲမြဲမြံမြံ နှလုံးသွင်းထားကြ ရဲဘော်တို့ ။ အရေးကြီးဆုံးက ငါ အခုပြောခဲ့သမျှကို မင်းတို့ရဲ့ နောက်မျိုးဆက်ကိုပါ လက်ဆင့်ကမ်းကြ။ ဒါမှ ငါတို့ တော်လှန်ရေးကြီး အောင်မြင်တဲ့အထိ နောက် မျိုးဆက်တွေက ရုန်းကန်ကြမှာ။ နောက်ပြီး မှတ်ထားကြ ရဲဘော်တို့ ၊ မင်းတို့ရဲ့ ရည်မှန်းချက်တွေကို ဘယ်လို စောဒကတက် အငြင်းပွားမူမျိုး ရှိလာပါစေ မယိမ်းယိုင်စေနဲ့။ တစ်စုံတစ်ယောက်ကများ လူနဲ့ တိရိစ္ဆာန်တွေကြား ဘုံအကျိုးစီးပွားရှိတယ် အပြန်အလှန် အကျိုးကျေးဇူးပြုနေတာလို့ လာပြောရင် မယုံလေနဲ့။ အဲ့ဒါတွေ အားလုံးဟာ အလိမ်အညာတွေပဲ။ လူ သတ္တဝါဟာ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ အမျိုး။ ငါတို့ တိရိစ္ဆာန်တွေကြားမှာ ပြည့်စုံတဲ့ ညီညွတ်မူရှိပါစေ ၊ ရဲဘော်ရဲဘက်စိတ် ရှိပါစေ။ လူ သတ္တဝါ အားလုံးဟာ ရန်သူတွေ ဖြစ်တယ်။ တိရိစ္ဆာန်တွေ အားလုံးဟာ ရဲဘော်ရဲဘက်တွေ ဖြစ်တယ် " လို့ မိန့်ခွန်းရှည်ကြီးကို ပြောလိုက်ပါတယ်။
အဲ့ဒီလို ပြောလိုက်တဲ့ အခိုက်အတန့်မှာပဲ ကြုံးဝါးသံတွေ အကြီးအကျယ် ထွက်ပေါ်လာပါတော့တယ်။ အိုးမေဂျာ ပြောနေတာကို မြေကြွက်ကြီး လေးကောင်ကလည်း သူတို့တွင်း အပေါက်ဝနားမှာ ထိုင်ပြီး နားထောင်နေကြပါတယ်။ ခွေးတွေက ဒါကို သတိထားမိသွားတဲ့အခါ ပြေးလိုက်တော့တာပေါ့။ ကြွက်တွေကလည်း သူတို့ သေဘေးကလွတ်ဖို့ တွင်းထဲ အမြန် ပြန်ဝင်သွားပါတော့တယ်။ အိုးမေဂျာက သူ့ လက်တစ်ဖက်ကို မြှောက်ပြီး အားလုံး ငြိမ်ဖို့ အချက်ပြလိုက်ပါတယ်။
" ရဲဘော်တို့ ခု ငါတို့ ကိစ္စတစ်ခု ဖြေရှင်းစရာရှိနေတယ်။ ကြွက်တွေ ယုန်တွေလို အရိုင်းသတ္တဝါတွေကို ငါတို့ မိတ်ဆွေလို့ သတ်မှတ်မလား ရန်သူလို့ သတ်မှတ်မလား ? ငါတို့ မဲခွဲကြရအောင်။ ဒီ အစည်းအဝေးမှာ ငါ အဲ့ဒါကို အကြံပြုချင်တယ်။ ကြွက်တွေဟာ ငါတို့ရန်သူလား ?
မဲခွဲတာကို ချက်ခြင်းလုပ်လိုက်ကြတယ်။ တိရိစ္ဆာန်တွေ အားလုံးနီးပါးကတော့ ကြွက်တွေဟာ မိတ်ဆွေတွေပါလို့ မဲပေးကြတယ်။ ရန်သူ ဆိုတဲ့ မဲတော့ လေးမဲရှိတယ်။ ခွေးသုံးကောင်နဲ့ ကြောင်တစ်ကောင်ဆီကပေါ့ ။ နောက်မှ ပြန်သိရတာတော့ သူတို့က နှစ်ဖက်စလုံးမှာ မဲပေးခဲ့တယ်ဆိုတာပါပဲ။ အိုးမေဂျာက စကားဆက်ပြောပါတယ်။
" ငါ့မှာ စကားနည်းနည်း ထပ်ပြောစရာရှိသေးတယ်၊ ထပ်ပြောပါအုံးမယ်။ လူသတ္တဝါတွေကို ဆန့်ကျင်တော်လှန်ရမယ် ဆိုတဲ့ တာဝန်ကို အမြဲတမ်းသတိရပါ။ ဘာဖြစ်နေနေ ခြေနှစ်ချောင်း သတ္တဝါဟာ ရန်သူ ။ဘာဖြစ်နေနေ ခြေလေးချောင်း ဒါမှမဟုတ် တောင်ပံတွေ ရှိတဲ့ သတ္တဝါတွေဟာ မိတ်ဆွေတွေ။ နောက်တစ်ချက်က လူ သတ္တဝါတွေနဲ့ ဆန့်ကျင်တိုက်ခိုက်နေချိန်မှာ သူတို့နဲ့ တူတဲ့ အမူအကျင့်မျိုး ဘယ်တော့မှ မကူးစက်စေဖို့ပဲ။ နောက်ဆုံး သူတို့ကို အနိုင်ယူပြီးတဲ့ နောက်မှာလည်း သူတို့ ပုံစံ မကူးချကြနဲ့။ ဘယ် တိရိစ္ဆာန်မှ အိမ်ထဲမှာ မနေနဲ့ ၊ အိပ်ယာနဲ့ မအိပ်နဲ့ အဝတ်အထည်တွေ မဝတ်နဲ့ အရက်မသောက်နဲ့ ဆေးပြင်းလိပ် မဖွာနဲ့ ပိုက်ဆံကို မထိနဲ့ မကိုင်နဲ့ အရောင်းအဝယ်တွေ မလုပ်နဲ့ ။ ဒီ လူ သတ္တဝါတွေရဲ့ အကျင့်က ဆိုးရွားတယ်။ အားလုံးထက် ပိုအရေးကြီးတာက ဘယ် တိရိစ္ဆာန်ကမှ ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေအပေါ်မှာ အနိုင်ကျင့် ဗိုလ်ကျတာမျိုး မလုပ်နဲ့။ အားနည်းသည်ဖြစ်စေ သန်မာသည်ဖြစ်စေ၊ တော်တဲ့သူ ဖြစ်ဖြစ် ရိုးအတဲ့သူ ဖြစ်ဖြစ် ငါတို့ အကုန်လုံးက ညီရင်းအစ်ကိုတွေပဲ ။ ဘယ် တိရိစ္ဆာန်မှ တခြား တိရိစ္ဆာန်တစ်ကောင်ကို မသတ်ဖြတ်ရ။ အားလုံးဟာ ညီတူမျှတူပဲ ။
ကဲ ခု မနေ့ညက ငါ့ အိမ်မက်အကြောင်း ပြောကြစို့ ငါ တိတိပပတော့ မရှင်းပြတတ်ပေမယ့် လူ သတ္တဝါတွေ မပါတဲ့ ကမ္ဘာအကြောင်းလို့ ပြောရမှာပေါ့။ အဲ့ဒီ အိမ်မက်မက်တော့ ငါ အတော်ကြာကြာကတည်းက မေ့လျော့နေတဲ့ အကြောင်းအရာကို ပြန်သတိရလာစေတယ်။ ငါ့ ကလေးဘဝက ငါ့မိခင်နဲ့ တခြား ဝက်ပျိုမတွေ ဆိုကြတဲ့ သီချင်းဟောင်းတစ်ပုဒ်ပေါ့။ သူတို့ သိတာတော့ ပထမ စာလုံး သုံးလောက်လောက်နဲ့ သံစဉ်အလိုက်လောက်ပါပဲ ။ ငါ လသားအရွယ်က စလို့ အဲ့ဒီ့ သံစဉ်တွေနဲ့ ရင်းနှီးခဲ့ပေမယ့် ဉီးနှောက်ထဲ ပေါ်မလာတော့တာ တော်တော်ကြာပီကွ။ မနေ့ညကစပြီး ဘယ်လိုဖြစ်တယ်မသိဘူး ခေါင်းထဲကို သံစဉ်တင်မကဘဲ စာသားတွေပါ ပြန်ရောက်လာတယ် သေချာပြောနိုင်တာက ဒီသီချင်းဟာ ငါတို့ တိရိစ္ဆာန်တွေ ရှေးယခင်ကတည်းက သီဆိုခဲ့ကြပြီး မျိုးဆက်များစွာကြာအောင် တိမ်မြုပ်နေခဲ့တဲ့ သီချင်းဆိုတာပဲ ။ ရဲဘော်တို့ကို ငါ အခု ဆိုပြမယ်၊ ငါ သံစဉ်အလိုက်လေး သင်ပေးပြီးရင်တော့ မင်းတို့ ကိုယ့်သဘောနဲ့ကိုယ် ဆိုနိုင်ကြပြီပေါ့ ။ သီချင်း နာမည်က " အင်္ဂလန်ပြည်က တိရိစ္ဆာန်ကြီးများ" တဲ့ ။
ဝက်သိုးဖြူကြီး အိုးမေဂျာက လည်ချောင်းကို တစ်ချက်ရှင်းထုတ်လိုက်ပီး သီချင်းကို စ ဆိုပါတယ်။ အသံက ကြမ်းရှရှနဲ့ တုန်ခါနေပေမယ့် ထင်သလောက် မဆိုးအောင် ဆိုပြနိုင်လိုက်ပါတယ်။ သီချင်းက အမေရိကန် ဒါမှမဟုတ် မက္ကဆီကန် ကျေးလက်သီချင်း နှစ်မျိုးကြားက စတိုင်မျိုးပါ.. သီချင်းကတော့
" အင်္ဂလန်က တိရိစ္ဆာန်ကြီးတွေ၊
အိုင်ယာလန်က ကောင်ကြီးတွေ
နေရာစုံက တို့ကောင်တွေ
ရှေ့လာမယ့် အချိန်အခါကောင်းအတွက်...
ငါ့ဆီက သတင်းကောင်းကို နားထောင်ကြလေ..
မကြာ မတင် လာတော့မလေ..
လူ သတ္တဝါတွေ ပျက်သုဉ်းတော့မယ့် အကြောင်းဟေ့..
မြေဆီကြွယ်ဝ အင်္ဂလန်ပြည်က မြေကြီးတွေပေါ်
တို့ချည်းသပ်သပ် လျှောက်ဖို့ရာလေ..
တို့နှာပေါက်က နှာဖားကွင်းတွေ ပြုတ်ထွက်ပီလေ..
တို့ကျောပေါ်က စွပ်ကွင်းချည်ကြိုးတွေ ပြတ်ထွက်ပီလေ.
တို့ ကိုယ်ပေါ်က သံ သတ္တုတွေ သံချေးတက် လွှင့်ပြယ်ပီလေ
ရက်စက်တဲ့ ကြာပွတ်သံလည်း ပျောက်ကွယ်ပီလေ..
မထင်ထားတဲ့ ကြွယ်ဝမူ အခြေ
ဂျူံ စပါး နဲ့ ကောက်ရိုးတွေ ပင်ရွက်နု နဲ့ ပဲသီး ဥတွေ
တို့ချဉ်းသပ်သပ် ရဖို့ဟာပေ..
အင်္ဂလန်မြေ ရောင်နီဖြာဖို့လေ..
ပို သန့်ရှင်းတဲ့ ရေ.. ပို ချိုမြတဲ့ လေ
ငါတို့ လွတ်လပ်ဖို့အရေး... ကြိုးစားကြရမှာလေ..
အကြောင်းကြောင်းကြောင့် သေသိတိုင်ပေ
နွားတို့ မြင်းတို့ ငန်းတို့ ကြက်ဆင်တို့ရေ..
လွတ်လပ်ဖို့အရေး အားစိုက်ကြရမယ်လေ..
အင်္ဂလန်က တိရိစ္ဆာန်ကြီးတွေ၊
အိုင်ယာလန်က ကောင်ကြီးတွေ
နေရာစုံက တို့ကောင်တွေ
ရွှေရောင်သန်းမယ့် အချိန်အခါကောင်းအတွက်...
ဒီ သတင်းကောင်းကို ပါးကြဟေ့.... "
သီချင်းဆိုသံဟာ တိရိစ္ဆာန်တွေ အကုန်လုံးကို မီးကုန်ယမ်းကုန် စိတ်လှုပ်ရှားတက်ကြွစေခဲ့ပါတယ်။ အိုးမေဂျာကြီး ဆိုလို့ မပြီးခင်မှာပဲ သူတို့ဘာသာ သူတို့ စ ဆိုနေကြပီ။ သူတို့ထဲမှာ အဖြင်းဆုံး ဖြစ်မယ့် အကောင်တောင်မှ တစ်ကြောင်းစ နှစ်ကြောင်းစ စ ဆိုနေပီဆိုတော့ ဉာဏ်ရည်ထက်တဲ့ ခွေးတွေ ဝက်တွေက ခဏအကြာမှာပဲ တစ်ပုဒ်လုံးကို အလွတ်ရသွားကြပါပီ။ နည်းနည်းပါးပါး အစမ်းဆိုပြီးတဲ့ အခါမှာတော့ သံပြိုင်သီဆိုလိုက်တဲ့
" အင်္ဂလန်က တိရိစ္ဆာန်ကြီးများ" သီချင်းဟာ ဘက်စုံမွေးမြူရေး ခြံကျယ်ကြီးထဲကနေ ကျယ်လောင်စွာ ပေါက်ကွဲထွက်လာပါတော့တယ်။ နွား ကတစ်မျိုး ခွေးက တစ်ဖုံ မြင်းတွေ ဘဲတွေပါမကျန် သူ့နည်းသူ့ဟန်နဲ့ သံကုန်ဟစ်လိုက်ကြတာ ငါးခေါက်ဆက်တိုက်တောင် ဆိုလိုက်ကြပါလေရော။ တကယ်လို့များသာ တားမယ့်လူ မရှိရင် တစ်ညလုံးပေါက် ဆိုနေမယ့် သဘောရှိနေလေရဲ့။
ကံ မကောင်းစွာပဲ သူတို့ သီချင်းသံကြီးက မစ္စတာ ဂျူန်းစ်ကို လန့်နှိုးစေခဲ့ပါတယ်။ ခြံထဲကို မြေခွေးဝင်ပြီ အထင်နဲ့ သူ့အိပ်ခန်းထောင့်မှာ အမြဲထောင်ထားတဲ့ သေနတ်ကို ဆွဲယူပြီး အမှောင်ထဲကို သေနတ် ၆ ချက်လောက် ပစ်ဖောက်လိုက်ပါလေရော။ တချို့ကျည်တွေက တိရိစ္ဆာန်တွေ အစည်းအဝေးလုပ်ရာ အဆောက်အဦး နံရံကို လာမှန်တဲ့ အခါမှာတော့ အကုန်လုံး ဝရုန်းသုန်းကားနဲ့ ဖြစ်ကုန်ကြတော့တာပါ။ တိရိစ္ဆာန်တွေအကုန်လုံး ကိုယ်အိပ်တဲ့ နေရာကို ခပ်သွက်သွက် ပြန်ပြေးကုန်ကြပါတယ်။ ငှက်တွေကလည်း သူတို့ အိပ်တန်းဆီ တချို့ကလည်း ကောက်ရိုးခင်းတွေဆီ ပြန်ကြပြီး သိပ်မကြာခင်ပဲ အကုန် အိပ်မောကြသွားကြပါပြီ။ ........
အခန်း (၂)
----------
သုံးရက်အကြာမှာတော့ အိုးမေဂျာ ဟာ အိပ်ပျော်နေစဉ်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားပါတယ်။ သူ့ကို သစ်ပင်တန်းတစ်ခုရဲ့ အောက်ခြေ တစ်နေရာမှာ မြုပ်နှံလိုက်ပါတယ်။
အချိန်က မတ်လရဲ့ အစောပိုင်းကာလပဲ ရှိပါသေးတယ်။ ခုကစလို့ နောက် ၃ လလောက်ထိ တိတ်တဆိတ် လျှို့ဝှက်လှုပ်ရှားမူတွေ ရှိလာတော့မှာပါ။ အိုးမေဂျာရဲ့ မိန့်ခွန်းဟာ ဉာဏ်ရည် အထိုက်အလျောက်ရှိတဲ့ တိရိစ္ဆာန်တွေအတွက် လောကကြီးကို အမြင်သစ်နဲ့ ရူမြင်နိုင်ဖို့ ဖြစ်လာခဲ့ပါပြီ။ အိုးမေဂျာ ပြောခဲ့တဲ့ တော်လှန်ထကြွမူကြီး ဘယ်ချိန်လောက် ဖြစ်လာမလဲဆိုတာတော့ သူတို့ မမှန်းတတ်သလို သူတို့သက်တမ်းအတွင်းမှာလည်း ဖြစ်လာနိုင်လောက်တယ်လို့ မတွေးထားကြပါဘူး။ သို့ပေမယ့်လည်း ဒီ တော်လှန် ထကြွမူကြီးအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြဖို့တော့ သူတို့ တာဝန်ဆိုတာ သိထားကြပါပြီ။ တခြား တိရိစ္ဆာန်တွေကို ပညာပေးတဲ့အလုပ် စည်းရုံးစုဖွဲ့တဲ့ အလုပ်တွေကိုလုပ်ဖို့က တိရိစ္ဆာန်တွေထဲမှာ ဉာဏ်ရည် အမြင့်ဆုံးလို့ လက်ခံထားကြတဲ့ ဝက်တွေရဲ့ တာဝန်တစ်ခု အလိုအလျောက် ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီ ဝက်တွေထဲကမှ ပိုပြီး ထူးခြားချွန်ထွက်နေတာကတော့ နပိုလီယံနဲ့ စနိုးဘော ဆိုတဲ့ ဝက်ပျိုနှစ်ကောင်ပါ။ သူတို့ကို မစ္စတာ ဂျူန်းစ်က အချိန်တန်ရင် ရောင်းစားဖို့ စဉ်းစားထားပြီသား။ နပိုလီယံက အကောင်ခပ်ကြီးကြီး ဘက်ရှိုင်းယား ဝက်သိုးမျိုးပါ ၊ စကားပြောနည်းသလောက် သူဖြစ်ချင်တဲ့ ကိစ္စမှန်သမျှ သူ့နည်းသူ့ဟန်နဲ့ မရရအောင် ကြံဖန်တတ်သူ။ စနိုးဘောကတော့ နပိုလီယံထက်စာရင် ပိုပြီး တက်ကြွ စကားရည်လည်အောင် ပြောတတ်သူပါ ကြံတတ်ဖန်တတ်တဲ့ အရည်အချင်းရှိပေမယ့် နပိုလီယံလောက်တော့ မပါးနပ်လှပါဘူး။ တခြား ဝက်တွေကတော့ အသားထုတ်ဖို့ မွေးမြူထားတဲ့ ဝက်ပေါက်စတွေနဲ့ ဝက်ပျိုတွေပါပဲ။ အဲ့ဒီထဲမှာ ခပ် ဝဝနဲ့ စကွီလာ ဆိုတဲ့ ဝက်ကတော့ နာမည်ကြီးပဲ။ ပါးဖောင်းဖောင်း၊ မျက်လုံးအရောင် တောက်တောက်နဲ့၊ သွားတာလာတာက ခပ်သွက်သွက် စကားပြောရင်လည်း အသံက ပြတ်သားစူးရှနေတာမျိုး။ စကွီလာက တကယ် စကားပြောကောင်းတဲ့ ဝက်ပါပဲ တခါတစ်လေ အကြီးအကျယ် ခက်ခက်ခဲခဲ ငြင်းခုန်စရာ အကြောင်းပေါ်လာရင်တောင် သူ့အမြီးကို ဟိုဘက်ယမ်း ဒီဘက်ယမ်းနဲ့ အာရုံပြောင်း စွဲဆောင်ပြီး လိုတာရအောင် ပြောဆိုနိုင်စွမ်းရှိပါတယ်။ တခြားသူတွေ ပြောကြတာကတော့ စကွီလာက အမဲ ကို အဖြူဖြစ်အောင် ပြောနိုင်တဲ့သူပါတဲ့။
ဒီ ဝက်သုံးကောင်ကတော့ အိုးမေဂျာ ပြောခဲ့သမျှကို သာမန်အဆင့်တစ်ခုထက် ပိုပြီး စနစ်တကျ တွေးတောနိုင်တဲ့အဆင့်
"တိရိစ္ဆာန်ဝါဒ"လို့ သူတို့ ကိုယ်တိုင် အမည်ပေးထားတဲ့ ဝါဒတစ်ခုကို စိတ်ကူးပုံဖော်တဲ့ အနေအထားထိ ရောက်သွားခဲ့ပါပြီ။ မစ္စတာ ဂျူန်းစ် အိပ်ပြီဆိုတာနဲ့ ၇ ရက်တစ်ပတ်မှာ အကြိမ်တော်တော်များများ တခြား တိရိစ္ဆာန်တွေကို ဒီ ဝါဒနဲ့ ပတ်သတ်ပြီး ရှင်းလင်း သင်ကြားတာတွေ လုပ်နေပါပြီ။ အစပိုင်းမှာတော့ တော်တော်လေးကို စိတ်ပျက်စရာကောင်းအောင် တုံးအပြီး စိတ်မပါတပါ ဖြစ်နေတဲ့ တိရိစ္ဆာန်တွေကို အာပေါက်မတတ် ရှင်းပြရတာမျိုးပါ။ တချို့ တိရိစ္ဆာန်တွေက မစ္စတာ ဂျူန်းစ် အပေါ်မှာ သံယောဇဉ်မပြတ်တဲ့ သဘောမျိုး ကလေးကလား အတွေးနဲ့ ပြန်မေးခွန်းထုတ်တတ်ပါသေးတယ်။
" ငါတို့ကို မစ္စတာ ဂျူန်းစ်က အစာရည်စာ ကျွေးနေတာ သူ မရှိရင် ငါတို့ ငတ်သေကုန်မှာပေါ့" ဆိုတာမျိုး ၊ " ငါတို့ သေပြီးမှ ပေါ်လာမယ့် တော်လှန်ရေးကြီးကို ငါတို့က ဘာလို့ ဂရုစိုက်နေရမှာလဲ " ဆိုတာမျိုး၊ "တကယ်လို့ တော်လှန်ရေးက တနေ့မဟုတ် တနေ့ပေါ်လာမှာပဲဆို ငါတို့ ဝင်မလုပ်လည်း ရတာပဲ မဟုတ်လား " ဆိုတာမျိုး ပြောကြတာပေါ့။ ဝက်တွေခင်မျာ အဲ့ဒီလို အပြောအဆိုတွေဟာ တိရိစ္ဆာန်ဝါဒနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာ သိအောင်ရှင်းပြဖို့အရေး ခက်ခက်ခဲခဲ ကြိုးစားနေကြရတယ်။ အဓိပ္ပာယ်မရှိဆုံး မေးခွန်းကို မေးတာကတော့ မြင်းမလေး မိုလီပေါ့။ " တော်လှန်ရေးကြီး ပြီးသွားရင်ရော သကြားတွေ ရှိအုံးမှာလားတဲ့ " ။
" မရှိတော့ဘူး"
စနိုးဘောက ခပ်မာမာ ပြန်ပြောတယ်။ ထပ်ပြီးပြောတာက " ငါတို့ ဒီခြံကြီးထဲမှာ သကြားထုတ်စရာ အကြောင်းမရှိတော့ဘူး နောက်ပြီး နင်လည်း သကြားလိုမှာမဟုတ်ဘူး နင် စားချင်သလောက် ကောက်ရိုးနဲ့ ဂျူံတွေ ရှိနေမှာပဲ" ။
" ငါ့ လည်ဆန်မွှေးတွေမှာ တပ်ဖို့ ဖဲကြိုးတွေရော " မိုလီ က ထပ် အထွန့်တက်တယ်။ စနိုးဘောက " ရဲဘော် မင်း ဒီလောက် စွဲလမ်းနေတဲ့ ဖဲကြိုးဆိုတဲ့ အရာဟာ အခိုင်းစေခံ ကျွန်တွေရဲ့ အမှတ်တံဆိပ်ဖြစ်တယ် ၊ လွတ်လပ်ခြင်းက ဒီ ဖဲကြိုးတွေထက် ပို အဖိုးတန်တယ်ဆိုတာ နားမလည်ဘူးလား " လို့ ပြန်ပြောလိုက်တယ်။ မိုလီက သဘောတူပေမယ့် သိပ်တော့ ကျေနပ်ပုံမပေါ်ဘူး။
ဝက်တွေဟာ မစ္စတာ ဂျူန်း မွေးထားတဲ့ ကျီးကန်းကြီး မိုးစက် ပေါက်ကရ လျှောက်ပြောထားတာတွေကို တခြား တိရစ္ဆာန်တွေ မယုံဖို့လည်း အသည်းအသန် ကြိုးစားနေကြရသေးတယ်။ မိုးစက်က တကယ့် သူလျှိုပဲ ၊ သတင်းစကားသယ်တာ ပို့တာ လုပ်တဲ့အပြင် စကားပြော ပုံပြောတာလည်း အတော် လိမ္မာပါးနပ်သေးတယ်။ သူပြောတာက တိရိစ္ဆာန်တွေ သေရင်ရောက်မယ့် သကြားတောင်တန်းလို့ ခေါ်တဲ့ လျှိုဝှက်နိုင်ငံကြီးတစ်ခု ကောင်းကင်ရဲ့ တစ်နေရာမှာ ရှိတယ်ဆိုတဲ့အကြောင်းပါ။ တိမ်တွေရဲ့ အပေါ်နား ကျကျမှာလို့ မိုးစက်က ပြောတယ်။ အဲ့ဒီ သကြားတောင်တန်း နိုင်ငံကြီးမှာ ၇ ရက်စလုံးက တနင်္ဂနွေနေ့ချည်းပဲတဲ့။ စည်းရိုးတန်းတွေကနေလည်း တစ်နှစ်ပတ်လုံး ပင်မြက်နုတွေ သကြားခဲတွေ ကိတ်မုန့်တွေ ထုတ်ပေးနေတာမျိုးတဲ့။ တိရိစ္ဆာန်တွေက မိုးစက်ကို ဟိုဟိုဒီဒီ ပုံပြင်တွေသာ ပြောပြီး အလုပ်မလုပ်လို့ မုန်းကြပေမယ့် သူပြောတဲ့ သကြားတောင်တန်း နိုင်ငံကြီးရှိတယ်ဆိုတာ ယုံကြပြန်တော့ ဝက်တွေခင်မျာ အဲ့ဒီလိုနေရာမရှိကြောင်း မနည်း လိုက်ရှင်းပြနေရပါတယ်။
ဒီ ဝက်တွေကို အင်မတန် ယုံကြည်ကိုးစားတဲ့ တပည့်သာဝက နှစ်ကောင်ကတော့ ဘောက်ဆာနဲ့ ကလိုဗာ ဆိုတဲ့ မြင်းနှစ်ကောင်ပဲ။ သူတို့မှာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်း အင်မတန် အားနည်းတဲ့အတွက် ဝက်တွေကို သူတို့ရဲ့ ဆရာတွေလို့ သတ်မှတ်လိုက်ကတည်းက ပြောသမျှ သင်သမျှ အကုန်ခေါင်းထဲ အသေမှတ်ထားလိုက်တော့တာပဲ ။ လျှို့ဝှက်အစည်းအဝေး မှန်သမျှလည်း မပျက်မကွက်တက်တဲ့အပြင် အစည်းအဝေး အဆုံးမှာ ဆိုကြတဲ့ " အင်္ဂလန်က တိရိစ္ဆာန်ကြီးများ"
သီချင်းဆိုကြရင်လည်း ထိပ်ဆုံးက ။
ခုတော့ တော်လှန်ထကြွမူ လုပ်ငန်းစဉ်ကြီးက ထင်ထားတာထက် ပိုစောပြီး အကောင်အထည်ပေါ်လာနေသလို ပိုလည်း လွယ်နေသလိုပဲ။ မစ္စတာ ဂျူန်းစ်ဟာ အရမ်းဆိုးတဲ့ သခင်ဆိုပေမယ့် တကယ် အလုပ်လုပ်နိင်တဲ့ လယ်သမားကြီးပါ။ မနှစ်လောက်က စပြီး သူ့ဆီကို ကံဆိုးမိုးမှောင်ကျတဲ့ ရက်တွေရောက်လာတာပေါ့။ တရားတဘောင်တစ်ခုမှာ ရှုံးတော့ ငွေကုန်ကြေးကျ များသွားကတည်းက စိတ်ဓာတ်ကျသွားပြီး ယမကာကို ထိုက်သင့်တာထက် ပိုသောက်နေတော့တာ။ တနေ့လုံးနီးပါး မီးဖိုချောင်ထဲက ထိုင်ခုံမှာ ထိုင်ပြီး သတင်းစာဖတ်တယ်၊ အရက်သောက်တယ်၊ တခါတလေ ပေါင်မုန့်ကြမ်းကို ဘီယာထဲနှစ်ပြီး မိုးစက်ကို ကျွေးတယ်။ သူ့လူတွေကလည်း မရိုးမသားနဲ့ ပျင်းတိပျင်းရွဲ မလှုပ်မယှက်တွေ။ ခြံတစ်ခုလုံး ပေါင်းမြက်တွေ ထလို့ ခြုံပုတ်တွေကိုလည်း မရှင်းလင်း တိရိစ္ဆာန်တွေကိုလည်း အစာကျွေး ပျက်ကွက်တဲ့ ရက်တွေရှိလာတယ်။
ဇွန်လရောက်ခဲ့ပြီ ။ ကောက်လှိုင်းတွေက ရိတ်ရတော့မယ်။ မစ္စတာ ဂျူန်းစ်တစ်ယောက် စနေနေ့ကတည်းက ဝယ်လင်တန်အရပ်က ရက်လိုင်းယွန်း ဘုံဆိုင်ကို ကြွသွားလိုက်တာ တနင်္ဂနွေနေ့လည်ထိ ပြန်ရောက်မလာ။ သူ့လူတွေကတော့ မနက်စောစောကတည်းက နွားတွေကို နို့ညှစ်ပြီး တခြား တိရိစ္ဆာန်တွေကို အစာကျွေးမသွားဘဲ ယုန် ပစ်ထွက်သွားကြပြီ။ မစ္စတာ ဂျူန်းစ်က ပြန်ရောက်လာပြန်တော့လည်း ရောက်ရောက်ချင်း အခန်းတစ်ခုထဲက ဆိုဖာပေါ်မှာ ထိုင်လျက်သား သတင်းစာကို မျက်နှာပေါ်ဖုံးရင်းတန်းလန်း အိပ်ပျော်သွားတော့တာ ညနေရောက်တဲ့ထိ တိရိစ္ဆာန်တွေက ဘာမှ မစားရသေးဘူး။ နောက်ဆုံးတော့ သူတို့ သည်းမခံနိုင်ကြတော့ပါဘူး။ အစာထားတဲ့ အခန်းကို နွားက ဂျိုစောင်းနဲ့ တိုက်ဖွင့်ပြီးတဲ့နောက်တော့ တိရိစ္ဆာန်တွေအကုန်လုံး ရှိသမျှ အစာတွေကို တိုးဝှေ့ စားသောက်နေကြပါတော့တယ်။ ဒီတော့မှပဲ မစ္စတာ ဂျူန်းစ်တစ်ယောက် နိုးလာတာပါ။ မစ္စတာ ဂျူန်းစ်နဲ့ သူ့လူ လေးယောက်ဟာ ကြာပွတ်တွေကိုင် အခန်းထဲကို ဝင်လာပြီး တွေ့သမျှ တိရိစ္ဆာန်တွေကို ထင်သလို ရိုက်နှက်ပါတော့တယ်။ ဒီတချီမှာတော့ သည်းခံနိုင်တာထက် ကျော်လွန်သွားပြီဖြစ်လို့ တိရိစ္ဆာန်တွေဟာ တိုင်ပင်မထားရဘဲ သူတို့ကို နှိပ်စက်ကလူ ပြုနေတဲ့ လူတွေကို တညီတညွတ်တည်း တုန့်ပြန်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါပြီ။ မစ္စတာ ဂျူန်းစ်နဲ့ သူ့လူတွေဟာ မထင်မှတ်ဘဲ နေရာပေါင်းစုံကနေ ကန်ကြောက် တွန်းထိုးတာ ခံလိုက်ရပြီးတဲ့နောက် အခြေအနေက သူတို့ ထိန်းသိမ်းနိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။ လူတွေဟာ တိရိစ္ဆာန်တွေ ဒီလိုတုန့်ပြန်တာကို မမြင်ဖူးမကြုံဖူးကြပါ။ ဒီတစ်ချီမှာ ယခင် သူတို့ ပြုသမျှ နုခဲ့ကြရတဲ့ တိရိစ္ဆာန်တွေရဲ့ တော်လှန်တုန့်ပြန်မူကြီးကို မထင်မှတ်ပဲ တွေ့လိုက်ရတော့ လိပ်ပြာလွှင့်မတတ် ကြောက်ရွံ့ထိန့်လန့် သွားကြပါပြီ။ တခဏလောက်ပဲ ကိုယ့်ကိုကိုယ် ပြန်ကာကွယ်ဖို့ ကြိုးစားပြီးနောက်တော့ ဖနောင့်နဲ့ တင်ပါး တသားထဲကျအောင် ထွက်ပြေးသွားကြပါတော့တယ်။ မကြာမတင်မှာပဲ လှည်းလမ်းကတဆင့် ပင်မလမ်းပေါ်ရောက်အောင် အသည်းအသန် ပြေးနေကျတဲ့ မစ္စတာ ဂျူန်းစ်အပါ လူ ငါးယောက်ကို အောင်ပွဲရ တိရိစ္ဆာန်တွေက နောက်က ပြန်လိုက်နေတဲ့ အနေအထား ဖြစ်သွားခဲ့ပါပြီ။
အိပ်ခန်းတံခါးကနေ အဖြစ်အပျက်တွေကို ကြည့်နေတဲ့ မစ္စစ်ဂျူန်းစ် တစ်ယောက်လည်း အခြေအနေတွေ ရိပ်စားမိတဲ့အခိုက် သယ်လို့ရသမျှ ပိုင်ဆိုင်မူလေးတွေ အိတ်ထဲ သွပ်ထည့်လို့ ခြံအပြင်ကို တခြားလမ်းကနေ ထွက်ပြေးသွားခဲ့ပါပြီ။ မစ္စတာဂျူန်းစ်ရဲ့ သစ္စာတော်ခံ ကျီးကန်းကြီး မိုးစက်လည်း သူ့အိပ်တန်းကနေ ကမန်းကတန်း ထ ပျံပြီး မစ္စစ် ဂျူန်းစ် နောက်ကနေ တအာအာနဲ့ အော်ဟစ် လိုက်ပါသွားပါတယ်။ တချိန်ထဲမှာပဲ တိရိစ္ဆာန်တွေဟာ မစ္စတာ ဂျူန်းစ်တို့ လူအုပ်စုကို ဘက်စုံ စိုက်ပျိုးမွေးမြူရေး ခြံကြီးရဲ့ အပြင်ဘက်ထိ မောင်းထုတ်နိုင်ခဲ့ပြီး ဂိတ်တံခါးကို ပိတ်ချလိုက်ပါတော့တယ်။ ဘာတွေ ဘယ်လိုဖြစ်ကုန်တယ် မသိလိုက်ခင်မှာပဲ သူတို့ဟာ တော်လှန်ပုန်ကန်မူကြီးကို အောင်မြင်စွာ ပုံဖော်လိုက်ကြပါပြီ။ မစ္စတာ ဂျူန်းစ်ကို မောင်းထုတ်လိုက်ပြီ၊ ဒီ ဘက်စုံ စိုက်ပျိုးမွေးမြူရေး ခြံကြီးဟာလည်း သူတို့အပိုင် ဖြစ်သွားခဲ့ပြီ။
အစမှာတော့ တိရိစ္ဆာန်တွေဟာ သူတို့ရဲ့ ကံတရားကို မယုံနိုင်အောင် ဖြစ်နေကြပါတယ်။ သူတို့ အတွက် ပထမဆုံးအလုပ်ကတော့ ခြံကြီးရဲ့ နေရာတိုင်း နယ်နမိတ်တစ်လျှောက်လုံးကို ပြေးလွှားခုန်ပေါက်ပြီး လူသတ္တဝါတွေ ပုန်းခိုမနေအောင် လိုက်လံစစ်ဆေးကြတာပါ။ နောက်တော့ မစ္စတာ ဂျူန်းစ်တို့ရဲ့ ခြံ အဆောက်အဦးတွေ ရှိရာကို ပြန်ပြေးလာကြပြီး လူသတ္တဝါတို့ လက်ထက်က ကျန်ခဲ့တဲ့ အသုံးအဆောင်တွေကို ဖျက်ဆီးပစ်လိုက်ကြပါတယ်။ မြင်းခြံ ကပ်ရပ် အခန်းထဲက မြင်းကုန်းနီးတွေ သံသတ္တု ချပ်ဝပ်တွေ ၊ နှာဖားကြိုးတွေ ခွေးချည်သံကြိုးတွေ ၊ မစ္စတာ ဂျူန်းစ် ဝက်တွေ သိုးတွေကို သင်းသပ်တဲ့ ဓား အပါအဝင် အားလုံးကို ရေတွင်းထဲ ပစ်ချလိုက်ကြပါပြီ။ စွပ်ကြိုး စည်းကြိုးနဲ့ မြင်းမျက်ကာ နှာကာတွေ အကုန်လုံးကို အမှိုက်တွေ မီးရှို့ထားတဲ့ မီးပုံထဲ ပစ်ထည့်လိုက်ကြပါပြီ။ ကြာပွတ်တွေရောပေါ့။ ကြာပွတ်တွေ မီးထဲထည့်လိုက်ချိန်မှာတော့ တိရိစ္ဆာန်တွေအကုန်လုံး ခုန်ပေါက်မြူးထူး နေကြပါတယ်။ စနိုးဘောကလည်း ဈေးနေ့တွေမှာ မြင်းတွေကို အလှဆင်လေ့ရှိတဲ့ ဖဲကြိုးတွေကို မီးထဲ ပစ်ထည့်လိုက်ပါတယ်။
" ဖဲကြိုးတွေကိုလည်း လူတွေရဲ့ စရိုက်လက္ခဏာဖြစ်တဲ့ အဝတ်အထည်လို့ပဲ သဘောထားရမယ် တိရိစ္ဆာန်တိုင်းက ကိုယ်လုံးတီးသာ နေသင့်တယ်" လို့ စနိုးဘောက ကြွေးကြော်ပါတယ်။
စနိုးဘော ပြောတာကို ကြားလိုက်တဲ့ ဘောက်ဆာက နွေရာသီရောက်တိုင်း သူ့နားရွက်တွေ နားမှာ လာလာဝဲတဲ့ ယင်ကောင်တွေကို မောင်းထုတ်ရင် သုံးနေကြ ကောက်ရိုးဦးထုပ်ကို သွားယူလာပြီး မီးထဲ ပစ်ထည့်လိုက်ပါတယ်။
ခဏလေးအတွင်းမှာပဲ မစ္စတာ ဂျူန်းစ်လက်ထက်က ရှိခဲ့သမျှသော အရာဝတ္တုတွေကို ဖျက်ဆီးလိုက်ကြပါပြီ။ ဘက်ရှိုင်းယားမျိုး ဝက်သိုး နပိုလီယံ ဟာ တိရိစ္ဆာန် အားလုံးကို စတိုးခန်းရှိရာဆီ ဦးဆောင်ခေါ်သွားပြီး သကာလ ပုံမှန်ရနေကြထက် ၂ ဆများတဲ့ ပြောင်းဖူးတွေ ဝေခြမ်းလိုက်ပါတယ်။ ခွေးတွေကတော့ ဘီစကစ် ၂ ချပ်စီပေါ့။ နောက်တော့ သူတို့အားလုံးဟာ " အင်္ဂလန်က တိရိစ္ဆာန်ကြီးများ"
သီချင်းကို ၇ ခေါက် အစ အဆုံးဆိုပြီး တစ်ခါမှ မအိပ်ခဲ့ရဖူးတဲ့ ဒီလိုညမျိုးကို အရသာရှိရှိ အိပ်စက်ကုန်ဆုံးလိုက်ကြပါတယ်။
ဘယ်လိုပဲ အိပ်ခဲ့ပါစေ မနက် အာရုံဦးမှာတော့ ထ နေကြအတိုင်း သူတို့ နိုးလာကြပါတယ်။ ချက်ခြင်းပဲ သူတို့ရရှိခဲ့တဲ့ အံ့ဖွယ် တော်လှန်ရေး အောင်ပွဲကြီးကို သတိရသွားကြပြီး စားကျက်မြေရှိရာဆီကို ပြေးထွက်လာခဲ့ကြပါတယ်။ စားကျက်မြေနဲ့ မလှမ်းမကမ်းမှာ ကုန်းမို့မို့လေး တစ်ခုရှိပြီး ခြံ တစ်ခြံလုံးကို အပေါ်စီးက မြင်ရတဲ့ နေရာလေးပါ။ တိရိစ္ဆာန်တွေဟာ ကုန်းမို့မို့လေး ရှိရာဆီကို အပြေးသွားလိုက်ကြပြီး ကြည်လင်နေတဲ့ မနက်ခင်းနေရောင်အောက်မှာ ခြံကျယ်ကြီးကို တမျှော်တခေါ် ငေးကြည့်နေကြပါတယ်။ ဟုတ်ပါတယ် မြင်မြင်သမျှ အကုန် သူတို့ အပိုင်တွေချည်းပဲပေါ့။ အဲ့ဒီ အတွေးခေါင်းထဲ ရောက်လာတာနဲ့ သူတို့ အကုန်လုံးက ပတ်ချာလည်ရမ်း ခုန်ပေါက်မြူးထူး နေကြတာပေါ့။ မြက်ခင်းစိမ်းတွေပေါ် လှိမ့်နေတဲ့ သူက လှိမ့်လို့ ၊ မြေကြီးပေါ် ကစုန်ပေါက် ပြေးပြီး ထွက်လာတဲ့ မြေသင်းရနံ့လေးကို အားပါးတရ ရူတဲ့သူက ရူလို့ ပါးစပ်ထဲမှာလည်း မြက်တွေ ပလုပ်ပလောင်း စားသူက စားလို့ ပေါ့။ နောက်တော့ ခြံတစ်ခြံလုံးကို လှည့်ပတ် စစ်ဆေးတဲ့ အလုပ် သူတို့ လုပ်ကြပါတယ်။ ထွန်ယက်ထားတဲ့ လယ်ကွင်းကျယ်ကြီးတွေ ၊ မြက်ခင်းစိမ်းတွေ ၊ အစီအရီ စိုက်ပျိုးဖြစ်ထွန်းနေတဲ့ နှစ်ရှည်ပင်တန်းတွေ ၊ ရေကန်တွေနဲ့ တောအုပ်တွေကိုကြည့်ပြီး ဒါတွေ အားလုံးဟာ သူတို့အပိုင်ပါလားဆိုတာကို မယုံနိုင်လောက်အောင် ဖြစ်နေကြပါတော့တယ်။
သူတို့ အားလုံး စားကျက်မြေကနေ မစ္စတာ ဂျူန်းစ်တို့ နေခဲ့တဲ့ လယ်တောအိမ် ရှိရာဆီ ပြန်လာခဲ့ကြပြီး အိမ်ရှေ့ တံခါးပေါက်ရှေ့မှ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေကြပါတယ်။ ဒါလည်း သူတို့ အပိုင်ပဲလေ။ ဒါပေမယ့် အထဲ ဝင်ဖို့ အတော် တွန့်နေကြတုန်းပါ။ နောက်ဆုံးတော့ စနိုးဘောနဲ့ နပိုလီယံက တံခါးကို သူတို့ဖင်လုံးကြီးတွေနဲ့ တွန်းဖွင့်လိုက်ကြပြီး တိရိစ္ဆာန်တွေအားလုံး အိမ်ထဲကို အစီအရီ ဝင်ချလာပါတော့တယ်။ အိမ်ထဲရောက်တော့ ဘယ် ပစ္စည်းမှ မထိခိုက်ရလေအောင် သေချာ သတိထားပြီး တစ်လှမ်းချင်း ဖြေးဖြေးချင်း လျှောက်နေကြတာပါ။ အိမ်ထဲက မယုံကြည်နိုင်လောက်စရာ ဆန်းကျယ်တဲ့ ဇိမ်ခံပစ္စည်းတွေကို လေသံဟဟတောင် မထွက်ရဲဘဲ ခြေဖျားထောက်ကာ တစ်ခန်းပြီး တစ်ခန်း လိုက်ငေးကြည့်နေခဲ့ကြပါတယ်။ အမွေးအတောင်တွေနဲ့ ပြုလုပ်ထားတဲ့ အိပ်ယာတစ်လုံး၊ ကိုယ်လုံးပေါ် ကြည့်မှန်ကြီးတစ်ချပ်၊ မြင်းမွှေးသုံးပြီး လုပ်ထားတဲ့ ဆိုဖာထိုင်ခုံ၊ နာမည်ကြီး ဘရက်ဆဲလ်အရပ်က ထုတ်ထားတဲ့ ကောဇောခင်း၊ ဗစ်တိုးရီးယား ဘုရင်မကြီးရဲ့ ပုံတူကားချပ် တစ်ခု စသဖြင့်ပေါ့။ သူတို့ တစ်ဖွဲ့လုံး လှေကားပေါ်က ဆင်းလာကြတော့မှပဲ မြင်းမလေး မိုလီ တစ်ကောင် ပျောက်နေတာ သတိထားမိကြပြီး ပြန်လိုက်ရှာတော့ အကောင်းတကာ့ အကောင်းဆုံး ဆိုတဲ့ အိပ်ခန်းထဲမှာ သွားတွေ့လေရဲ့။ မစ္စစ်ဂျူန်းစ်ရဲ့ အဝတ်ဗီဒိုထဲကနေ အပြာရောင် ဖဲကြိုးကို ယူပြီး မှန်ရှေ့မှာ သူ့ကိုယ်သူ ပြန်ကြည့်နေတာ အတော် အူကြောင်ကြောင် နိုင်နေပါတယ်။ တခြား ရဲဘော်တွေကတော့ သူ့ကို ဒေါနဲ့မောနဲ့ ဆူငေါက်ပြီး ထွက်သွားကြပါတယ်။ မီးဖိုချောင်ထဲက အသားခြောက်တွေကို ဈာပန အခမ်းအနားလုပ်ပေးဖို့ ယူလာတာရယ် ဘီယာစည်ကို ဘောက်ဆာက ခြေထောက်နဲ့ ကန်ကျောက်ဖျက်ဆီးလိုက်တာက လွဲရင် တခြား ဘယ်ပစ္စည်းကိုမှ သူတို့ မတို့မထိခဲ့ကြပါဘူး ။ အဲ့ဒီနောက်တော့ ဒီ လယ်တောအိမ်ကို ပြတိုက်အနေနဲ့ ထားကြဖို့ တထိုင်တည်းပဲ ကန့်ကွက်သူမရှိ သဘောတူ ဆုံးဖြတ်လိုက်ကြတယ်။ ဘယ် တိရိစ္ဆာန်မှ ဒီအိမ်ထဲမှ မနေကြဖို့လည်း သဘောတူကြတယ်။
တိရိစ္ဆာန်တွေအားလုံး မနက်စာ စားပြီးကြချိန်မှာတော့ စနိုးဘောနဲ့ နပိုလီယံတို့က အားလုံးကို စုဝေးခိုင်းလိုက်တယ်။ စနိုးဘောက " ရဲဘော်တို့ ခု မနက် ၆ နာရီခွဲပြီ ငါတို့ ဒီနေ့ လုပ်စရာတွေ အများကြီး ရှိနေတယ် ငါတို့ ကောက်ရိုးတွေ အရင်ရိတ်ကြမယ် ဒါပေမယ့် အဲ့ဒါမလုပ်ခင် တခြားလုပ်စရာ တစ်ခုရှိသေးတယ်" လို့ပြောလိုက်တယ်။ ဝက်တွေက သူတို့ဟာ ပြီးခဲ့တဲ့ သုံးလအတွင်းမှာ မစ္စတာ ဂျူန်းစ် ကလေးတွေရဲ့ စာလုံးပေါင်း သတ်ပုံ စာအုပ်ကို ယူပြီး အရေးအဖတ် ကိုယ်တိုင် သင်ယူတတ်မြောက်ခဲ့ကြောင်းနဲ့ အဲ့ဒီ စာအုပ်ကို အမှိုက်ပုံထဲ ပစ်လိုက်ပြီဖြစ်ကြောင်း တခြား တိရိစ္ဆာန်တွေကို အသိပေးတယ်။ အဲ့ဒီနောက်တော့ နပိုလီယံဟာ ဆေးပုံး အမဲနဲ့ အဖြူ ပုံးတွေကို ယူခိုင်းလိုက်ပြီး ဂိတ်တံခါးရှိရာဆီကို ဉီးဆောင် ချီတက်လာခဲ့တယ်။ စာရေးတာ တော်တဲ့ စနိုးဘောက သူ့ ဝက်လက် နှစ်ခုကြားမှာ စုတ်တံကို ညှပ်လိုက်ပြီး ခြံစည်းရိုးတန်းမှာ ရေးထားတဲ့ " ဘက်စုံ စိုက်ပျိုး မွေးမြူရေးခြံ" ဆိုတဲ့ စာလုံးကို ဆေးသုတ် ဖျက်ချလိုက်ပြီး " တိရိစ္ဆာန် ဘုံ" လို့ အစားထိုး ရေးလိုက်တယ်။ ဒီနေ့က စပြီး ခြံရဲ့ နာမည်ဟာ ဒါပဲ ဖြစ်ရတော့မယ်။ နောက်တော့ စနိုးဘောနဲ့ နပိုလီယံဟာ လှေကားတစ်ခုကို ယူခိုင်းလိုက်ပြီး သူတို့ အစည်းအဝေးလုပ်နေကြ အဆောက်အဦ နံရံမှာ ထောင်ခိုင်းလိုက်တယ်။ တိရိစ္ဆာန်တွေ အကုန်လုံးကိုလည်း ပြီးခဲ့တဲ့ သုံးလအတွင်း သူတို့ လေ့လာတွေ့ရှိခဲ့တဲ့
"တိရိစ္ဆာန် ဝါဒ"ကို လိုတိုရှင်း ပညတ်တော် ၇ ပါး အနေနဲ့ ခြုံ့လိုက်တဲ့အကြောင်း ရှင်းပြတယ်။ အဲ့ဒီ ပညတ်တော် ၇ပါးကို အဆောက်အဦး နံရံမှာ ရေးထစ်ထားမှာဖြစ်ပြီး ဒီ ခြံကြီးထဲမှာ နေထိုင်သွားကြမယ့် တိရိစ္ဆာန်တွေအားလုံး မမှိတ်မသုန် လိုက်နာကျင့်သုံးရမယ့် ဥပဒေ အဖြစ် သတ်မှတ်သွားမှာ ဖြစ်ကြောင်း အသိပေးတယ်။ လှေကားပေါ် တက်ရတာ မလွယ်ပေမယ့် စနိုးဘော တစ်ကောင် သူ့ကိုယ်သူ မနည်းထိန်းပြီး ရေးဖို့ ပြင်ပါတယ် သူ့အောက်မှာတော့ စကွီလာက ဆေးပုံးကိုင်ပေးပါတယ်။ ပညတ်တော်တွေဟာ မီးခိုးစွဲနေတဲ့ နံရံအမဲမှာ အဖြူရောင် စာလုံး ခပ်ကြီးကြီးနဲ့ ရေးထားလို့ ကိုက် ၃၀ အကွာလောက်ကတောင် လှမ်းမြင်နိုင်ပါတယ်.. ရေးထားတာကတော့
ပညတ်တော် ၇ ပါး
၁. ဘာ နေနေ ခြေနှစ်ချောင်းဟာ ရန်သူ
၂. ဘာ နေနေ ခြေလေးချောင်း, ဒါမှမဟုတ် တောင်ပံရှိရင် မိတ်ဆွေ
၃. ဘယ် တိရိစ္ဆာန်မှ အဝတ်အစား မဝတ်ရ
၄. ဘယ် တိရိစ္ဆာန်မှ အိပ်ယာနဲ့ မအိပ်ရ
၅. ဘယ် တိရိစ္ဆာန်မှ ယမကာ မမှီဝဲရ
၆. ဘယ် တိရိစ္ဆာန်မှ အခြား တိရိစ္ဆာန်ကို မသတ်ရ
၇. တိရိစ္ဆာန်အားလုံးဟာ ညီတူမျှတူပဲ..
တော်တော်ကို သပ်သပ်ရပ်ရပ်လေး ရေးထားခဲ့တာပါ။ မိတ်ဆွေ ဆိုတဲ့ စာလုံးပေါင်းကို မှားပေါင်းထားတာကလွဲလို့ပေါ့။ စနိုးဘောက အဲ့ဒီ ပညတ်တော်တွေကို တခြား တိရိစ္ဆာန်တွေ နားလည်စေလိုခြင်းငှာ ကျယ်ကျယ် အော်ဖတ်ပြတယ်။ တိရိစ္ဆာန်တွေကလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ လက်ခံသဘောတူကြပြီး ဉာဏ်ကောင်းတဲ့ ကောင်တွေကတော့ ခဏနဲ့ အလွတ်ရသွားကြတယ်။
မျက်ရည်ဝဲနေတဲ့ စနိုးဘောက " ကဲ ရဲဘော်တို့ ကောက်ရိုးခင်းတွေဆီ ချီတက်ကြစို့ မစ္စတာ ဂျူန်းစ်နဲ့ သူ့လူတွေ လုပ်နိင်တာထက် ပိုပြီး ငါတို့ ရိတ်သိမ်းပြရင်းနဲ့ ဂုဏ်ယူလိုက်ကြစို့
" ။
အဲ့လိုပြောနေတဲ့ အချိန်မှာပဲ နွား သုံးကောင် ဆီကနေ မအီမသာ အသံတွေ ထွက်လာပါတယ်။ သူတို့ နို့အုံတွေက နို့မညှစ်ရတာ ၂၄ နာရီလောက် ရှိနေပြီဆိုတော့ ကွဲထွက်မတတ် ဖောင်းကားနေလို့ပါ။ ခဏ စဉ်းစားလိုက်ပြီးတဲ့နောက် ဝက်တွေက နွားနို့ပုံးတွေ ယူခိုင်းလိုက်ပြီး နွားတွေကို အောင်အောင်မြင်မြင် နို့ညှစ်ပေးလိုက်နိုင်ပါတယ်။ သူတို့ရဲ့ ဝက်လက်တွေက နွားနို့ညှစ်ရာမှာ ခဏနဲ့ အသားကျသွားပုံပေါ်ပါတယ်။ ခဏကြာတော့ တိရိစ္ဆာန်တွေ အားလုံးဟာ အရသာ အတော်ရှိဟန်တူပြီး အမြုပ်ထနေတဲ့ နွားနို့ပုံး ငါးပုံးစာလောက်ကို စိတ်ဝင်တစား ကြည့်နေကြပါပြီ။
" ဒီ နွားနို့တွေကို ဘာလုပ်ကြမှာလဲ" တစ်စုံတစ်ယောက်က မေးလိုက်ပါတယ်။
" မစ္စတာ ဂျူန်းစ်ကတော့ အဲ့ဒါတွေကို ငါတို့ အစာထဲ ရောမွှေပေးနေကြပဲ" လို့ ကြက်မအုပ်ထဲက တစ်ကောင်က လှမ်းပြောတယ်။
" ဒီ နွားနို့က အရေးမကြီးပါဘူး ရဲဘော်တို့" လို့ပြောရင် ငိုထားတဲ့ မျက်လုံးတွေနဲ့ နပိုလီယံဟာ နွားနို့ပုံးတွေရှေ့ကနေ ပိတ်ရပ်လိုက်ပါတယ်။ ထပ်ပြီးတော့ " ဒီ ကိစ္စကို နောက်မှ ရှင်းမယ် လောလောဆယ် ကောက်ရိတ်ဖို့ ပို အရေးကြီးတယ် ရဲဘော် စနိုးဘောက မင်းတို့ကို ဦးဆောင်ပြီး သွားလိမ့်မယ်။ ခဏနေရင် ငါလည်း လိုက်ခဲ့မယ်။ ချီတက်ကြ ရဲဘော်တို့ ကောက်ရိုးတွေက စောင့်နေကြပြီ" လို့ အမိန့်ပေးလိုက်တယ် ။
အဲ့ဒါနဲ့ပဲ တိရိစ္ဆာန်တွေဟာ ကောက်ရိုးခင်းတွေ ရှိရာဆီ အုပ်လိုက်ကြီး ချီတက်သွားကြပြီး ရိတ်သိမ်းကြပါတော့တယ်။ ညနေစောင်းလို့ ပြန်လာတဲ့ အခါမှာတော့ နွားနို့ပုံးတွေရဲ့ အရိပ်အယောင်တောင် မမြင်ရတော့တာ သူတို့ သတိမထားမိဘဲ ဘယ်နေပါ့မလဲ ။
အခန်း (၃)
----------
သူတို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ရကျိုးနပ်တယ် ပြောရမယ် ၊ ပင်ပန်းကြပေမယ့် ကောက်ရိတ်သိမ်းတဲ့ ကိစ္စက ထင်ထားတာထက်တောင် ပိုအလုပ်တွင်သွားတယ်။ တိရိစ္ဆာန်တွေအတွက် ကြံရွယ်တီထွင် ထားတာမဟုတ်ဘဲ လူသတ္တဝါတွေ လုပ်တဲ့ အလုပ်တွေကို လုပ်ရတာဆိုတော့ တစ်ခါတစ်လေလည်း အခက်အခဲရှိတာပေါ့။ နောက်ခြေ နှစ်ချောင်းပေါ် မတ်တပ်ရပ်ပြီး လုပ်ရတဲ့ အလုပ်တွေဆိုရင် တော်တော့်ကို ခဲယဉ်းပြီး အလုပ်မတွင်သလောက်ပဲ။ ဒါပေမယ့်လည်း အရမ်းလည်တဲ့ ဝက်တွေက ဘယ်ပြဿနာမဆို တစ်နည်းမဟုတ် တစ်နည်းနဲ့ မရရအောင် ဖြေရှင်းသွားတာချည်းပဲ။ မြင်းတွေကတော့ ဒီခြံကြီး တစ်ခြံလုံးရဲ့ မြေ တစ်လက်မ မကျန် အကုန်နောကျေနေကြသူတွေမို့ မြက်တွေ ရိတ်တဲ့သယ်တဲ့ အလုပ်တွေကို မစ္စတာ ဂျူန်းစ်နဲ့ သူ့လူတွေ လုပ်ခဲ့တာထက် အပုံကြီးသာအောင် စွမ်းဆောင်နိုင်ကြတယ်။ တကယ်တမ်းတော့ ဝက်တွေက အလုပ်မလုပ်ကြပါဘူး၊ တခြား တိရိစ္ဆာန်တွေကို ညွှန်ကြားတဲ့ အလုပ်ပဲ လုပ်ကြတာပါ။ သူတပါးထက် ပို ဉာဏ်ရည်မြင့်နေတော့ အလိုလိုနေရင်း ခေါင်းဆောင်နေရာကို ရောက်လာကြတာ သဘာဝပါပဲ။ ဘောက်ဆာနဲ့ ကလိုဗာက မြက်ဖြတ်ဓားသွားတွေကို ကိုယ်ပေါ်မှာ ချိတ်ဆွဲပြီး မြက်ခင်းပြင်ထဲမှာ ဖြည်းဖြည်းမှန်မှန် လှည့်ပတ်သွားနေပြီဆိုရင် အနောက်က ဝက်တွေက " မြန်မြန်လုပ် ရဲဘော်" " ရပ်လို့ရပြီ ရဲဘော်" စသည်အားဖြင့် အော်ဟစ် အမိန့်ပေးတာပေါ့။ ကောက်ရိုးတွေ ရိတ်သိမ်းတဲ့ အလုပ်ကိုတော့ ရှိသမျှ တိရိစ္ဆာန်တွေအကုန်လုံး တရုန်းရုန်း လုပ်ကြရတာပါ။ ကြက်နဲ့ ဘဲတွေတောင် မကျန်ပါဘူး၊ နေပူထဲမှာ ဟိုသွားလိုက် ဒီပြန်လာလိုက်နဲ့ ကောက်ရိုးတွေကို သူတို့ ပါးစပ်လေးတွေနဲ့ ကိုက်ချီသယ်ကြတာ။ နောက်ဆုံးတော့ မစ္စတာဂျူန်းစ်နဲ့ သူ့လူတွေတောင် မလုပ်နိုင်တဲ့ အချိန် ၂ ရက်ထဲနဲ့တင် ကောက်ရိုးတွေ ရိတ်သိမ်းတဲ့ ကိစ္စ ပြီးသွားပါလေရော။ အလေအလွှင့်ဆိုလို့လဲ မြူတစ်မှုန်တောင် မရှိ ၊ ဘဲနဲ့ ကြက်တွေက နောက်ဆုံး ကျန်တဲ့ ကောက်ရိုးတစ်မျှင်က အစ လိုက်ကောက်သိမ်းကြတာ။ ဘယ် တိရိစ္ဆာန်ကမှလည်း မခိုးဝှက်ကြဘူးလေ။
နွေတစ်တွင်းလုံး ခြံရဲ့ အလုပ်တွေက နာရီလက်တံ လည်သလိုပဲ မပြတ်တမ်း ရှိနေတာမျိုး။ တိရိစ္ဆာန်တွေကတော့ ဘယ်တုန်းကမှ မျှော်လင့်မထားတဲ့ အရာကို ရခဲ့တော့ ပြုံးပျော်လို့ပါပဲ။ အစားတစ်လုပ် စားလိုက်တိုင်း တစ်လုပ် ပျော်နေတာမျိုး။ အစားအစာတွေက သူတို့ ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ သူတို့ ကိုယ်ပိုင်အစာတွေ ဖြစ်နေပြီလေ။ အရင်လို ဆူပုပ်နေတဲ့ သခင်က မကျွေးချင်ကျွေးချင်နဲ့ ကျွေးတာကို စားရတာမျိုး မဟုတ်တော့ဘူး ။ ဂုတ်သွေးစုပ်တဲ့ အယုတ်တမာ လူသတ္တဝါတွေ မရှိတော့ကတည်းက စားစရာတွေမှ တစ်ပုံတပင်ပဲ။ တစ်သက်နဲ့တစ်ကိုယ် မရဖူးတဲ့ အားလပ်ချိန်တွေလည်း အများကြီး ရလာတယ်။ စိန်ခေါ်မူတွေလည်း အများကြီးပေါ့။ ဥပမာ ပြောင်းဖူးတွေ ခူးပြီး ချွေတာမျိုးဆို လူတွေ သုံးတဲ့ ချွေလေ့စက်တွေ မသုံးတော့ ရှေးရိုးနည်းအတိုင်း ပြောင်းဖူးတွေကို နင်းချေပြီး မလိုတဲ့ အမှိုက်သရိုက်တွေနဲ့ ပြောင်းဖူးစေ့တွေကို သူတို့ ပါးစပ်ထဲက လေနဲ့ပဲ မှုတ်ထုတ် ခွဲခြားရတယ်။ ဒါပေမယ့်လည်း ဘောက်ဆာရဲ့ ခွန်အားရယ် ဝက်တွေရဲ့ ဉာဏ်ပညာရယ်ကို ပေါင်းစပ်လိုက်တော့ ဘယ်လို အခက်အခဲမဆို ကျော်လွှားနိုင်ခဲ့တာချည်းပါပဲ။ ဘောက်ဆာကိုတော့ အားလုံးက လေးစားအားကျရပါတယ်။ မစ္စတာ ဂျူန်းစ်တို့ ရှိစဉ်ကတည်းက အရမ်း အလုပ်လုပ်တဲ့သူက ခုတော့ ပိုလို့တောင် ကြိုးစားပြီး လုပ်နေတာ မြင်း သုံးကောင်စာလောက်ကို ရှိပါတယ်။ တချို့ရက်တွေမှာ တစ်ခြံလုံးရဲ့ ကိစ္စဝိစ္စတွေ အကုန်လုံး သူပဲ ပုခုံးထမ်း ဖြေရှင်းသွားတာပါ။ မနက်ကနေ ညထိ မနားမနေ အလုပ်လုပ်ပြီး အခက်ခဲဆုံး အလုပ်မှန်သမျှ သူက ရှေ့ဆုံးက ဆိုတာမျိုး။ ကြက်ဖတွေထဲက တစ်ကောင်ကိုလည်း မနက် သူ့ကို သူများတွေထက် နာရီဝက် စောနှိုးဖို့ ပြောထားသေးတာ ။ ပုံမှန် အလုပ်တွေ မစခင် သူများအလုပ်တွေ လိုက်လုပ်ပေးဖို့ လိုရင်လည်း ဘယ်တော့မှ မငြင်းဘူး ကူညီပေးနေကြပဲ။ ဘယ်လို ပြဿနာပဲ ဖြစ်ဖြစ် ဘယ်လို အခက်အခဲဖြစ်ဖြစ် သူ့အဖြေက ရှင်းရှင်းလေးရယ် " ငါ ဒီထက် ပိုအလုပ်လုပ်မယ်" ဆိုတာပဲ။
တိရိစ္ဆာန်တိုင်းကတော့ သူတို့ လုပ်အားရှိသလောက် လုပ်နိုင်သလောက် လုပ်ပေးကြပါတယ်။ ကြက်မတွေ ဘဲတွေက ပြန့်ကျဲနေတဲ့ ပြောင်းဖူးစေ့တွေ ဂရုတစ်စိုက် လိုက်ကောက်တာနဲ့တင် ၁၀ ဂါလန်ပုံး ငါးပုံးစာလောက်ရတယ်။ ဘယ်သူမှ မခိုးဘူး၊ ကိုယ်ရတဲ့ ရိက္ခာ အပေါ်မှာလည်း မကျေမနပ် မဖြစ်ကြဘူး ။ ဟိုးအရင်က ဖြစ်ခဲ့သလို တစ်ယောက်နဲ့ တစ်ယောက် အငြင်းပွားနေတာ တိုက်ခိုက်ထိုးနှက် မနာလိုဝန်တို ဖြစ်နေတာမျိုးတွေ မရှိသလောက်ဖြစ်သွားပြီ။ ဘယ်သူမှလည်း မခိုကပ်ကြဘူး။ အကုန်လုံးကို မဆိုလိုပေမယ့် တော်တော်များများပေါ့လေ။ မိုလီကတော့ မနက်စောစော ဘယ်တော့မှ မထဘူး ပြီးရင် သူ့ခွာကြားမှာ ခဲညှပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကနေလည်း စောစောနားတတ်သေးတယ်။ ကြောင်ကတော့ ပိုဆိုးတယ်။ အလုပ်လုပ်ရတော့မယ်ဆို ဘယ်ပျောက်သွားတယ် မသိဘူး နေ့ခင်း အစာစားချိန်မှ ပြန်ပြန်ပေါ်လာတတ်တယ် ။ တစ်ခါတစ်လေဆို ညနေ အလုပ်ချိန်ပြီးမှ ပေါ်လာတာကို အားလုံးက သတိထားမိကြတယ်။ ဒါပေမယ့်လည်း ကြောင်က အံ့ဩစရာကောင်းလောက်အောင် လေပြေလေးနဲ့ အကြောင်းပြချက်ပေးတတ်တယ် ။ သူ ပြောသမျှကို မယုံစရာ မရှိအောင်ကို ဖြေရှင်းချက်ပေးတာမျိုး။ မြည်းအိုကြီး ဘင်ဂျမင်ကတော့ မစ္စတာ ဂျူန်းစ်တို့ ရှိစဉ်အခါကလိုပဲ ဘာမှ ပိုမထူးခြားသွားဘူး။ သူ လုပ်စရာရှိတဲ့အလုပ်ကို ဖြေးဖြေးမှန်မှန်ပဲလုပ်တယ် ခိုကပ်တာလည်း မရှိဘူး။ ပိုလည်း မလုပ်ဘူး။ အောင်မြင်သွားတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီးလည်း တစုံတစ်ရာ မှတ်ချက်မပေးဘူးရယ်။ မစ္စတာ ဂျူန်းစ်တို့ လက်ထက်ကထက် ပိုမပျော်ဘူးလားလို့ မေးရင် " မြည်းတွေဟာ အသက်ရှည်ကြတယ် ဘယ်ကောင်မှ မြည်းတစ်ကောင်သေတာ မမြင်ဘူးကြဖူး" ဆိုပြီး မေးခွန်းနဲ့ တိုက်ရိုက် မသက်ဆိုင် သွယ်ဝိုက်အဖြေထုတ်ရမယ့် အဖြေမျိုးကြီးပဲ ပြန်ပြောတယ်။
တနင်္ဂနွေနေ့တွေဟာ နားရက်ဖြစ်တယ်။ အဲ့ဒီနေ့ဆို မနက်စာက ပုံမှန်ထက် ၁ နာရီလောက် နောက်ကျလေ့ရှိတယ်။ မနက်စာ စားပြီးရင်တော့ အစီအစဉ်တစ်ခုရှိတယ်။ ပထမဆုံး အလံတင် အခမ်းအနားနဲ့ စ ဖွင့်တာပေါ့။ စနိုးဘောက မစ္စတာ ဂျူန်းစ်ရဲ့ စားပွဲခင်း အစိမ်းရောင် အပေါ်မှာ ခွာနဲ့ ဂျို ပုံကို အဖြူရောင်ဆွဲပြီး အလံလုပ်ထားတာ။ အစိမ်းရောင်က အင်္ဂလန်ပြည်က မြက်ခင်းစိမ်းတွေကို ကိုယ်စားပြုပြီး ခွာနဲ့ ဂျိုကတော့ တလောကလုံးမှာ လူသတ္တဝါတွေ မရှိတော့တဲ့အချိန် ပေါ်ပေါက်လာမယ့် တိရိစ္ဆာန် နိုင်ငံတော်သစ်ကြီးကို ကိုယ်စားပြုပါသတဲ့။ အလံတင် အခမ်းအနားပြီးရင်တော့ သူတို့ အရင်က လျှို့ဝှက်တွေ့ဆုံနေကြ အဆောက်အဦးမှာပဲ အစည်းအဝေး လုပ်ပါတယ်။ အဲ့ဒီ အစည်းအဝေးမှာ လာမယ့် အပတ်ထဲ လုပ်စရာ အလုပ်တွေအကြောင်း စီစဉ်ထားတာတွေ ရည်မှန်းချက်တွေ ချပြပြီး ဆွေးနွေးအဖြေရှာကြတာပေါ့။ ချမှတ်သမျှ ရည်မှန်းချက်တွေ အကုန်လုံးကလည်း အမြဲတမ်း ဝက်တွေ စီစဉ်ထားတာချည်းပါပဲ။ တခြား တိရိစ္ဆာန်တွေက မဲပေးဖို့ သိကြပေမယ့် ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်လောက်တဲ့ထိတော့ မစွမ်းသာကြပါဘူး။ စနိုးဘောနဲ့ နပိုလီယံ နှစ်ကောင်ကတော့ အစည်းအဝေးတိုင်းမှာ အားတက်သရော ရှေ့ဆုံးကချည်းပါပဲ။ ဒါပေမယ့်လည်း ဘယ်တော့မှ သဘောထား မတိုက်ဆိုင်ကြပါဘူး။ တစ်ယောက်က အကြံတစ်ခုပေးရင် နောက်တစ်ယောက်က ထ ကန့်ကွက်တော့တာပဲ။ ကုန်ကုန်ပြောရရင် အားလုံး သဘောတူ ကျေနပ်ပြီးသားဖြစ်တဲ့ အငြိမ်းစား တိရိစ္ဆာန်တွေနေဖို့ အဆောက်အဦး ဆောက်မယ့် ကိစ္စမှာတောင် ဘယ်အကောင်ကို ဘယ်အရွယ်မှာ အငြိမ်းစား ပေးသင့်တယ်ဆိုတာကို ထ ငြင်းချင် ငြင်းနေကြတာ။ အစည်းအဝေးကို " အင်္ဂလန်က တိရိစ္ဆာန်ကြီးများ"
သီချင်းဆိုပြီး အဆုံးသတ်လေ့ရှိတယ်။ ညနေပိုင်းကနေ အပန်းဖြေအနားယူချိန်ပေါ့။
အရင်က မြင်းကုန်းနှီးတွေ စွပ်ကြိုး ချည်ကြိုး သံသတ္တုပစ္စည်း တွေထားတဲ့ အလုပ်ရုံအခန်းကို ဝက်တွေက သူတို့ ဌာနချုပ်အဖြစ် အသုံးပြုထားကြတယ်။ ညနေခင်းဆိုရင် လက်သမားအတတ်၊ ပန်းပဲအတတ်တွေ အပြင် တခြားလိုအပ်တဲ့ လက်မူပညာတွေကို လယ်တောအိမ်ထဲက ယူလာတဲ့ စာအုပ်တွေကိုဖတ်ပြီး သူတို့ လေ့လာကြတယ်။ စနိုးဘောကတော့ တခြား တိရိစ္ဆာန်တွေကို ကော်မတီတွေ စုဖွဲ့နေတာနဲ့ အလုပ်ရှုပ်နေတော့တာပဲ။ တော်တော့ကို အပတ်တကုတ် အားကြိုးမာန်တက် လုပ်နေတာမျိုး။ ကြက်မတွေအတွက် ကြက်ဥထုတ်လုပ်ရေး ကော်မတီ၊ နွားတွေအတွက် သန့်ရှင်းသောအမြီးများ ကော်မတီ၊ အရိုင်း တိရိစ္ဆာန်များ ပညာသင်ကြားရေး ကော်မတီ ( ကြွက်တွေနဲ့ ယုန်တွေကို ယဉ်အောင် လုပ်ဖို့ ရည်ရွယ်တာတဲ့) ၊ သိုးတွေအတွက် အဖြူရောင် သိုးမွှေး လှုပ်ရှားမူ ဆိုတာမျိုးတွေပေါ့။ စာရေး စာဖတ် အဖွဲ့တွေအပြင် တခြားဟာတွေလည်း ရှိသေးတာ။ ကုန်ကုန်ပြောရရင်တော့ ရှိသမျှ ကော်မတီတွေ အားလုံးနီးပါး အလုပ်မဖြစ်ပါဘူး။ အရိုင်းကောင်တွေကို ယဉ်ကျေးအောင် လုပ်မယ့် ကော်မတီဆို စ ကတည်းက ပျက်တာပဲ။ သူတို့က ပေးသမျှယူ ကျွေးသမျှ စားပြီး ရသမျှ အခွင့်အရေးတွေ ယူပေမယ့် အရင်ကအတိုင်းပဲ ရိုင်းကြတာပဲ။ ကြောင်က အဲ့ဒီ ကော်မတီမှာ တော်တော် တက်တက်ကြွကြွ ရှိလိုက်သေးတယ်။ ဟိုတစ်ရက်က ကြောင်ကို ခေါင်မိုးပေါ်မှာ သူ လက်လှမ်းမမှီတဲ့ နေရာက စာကလေးတွေကို စကားပြောနေတာ မြင်လိုက်ကြရသေးတယ်။ တိရိစ္ဆာန်အားလုံးက ရဲဘော်ရဲဘက် မိတ်ဆွေတွေဖြစ်သွားပြီမို့ သူ့လက်သည်းတွေပေါ် လာနားချင် နားလို့ရကြောင်း ဖိတ်ခေါ်နေတာပါ။ ဘယ် စာကလေးမှတော့ သူ့နားမကပ်ခဲ့ပါဘူး။
စာရေး စာဖတ် ကော်မတီကတော့ အတော် အောင်မြင်တယ်ပြောရမယ်။ ဆောင်းဦး ရောက်တော့ တိရိစ္ဆာန်တော်တော်များများ အတိုင်းအတာတစ်ခုထိ ရေးတတ်ဖတ်တတ်နေကြပြီ။ ဝက်တွေကတော့ ရေးတာ ဖတ်တာကို တော်တော့ကို ကျွမ်းကျင်နေကြပြီပေါ့။ ခွေးတွေကလည်း စာဖတ်တာကို အတော် နိုင်နင်းကြပေမယ့် ပညတ်တော် ၇ ပါးကို ဖတ်ရတာကလွဲလို့ ကျန်တာ စိတ်မပါကြဘူး။ ဆိတ်ကြီး မြူရီရယ်က စာဖတ်တာ ခွေးတွေထက်ကို ပိုကျွမ်းကျင်ပြီး တစ်ခါတစ်လေ အမှိုက်ပုံထဲက ဆွဲထုတ်လာတဲ့ သတင်းစာ အပိုင်းအစထဲက သတင်းတွေကို တခြား တိရိစ္ဆာန်တွေကို ဖတ်ပြလေ့ရှိတယ်။ မြည်းအိုကြီး ဘင်ဂျမင်က ဝက်တွေလိုပဲ အရေး အဖတ် ကျွမ်းကျင်ပေမယ့် ဘယ်တော့မှ အသုံးမချပါဘူး။ သူ့ အတွေးက ဘယ်ကိစ္စမှာ အရေးတကြီး ဖတ်နေရလောက်အောင် အရေးမပါဘူးဆိုတာပဲ။ ကလိုဗာက အင်္ဂလိပ် အက္ခရာ စာလုံးတွေ တစ်လုံးမကျန် ဖတ်တတ်ပေမယ့် စကားလုံးဖြစ်သွားရင် မဖတ်တတ်တော့ဘူး။ ဘောက်ဆာက အေ ကနေ ဒီ ထိပဲ မှတ်မိပြီး ဆိုနိုင်တယ်။ အဲ့ဒီနောက်က စာလုံးရောက်ရင် သူ့လည်ဆံမွှေးတစ်ခါခါနဲ့ စာလုံးတွေ ခေါင်းထဲက ထွက်လာအောင် စဉ်းစားပေမယ့် ဘယ်တော့မှ မရပါဘူး။ ခဏခဏ ကြိုးစားပြီးနောက်မှာ အီး၊ အက်ဖ်၊ ဂျီ၊ အိတ်ချ် ထိ ရတဲ့နေကြ ရှေ့က အေ ဘီ စီ ဒီ ကို မေ့သွားပြန်ရော။ နောက်ဆုံးတော့ ရှေ့က လေးလုံးကိုပဲ အသေမှတ်ဖို့ ဆုံးဖြတ်လိုက်ပြီး မမေ့သွားအောင် တစ်နေ့ နှစ်ခါလောက် အရေးကျင့်နေပါလေရော။
မိုလီကတော့ သူ့နာမည်ကို ပေါင်းတဲ့ စာလုံးပေါင်း ၆ လုံးကလွဲရင် ကျန်တာတွေမသင်ထားဘူး။ သူ့ နာမည်ကို သစ်ကိုင်း အတိုအစတွေနဲ့ သပ်သပ် စီစီရီရီရေးပြီးရင် ဘေးမှာ ပန်းပွင့်တွေနဲ့ အလှဆင် လှည့်ပတ်ကြည့်နေတော့တာ။
တခြား တိရိစ္ဆာန်တွေကတော့ အေ ဆိုတဲ့ စာလုံးအပြင် ပို သင်လို့ မတတ်ပါဘူး။ သိုးတို့ ဘဲတို့ ကြက်တို့ဟာ ပညတ်တော် ၇ ပါးကိုတောင် အလွတ်မရတဲ့ ဉာဏ်အတုံးဆုံး တိရိစ္ဆာန်တွေပါ။ အတော်လေး စဉ်းစားပြီးတဲ့နောက် စနိုးဘောက "တိရိစ္ဆာန်ဝါဒ" ဆိုတာကြီးကို အကျဉ်းချုံးထားတဲ့ ပညတ်တော် ၇ ပါးကို ထပ်ပြီး တစ်ကြောင်းထဲ အတိုချုံးလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ " ခြေ လေးချောင်း ကောင်း၊ ခြေ နှစ်ချောင်း မကောင်း " ဆိုပြီးတော့ပါ။ ဒီလောက်ဆိုရင်ကို တိရိစ္ဆာန်ဝါဒရဲ့ အနှစ်သာရတွေကို ခြုံငုံမိတယ်လို့ ဆိုပါတယ်။ ဒီလောက်နားလည်ရင်ကို လူသတ္တဝါတွေ ချယ်လှယ်တာ မခံရဖို့ လုံလောက်ပါတယ်။ အစပိုင်းမှာတော့ ငှက်တွေက ဒီ အတိုချုံး ပညတ်တော်ကို ကန့်ကွက်ကြပါသေးတယ်။ သူတို့မှာ ခြေနှစ်ချောင်းပဲ ပါလို့ပါ။ ဒါပေမယ့်လည်း စနိုးဘောက မဟုတ်ကြောင်း ရှင်းပြပါတယ်။ " ငှက်တွေက တောင်ပံတွေပါတယ်လေ တောင်ပံတွေက လေထဲမှာ ပျံဖို့ ရွေ့ဖို့အတွက်ပဲ သုံးတာ လူတွေရဲ့ မဟုတ်တရုတ်တွေ သိမ်းကျူံးလုပ်တဲ့ လက်လို ဟိုလုပ်ဒီလုပ် လုပ်ဖို့ မဟုတ်လို့ ခြေထောက်တွေလိုပဲ သတ်မှတ်ရမယ်" ။ ငှက်တွေက စနိုးဘောရဲ့ စကားတွေ အများကြီးပြောပြီး ရှင်းပြတာကို ဘာမှ နားမလည်ပေမယ့် သဘောတူလက်ခံလိုက်ကြပါတယ်။ အဲ့ဒီနောက်တော့ တစ်ကြောင်းထဲ အတိုချူံးထားတဲ့ ပညတ်တော်ကို အလွတ်ရအောင် ကျက်ဖို့ ကြိုးစားကြပါတယ်။ အရင်ရေးထားတဲ့ ပညတ်တော် ၇ ပါးရဲ့ အပေါ်မှာ "ခြေလေးချောင်း ကောင်း၊ ခြေနှစ်ချောင်း မကောင်း" ဆိုတဲ့ ပညတ်တော် အတိုချုံးကို ပိုကြီးတဲ့ စာလုံးကြီးတွေနဲ့ ရေးထားလိုက်ပါပြီ။
တိရိစ္ဆာန်တွေ ပညတ်တော် အတိုချုံးကို အလွတ်ရသွားချိန်မှာတော့ သိုးတွေဟာ ဒီ ပညတ်တော်ကို အတော့်ကို သဘောကျတဲ့ထဲ ပါပါတယ်။ ကွင်းပြင်ထဲမှာ နားနေကြတဲ့အချိန်မှာဆို
"ခြေလေးချောင်း ကောင်း၊ ခြေနှစ်ချောင်း မကောင်း ခြေလေးချောင်း ကောင်း၊ ခြေနှစ်ချောင်း မကောင်း"ဆိုပြီး နာရီနဲ့ချီ ထပ်ခါ ထပ်ခါ ဆိုနေကြတာ မမောနိုင် မပမ်းနိုင် မပြီးနိုင် မစီးနိုင်ဘဲ။
နပိုလီယံကတော့ စနိုးဘောရဲ့ ကော်မတီတွေကို စိတ်မဝင်စားပါဘူး။ ငယ်သေးတဲ့သူတွေကို ပညာပေးတာက အရွယ်ရောက်ပြီးသား လူတွေကို အာရုံစိုက်နေတာထက် ပိုအရေးကြီးတယ်လို့ သူက ယူဆတယ်။ ကောက်ရိတ်သိမ်းတာ ပြီးပြီးခြင်း မကြာခင်မှာပဲ ဂျက်ဆီနဲ့ ဘလူးဘဲလ် ဆိုတဲ့ ခွေးမလေး နှစ်ကောင် သားပေါက်လိုက်တာ နှစ်ကောင်ပေါင်းပြီး ကျန်းမာတဲ့ ခွေးကလေး ၉ ကောင်တောင် မွေးထားတယ်။ နို့ပြတ်ပြီ ဆိုတာနဲ့ နပိုလီယံဟာ ခွေးကလေး ၉ ကောင်ကို သူတို့မိခင်တွေဆီကနေ ခေါ်ထုတ်သွားပြီး ခွေးလေးတွေရဲ့ ပညာရေးအတွက် သူ တာဝန်ယူမယ်လို့ ဆိုတယ်။ အဲ့ဒီနောက်တော့ နပိုလီယံဟာ လှေကားနဲ့ သီးသန့်တက်မှ ရမယ့် သူတို့ အလုပ်ရုံ ထပ်ခိုးပေါ်မှာ ခွေးလေးတွေကို သီးခြား ခွဲထားလိုက်တာ တခြံလုံးက တိရိစ္ဆာန်တွေတောင် ဒီခွေးလေးတွေကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားတဲ့ အထိပါပဲ။
နွားနို့တွေ ဘယ်ပျောက်သွားလဲဆိုတဲ့ အဖြေကလည်း ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့ပါပြီ။ ဝက်စာတွေထဲကို နေ့တိုင်း ရောထည့်နေတာပါ။ ရာသီစ အစောပိုင်းသီးတဲ့ ပန်းသီးတွေလည်း ရင့်မှည့်နေကြပြီ ၊ လေတိုက်တာကြောင့် အပင်တန်းအောက်က မြက်ခင်းတွေထဲ ပြန့်ကြဲနေပါပြီ။တိရိစ္ဆာန်တွေအားလုံးက ဒါတွေကို ညီတူမျှတူ ခွဲဝေပေးမှာပဲလို့ ထင်ထားကြတာပါ။ တစ်နေ့မှာတော့ အမိန့်တစ်ခု ထွက်လာပါတယ်။ ကြွေကျနေတဲ့ ပန်းသီးတွေကို ဝက်တွေအသုံးပြုဖို့အတွက် အကုန်လုံး စုပြီး ဝက်များ အလုပ်လုပ်ရာ ဌာနချုပ်ကို လာအပ်ရမယ် ဆိုတဲ့ အမိန့်ပါ။ ဒီတစ်ခါမှာတော့ အားလုံးက ညည်းတွားလာကြပေမယ့် အချည်းနှီးပါပဲ ။ ဝက်တွေ အားလုံးက ဒါကို သဘောတူထားကြပြီးပါပီ။ ဘယ်တုန်းကမှ သဘောထား မတိုက်ဆိုင်တဲ့ နပိုလီယံနဲ့ စနိုးဘောတောင် အငြင်းမပွားကြပါဘူး။ စကွီလာကတော့ လိုအပ်တဲ့ ဖြေရှင်းမူတွေလုပ်ဖို့ တာဝန်ပေးခံရပါတယ်။
မျက်ရည်တွေနဲ့ စကွီလာက " ရဲဘော်တို့ ငါတို့ ဒီလိုလုပ်ရတာဟာ ကိုယ်ကျိုးအတွက် ပဓာနမထားဘဲ မြင့်မြတ်တဲ့ စိတ်ထားနဲ့ ဆိုတာကို မင်းတို့ မမြင်ကြဘူးလား။ ငါတို့ ဝက်တွေ အများစုက နို့နဲ့ ပန်းသီးကို လုံးဝမကြိုက်ဘူး။ ငါ လည်း မကြိုက်ဘူး ။ ငါတို့ ဒါတွေ အားလုံးကို ယူထားလိုက်ရတဲ့ တစ်ခုတည်းသော အကြောင်းက ငါတို့ ကျန်းမာရေးအတွက်ပဲ။ သိပ္ပံနည်းကျ တွေ့ရှိချက်တွေအရ ဒီ နို့နဲ့ ပန်းသီးတွေက ဝက်တွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်သတ္တုတွေ ပါဝင်နေတယ် ဆိုတာပဲ။ ငါတို့ ဝက်တွေက ဦးနှောက်သုံး အလုပ်လုပ်ရတဲ့ကောင်တွေ။ ဒီခြံကြီး တစ်ခုလုံးရဲ့ ကိစ္စအထွေထွေကို ငါတို့ပဲ ဦးဆောင်ဖြေရှင်းနေရတာ ။ မင်းတို့ အားလုံး သက်ရှင်နေထိုင်နိုင်ရေး ငါတို့ပဲ နေ့ညမပြတ် ဆောင်ရွက်ပေးနေရတာ။ မင်းတို့ အကျိုးအတွက် ငါတို့ ဒီ နို့နဲ့ ပန်းသီးတွေ စားနေရတာ။ ငါတို့ ဝက်တွေ အလုပ်သာ မလုပ်နိုင်တော့ရင် ဘာဖြစ်လာမလဲ မင်းတို့ သိကြရဲ့လား ? မစ္စတာ ဂျူန်းစ် ပြန်လာလိမ့်မယ် ၊ ကြိမ်းသေပေါက် ပြန်လာလိမ့်မယ်၊ သေချာပေါက်ပဲ ရဲဘော်တို့ " လို့ ငိုယိုပြီး ရှင်းပြတယ်။ မျက်ရည်စက်လက်နဲ့ စကွီလာက တောင်းပန်မတတ် ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်နဲ့ အမြီးတရမ်းရမ်းလုပ်ရင်း ဆက်ပြောတယ် " ဘယ်သူမှ မစ္စတာ ဂျူန်းစ် ပြန်လာတာမျိုး မြင်ချင်မှာမဟုတ်ဘူးဆိုတာ ငါသေချာပေါက်ပြောရဲတယ်"
အဲ့ဒီနောက်တော့ ဝက်တွေ နွားနို့နဲ့ ပန်းသီး စားနေကြတာ မစ္စတာ ဂျူန်းစ် ပြန်မလာစေချင်လို့ဆိုတာကို တိရိစ္ဆာန်တွေအားလုံး သေသေချာချာ သိသွားကြတော့တယ်။ ဒီလို အကျိုးအကြောင်းနဲ့ ရှင်းပြမှတော့ သူတို့ စောဒကတက်စရာ မရှိတော့ပါဘူး။ ဝက်တွေ ကျန်းမာနေဖို့ဆိုတာ တကယ်အရေးကြီးတဲ့ ကိစ္စဆိုတာ အရှင်းကြီးပဲကိုး။ အဲ့ဒီနောက်တော့ နွားနို့တွေရော ကြွေကျတဲ့ ပန်းသီးတွေအပြင် အပင်ပေါ်က အသီးကောင်းတွေရော အကုန်လုံးဟာ ဝက်တွေအတွက် သီးသန့် ဖယ်ထားရမယ်ဆိုတာ အငြင်းအခုန်မရှိ ကန့်ကွက်သူမရှိ သဘောတူလိုက်ကြပါတော့တယ်။
အခန်း (၄)
-------------
နွေရာသီနှောင်းပိုင်းလောက် အရောက်မှာပဲ ဒီခြံကြီးမှာ ဘာတွေဖြစ်သွားတယ်ဆိုတာကို အင်္ဂလန်ပြည် တစ်ဝက်လောက်က သိနေကြပါပြီ။ နေ့တိုင်းလိုလိုပဲ နပိုလီယံနဲ့ စနိုးဘောက ခြံထဲက ခို တွေကို အပြင်ကို လွတ်လေ့ရှိပါတယ်။ ရည်ရွယ်ချက်က နီးစပ်ရာ ဘေးခြံတွေထဲက တိရိစ္ဆာန်တွေကို တော်လှန်ရေးအကြောင်း သတင်းစကားပါးဖို့နဲ့ “ အင်္ဂလန်က တိရိစ္ဆာန်ကြီးများ” သီချင်းကို သင်ပေးဖို့ပါ။
မစ္စတာ ဂျူန်းစ်ကတော့ အချိန်တော်တော်များများ ဝယ်လင်တန်က ရက်လိုင်းယွန်း ဘုံဆိုင်မှာပဲ ရှိတာများတယ်။ သုံးစားမရတဲ့ တိရစ္ဆာန် တစ်စုက သူ ပိုင်ဆိုင်ထားတဲ့ အရာတွေကို မတော်မတရား မည်၍မည်ပုံ လုပ်ချလိုက်တယ်ဆိုတာကို လာနားထောင်သမျှ လူတွေကို ရှင်းပြနေတော့တာ။ တခြား လယ်သမားတွေက သူ့ကို စာနာထောက်ထားကြောင်း ပြောကြပေမယ့် ဘာအကူအညီမှတော့ မယ်မယ်ရရ မပေးကြပါဘူး။ တကယ့် စိတ်ရင်းထဲမှာတော့ သူတို့က မစ္စတာ ဂျူန်းစ်ရဲ့ ကံဆိုးမိုးမှောင်ကျမူကနေ ဘယ်လိုအမြတ်ထုတ်မလဲ အကြံထုတ်နေကြတဲ့ လူချည်းပါပဲ။
တိရိစ္ဆာန်ဘုံနဲ့ ကပ်ရပ် ခြံနှစ်ခြံကလည်း တစ်ခြံနဲ့ တစ်ခြံ မတည့်ကြတာ နပိုလီယံတို့အတွက် ကံကောင်းတယ်။ ဖောက်စ်ဝုဒ်လို့ ခေါ်တဲ့ ခြံကြီးကတော့ ခပ်ရိုးရိုး ရှေးရိုးစွဲဆန်တဲ့ ခြံကြီးပါ။ ဖောက်စ်ဝုဒ်ခြံ အရိုင်းတောကြီးက ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီ။ စားကျက်မြေတွေလည်း ပျက်စီးနေပြီ။ ခြံစည်းရိုးတွေလည်း ပုံစံမကျတော့ဘူး။ ဒီ ခြံကြီးရဲ့ ပိုင်ရှင် မစ္စတာ ဖီလ်ကင်တန် ကလည်း အေးအေးဆေးဆေးသမား ငါးမျှားလိုက် အမဲလိုက် လိုက်လုပ်နေရရင်ပဲ ကျေနပ်နေတာ။ နောက်တစ်ခြံကတော့ ပင့်ချ်ဖီးလ်ဒ် ဆိုတဲ့ခြံပေါ့။ ခြံပိုင်ရှင် မစ္စတာ ဖရက်ဒရစ်ကတော့ တော်တော်လေး လုပ်နိုင်ကိုင်နိုင်ရှိတဲ့ လူပါ။ တရားတဘောင် ကိစ္စတွေနဲ့ အမြဲရှုပ်နေတတ်ပြီး အခက်အခဲတွေကြားကနေပဲ အခွင့်အရေးရအောင် ယူတတ်တဲ့လူလို့ နာမည်ကြီးပါတယ်။ ဒီ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် တော်တော် ကြည့်မရဖြစ်နေကြတော့ သူတို့ နှစ်ယောက်စလုံး အကျိုးစီးပွားဖြစ်မယ့် ကိစ္စမျိုးတွေမှာတောင် သဘောထား မတိုက်ဆိုင်ကြပါဘူး။ ဒါပေမယ့်လည်း ဘေးက တိရိစ္ဆာန်ဘုံအကြောင်း သိရတဲ့အခါ သူတို့ တော်တော် ထိန့်လန့်နေကြတာပါ။ သူတို့ ခြံထဲက တိရိစ္ဆာန်တွေ ဒီသတင်းစကားတွေ သိသွားမှာ စိုးရိမ်နေကြပြီး ဖုံးဖိနိုင်ဖို့ ကြိုးစားနေကြပါတယ်။ အစပိုင်းမှာတော့ တိရိစ္ဆာန်တွေက ခြံတစ်ခြံကို ကိုယ်တိုင်ဦးစီးနေကြတယ်ဆိုတဲ့ ကိစ္စကို သူတို့ ပြက်ရယ်ပြုခဲ့ကြတာပါ။ နှစ်ပတ်လောက်နဲ့ ဒီကိစ္စ ပြီးသွားမယ်လို့ သူတို့ ထင်ခဲ့ကြပါတယ်။ ဒီ ဘက်စုံ မွေးမြူရေးခြံကြီးထဲက တိရစ္ဆာန်တွေဟာ ( သူတို့က တိရိစ္ဆာန်ဘုံ ဆိုတဲ့ နာမည်ကို လက်မခံဘူး ) တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်နေတာနဲ့တင် မကြာခင် အကုန်ငတ်သေကုန်မှာပဲလို့ တွက်ထားကြတယ်။ ၂ ပတ်ကျော်လာတဲ့ထိ တိရိစ္ဆာန်တွေ အသေအပျောက်မရှိတာ တွေ့ပြီးနောက်တော့ သူတို့ နှစ်ယောက်စလုံး လေသံ စပြောင်းလာပါတယ်။ တိရိစ္ဆာန်ဘုံမှာ အတော်ကို ဆိုးဆိုးရွားရွား ကိစ္စတွေ ဖြစ်နေသယောင် မဟုတ်တမ်းတရားတွေ စ ပြောတော့တာပေါ့။ တိရိစ္ဆာန်ဘုံက တိရိစ္ဆာန်တွေမှာ အချင်းချင်း သတ်ဖြတ်စားသောက်တဲ့ ဓလေ့ ထွန်းကားနေတယ်ဆိုတာမျိုး၊ သံမြင်းခွာတွေကို အပူပေးပြီး နှိပ်စက်တဲ့နေရာမှာ သုံးတယ်ဆိုတာမျိုး၊ သူတို့ မိန်းမတွေကို ဘုံပိုင်သဘောထား ဆက်ဆံတယ် ဆိုတာမျိုးတွေပေါ့။ ဒါတွေဟာ လောက သဘာဝကို ဆန့်ကျင်တဲ့ တော်လှန်ရေးကြောင့်လို့ သူတို့က ဆိုပါတယ်။
သူတို့ ဘယ်လိုပြောပြော တိရိစ္ဆာန်တွေကတော့ အပြည့်အဝ မယုံကြည်ကြတော့ပါဘူး။ လူတွေကို မောင်းထုတ်ပြီး တိရိစ္ဆာန်တွေ ကိုယ်တိုင် ဦးစီးတဲ့ ဒီ အံ့ဖွယ် ခြံအကြောင်း ကောလဟာလတွေဟာ အမှန်တစ်ဝက် အမှားတစ်ဝက် သတင်းပေါင်းစုံ ပြန့်နှံ့သွားလိုက်တာ တစ်နှစ်အတွင်း နိုင်ငံအနှံ့ တော်လှန်ထကြွတဲ့ လှိုင်းလုံးကြီးတွေ ထ လာပါတော့တယ်။ ပုံမှန်ဆို ထိန်းသိမ်းရလွယ်တဲ့ နွားသိုးတွေက အမြဲမှုန်ယို ထိမ်းသိမ်းရခက်လာပါပြီ။ သိုးတွေက ခြံစည်းရိုးတွေကို ဖျက်ဆီးလိုက်ပြီး တွေ့သမျှ မြက်နုတွေ အတိုင်းအဆမရှိ စားနေကြပါပြီ။ နွားတွေက သူတို့ စားခွက်တွေ ကန်ကြောက်ပစ်နေတဲ့အချိန် အမဲလိုက် မြင်းတွေကလည်း ခြံစည်းရိုးတွေမြင်ရင် ခုန်မကျော်တော့တာကြောင့် သူတို့ ကျောပေါ်က လူချည်းသပ်သပ် ကျော်ထွက် သွားတော့တာပေါ့။ အကုန်လုံးကလည်း “ အင်္ဂလန်က တိရိစ္ဆာန်ကြီးများ သီချင်း”ကို အလွတ်ရနေကြပါပြီ။ အတော်ကို မြန်တဲ့နှူန်းနဲ့ ပြန့်သွားတာပါ။ လူတွေဟာ အဲ့ဒီသီချင်းသံကြားရင် အူကြောင်ကြောင် ပေါတောတောနိုင်တယ်လို့ ထင်ကြပေမယ့် သူတို့ ဒေါသ သူတို့ မထိန်းနိုင်ကြပါဘူး ။ တိရိစ္ဆာန်တွေ ဘာလို့ ဒီလောက် အရေးမပါတဲ့ သီချင်းကို ဆိုနေကြပါလိမ့်ဆိုပြီး နားမလည်နိုင်အောင်လည်း ဖြစ်နေကြပါတယ်။ တိရိစ္ဆာန် တစ်ကောင်ကောင် သီချင်းဆိုနေတာ တွေ့တာနဲ့ တွေ့တဲ့နေရာမှာ ရိုက်ခံရပါတယ်။ ဒါတောင်မှ သီချင်းဆိုရပ်သွားအောင် မဖိနှိပ်ထားနိုင်ပါဘူး။ ငှက်တွေကလည်း ခြုံပုတ်တွေ ထဲမှာ တီးတိုး ဆိုတယ် ၊ ခို တွေကလည်း သူတို့ အသိုက်ထဲမှာ ညည်းကြတယ်။ သီချင်းက ပန်းပဲဖိုက ထုရိုက်သံတွေနဲ့ ရောပြီးတော့လည်း ထွက်လာတတ်သလို ဘုရားကျောင်းက ခေါင်းလောင်းသံနဲ့လည်း အတူ ပါလာတတ်တယ်။ ဒီအသံတွေ ကြားပီးနောက်မှာတော့ လူတွေဟာ သူတို့အတွက် ကံဆိုးမိုးမှောင်ကျတော့မယ့် နမိတ်စကားတွေ ကြားရသလို ကြောက်ရွံ့တုန်လှုပ်ကုန်တော့တာပေါ့။
အောက်တိုဘာလ အစပိုင်းရောက်ပြီး။ ပြောင်းဖူးတွေလည်း ခူးသင့်တာခူး ချွေလှေ့ သင့်တာ ချွေလှေ့ပြီး စီရီထားပြီးကြပြီ။ ခို တစ်အုပ်ဟာ လေထဲမှာ အလျင်စလို ပျံသန်းလာကြပြီး ခြံရဲ့ တစ်နေရာမှာ မျက်ပြူးဆံပြာ နားလိုက်ကြတယ်။ မစ္စတာ ဂျူန်းစ်ရယ် သူ့လူတွေရယ်၊ ဖောက်စ်ဝုဒ် နဲ့ ပင့်ချ်ဖီးလ်ဒ် ခြံကြီးတွေက လူ ၆ ယောက်လောက်ရယ်ဟာ သူတို့ ခြံတံခါးဂိတ်ပေါက် အတွင်းထဲကို ဝင်ရောက်လာကြပြီး ခြံအဆောက်အဦတွေ ရှိရာဖက်ကို လှည်းလမ်းက တဆင့် တက်လာနေပါပြီ။ သေနတ်ကိုင်ထားတဲ့ မစ္စတာ ဂျူန်းစ်က လွဲရင် ကျန်တဲ့လူတွေက ပေါက်ပြားတွေ တုတ်တွေကိုင်ထားကြပါတယ်။ သူတို့ ခြံကို ပြန်သိမ်းပိုက်ဖို့ဆိုတာ ထင်ရှားနေပါပြီ။
ဒီလိုဖြစ်လာမယ်ဆိုတာကို တိရိစ္ဆာန်တွေက ကြိုမျှော်လင့်ထားသလို ပြင်ဆင်စရာ ရှိတာတွေလည်း ပြင်ဆင်ထားခဲ့ကြပြီးပါပြီ။ ဂျူးလီးယက်စ်ဆီဇာရဲ့ တိုက်ပွဲများအကြောင်း စာအုပ်ကို ဖတ်ထားတဲ့ စနိုးဘောက ခုခံစစ်ဆင်ရေးကို တာဝန်ယူထားပါပြီ။ စနိုးဘောက အမိန့်တွေ တရစပ် မြန်မြန်ဆန်ဆန် ထုတ်နှုတ် ညွှန်ကြားပြီးနောက်မှာပဲ တိရိစ္ဆာန်တွေက သူတို့ ရှိရမယ့် နေရာတွေမှာ နေရာယူထားကြပါပြီ။ လူတွေ ခြံအဆောက်အဦးနားကို ကပ်လာတယ် ဆိုရင်ပဲ စနိုးဘောက သူ့ရဲ့ ပထမဆုံး တိုက်ခိုက်မူကို စတင်လိုက်ပါတယ်။ အကောင်ရေ ၃၀ ကျော်လောက်ရှိမယ့် ခိုတွေက လူတွေရှိရာဆီ ထိုးစိုက် သွားကြပြီး တောင်ပံတွေနဲ့ရိုက်ပုတ်တာ ၊ ခေါင်းတွေပေါ်ကို မစင်စွန့်ချလိုက်တာမျိုးတွေ တရစပ် လုပ်နေကြပါတယ်။ အဲ့ဒီအချိန်မှာပဲ ခြံစည်းရိုးတန်းတွေထဲမှာ ပုန်းနေခဲ့ကြတဲ့ ငန်းတွေ ပြေးထွက်လာကြပြီး လူသတ္တဝါတွေရဲ့ ခြေသလုံးတွေကို အပြင်းအထန် ထိုးဆိတ် တိုက်ခိုက်ကြပါတယ်။ တကယ်တမ်းတော့ ဒါဟာ အခြေအနေ ရုတ်ရုတ်သည်းသည်း ဖြစ်သွားယုံလေး ရည်ရွယ်တဲ့ စနိုးဘောရဲ့ အပျော့စား စစ်ရေးဗျူဟာ အဆင့်ပဲရှိသေးတာမို့ လူတွေဟာ သူတို့မှာပါလာတဲ့ တုတ်တွေနဲ့တင် ငန်းတွေကို ရှင်းလင်း မောင်းထုတ်လိုက်နိုင်ပါတယ်။ စနိုးဘောက သူ့ရဲ့ ဒုတိယအဆင့် တိုက်ခိုက်ရေး ဗျူဟာကို ထုတ်သုံးလိုက်ပါပြီ။ သူကိုယ်တိုင် ဦးဆောင်ပြီး ဆိတ်ကြီး မြူရီရယ်၊ ဘင်ဂျမင်နဲ့ သိုးတွေက လူတွေရှိရာဆီ ပြေးဝင်သွားကြပြီး ဘက်ပေါင်းစုံကနေ တွန်းထိုး တိုက်ခိုက်ကြပါတယ်။ ဘင်ဂျမင်ကလည်း ကိုယ်ကို တပတ်လှည့်ပြီး ခွာနဲ့ ကန်ကျောက်နေပါတယ်။ ဒါပေမယ့်လည်း လူတွေ ကိုင်လာတဲ့ တုတ်တွေရယ် စီးလာတဲ့ သံခွာဖိနပ်တွေက သူတို့ ထင်ထားတာထက် အင်အားကြီးနေခဲ့ပါတယ်။ စနိုးဘောက တပ်ပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်ပြီးနောက် တိရိစ္ဆာန်တွေအားလုံး ခြံပေါက်ဝကနေ ခြံဝင်းထဲ ပြန်ဝင်ပြေးသွားကြပါပြီ။
လူတွေက အောင်ပွဲရတဲ့အတိုင်းပဲ အားတက်သရော အော်ဟစ်ကြုံးဝါးလိုက်ကြပါတယ်။ တိရိစ္ဆာန်တွေ ပြေးသွားတာ မြင်လိုက်ရတဲ့နောက်တော့ လူတွေက အစီအစဉ်မကျဘဲ အလျင်စလို နောက်က ပြေးလိုက်လာကြတာပါ။ ဒီလိုဖြစ်လာဖို့ပဲ စနိုးဘောက ကြိုတင်ကြံစည်ထားခြင်းဖြစ်ပါတယ်။ ခြံအတွင်းထဲကို လူတွေ အစီအစဉ်မကျ ကျွံဝင်လာတယ်ဆိုရင်ပဲ နွားခြံထဲမှာ ကြိုတင်ပုန်းအောင်းနေကြတဲ့ မြင်းသုံးကောင်၊ နွားသုံးကောင်နဲ့ ဝက်တွေ အကုန်လုံးက လူတွေရဲ့ အနောက်ဘက်က ပေါ်လာပြီး တိုက်ခိုက်လိုက်ကြပါတယ်။ စနိုးဘော ကိုယ်တိုင်ကတော့ မစ္စတာ ဂျူန်းစ် ရှိရာဆီ ဦးတည် ပြေးထွက်သွားခဲ့တာပါ။ စနိုးဘော ပြေးဝင်လာတာကို တွေ့လိုက်တဲ့ မစ္စတာ ဂျူန်းစ်က သေနတ်နဲ့ လှမ်းချိန်ပြီး ပစ်ထည့်လိုက်ပါတယ်။ ကျည်ဟာ စနိုးဘောရဲ့ ကျောကို ရှပ်မှန်ပြီး သိုးတစ်ကောင်ကို ထိမှန်သေဆုံးစေခဲ့ပါတယ်။ သွေးစက်တွေ တန်းလန်းနဲ့ ပြေးဝင်သွားတဲ့ စနိုးဘောဟာ သူ့ရဲ့ ပေါင် ၂၀၀ ကျော်အလေးချိန်ရှိမယ့် ခန္ဓာကိုယ်ကြီးကို အားကုန်သုံးပြီး မစ္စတာ ဂျူန်းစ် ခြေထောက်ရှိရာဆီ အားကုန် ပက်ထည့်လိုက်ပါတယ်။ မစ္စတာ ဂျူန်းစ်ဟာ နွားချေးပုံပေါ် လွှင့်စင်ထွက်သွားပြီး လက်ထဲက သေနတ်လည်း လွတ်ကျသွားခဲ့ပါပြီ။ ဒီထက်ပိုပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်မူကြီးကို လုပ်လိုက်တာတော့ ဘောက်ဆာပါ ။ ဖောက်စ်ဝုဒ်ခြံက အလုပ်သမားလေးတစ်ယောက်ကို သူ့ရဲ့ နောက်ခြေ နှစ်ချောင်းကို အားပြု ပဒတ်ရပ်လိုက်ပြီး သံခွာတပ်ထားတဲ့ ရှေ့ခြေနှစ်ချောင်းနဲ့ ခေါင်းတည့်တည့် ဆောင့်ကန်ထည့်လိုက်တာ ရွံ့ဗွက်ထဲ အရုပ်ကြိုးပျက်သလို ပြုတ်ကျသွားပါတယ်။ အဲ့ဒီမြင်ကွင်းကို မြင်လိုက်ကြတဲ့ လူတွေဟာ သူတို့ ကိုင်လာတဲ့ တုတ်တွေကို ပစ်ချပြီး ထွက်ပြေးဖို့ ကြိုးစားကြပါတော့တယ်။ လူသတ္တဝါတွေ တုန်လှုပ်ကြောက်ရွံ့စိတ် ဝင်သွားပါပြီ။ အဲ့ဒီနောက်တော့ ခြံထဲမှာ တိရိစ္ဆာန်တွေက လူသတ္တဝါတွေနောက်ကလိုက်ပြီး အငြိုးတကြီး လိုက်လံတိုက်ခိုက်တဲ့ အနေအထားဖြစ်သွားခဲ့ပါတယ်။ လူတွေဟာ ဂျိုနဲ့ အခွေ့ခံရ၊ ခြေထောက်နဲ့ အကန်ခံရ ၊ အကိုက်ခံရ ၊ အနင်းခံရ ဖြစ်ကုန်ပါပြီ။ ခြံမှာရှိတဲ့ တိရိစ္ဆာန်တွေအားလုံး တစ်ကောင်မကျန် သူ့နည်းသူ့ဟန်နဲ့ လူသတ္တဝါတွေကို လက်စားချေ ချေမှုန်းနေကြတာပါ။ အမြဲတမ်း ပတ်ပြေးနေတတ်တဲ့ ကြောင်ကတောင် နွားကျောင်းသား တစ်ယောက်ရဲ့ ပုခုံးပေါ် ခုန်တက်ပြီး လည်ပင်းထဲကို သူ့လက်သည်းနဲ့ စိုက်ခြစ်ချလိုက်တာ အတော်ဆိုးရွားတဲ့ အော်ဟစ်သံကြီး ထွက်လာခဲ့ပါတယ်။ ခြံပြင်ကို ပြေးထွက်လို့ရတဲ့ အခွင့်အရေးတွေ့လိုက်တာနဲ့ လူသတ္တဝါတွေ အကုန်လုံး ကျေကျေနပ်နပ်နဲ့ ဂိတ်ပေါက်ဝဘက်ကို အရှုံးပေး ပြေးထွက်သွားကြပါပြီ။ ခြံထဲကို ကျူးကျော်ဝင်ရောက်လာပြီး ငါးမိနစ်လောက် အကြာမှာပဲ လူသတ္တဝါတွေဟာ လာရာလမ်းအတိုင်း အရှက်တခွဲ ဆုတ်ခွာထွက်ပြေးနေရပါပြီ။ နောက်မှာတော့ ငန်းတွေက ခြံပေါက်ထိလိုက်လာပြီး သူတို့ ခြေသလုံးတွေကို လိုက်လံ ထိုးဆိတ်နေကြပါသေးတယ်။
ခဏကြာတော့ လူသတ္တဝါတွေ အကုန်လုံး ခြံထဲမှာ မရှိတော့ပါ။ တစ်ယောက်ကလွဲလို့ပေါ့။ ခြံအတွင်းထဲမှာ ဘောက်ဆာက သူ့ ခွာတွေကို သုံးပြီး ရွံ့ဗွက်ထဲ မျက်နှာစိုက်ပြီး လဲနေတဲ့ ကောင်လေးကို ပက်လက်လှန်လို့ ရလိုရညား တို့ထိ ကြိုးစားကြည့်နေပါတယ်။ ကောင်လေးဟာ လှည့်မလာတော့ပါ။
“ သူ သေသွားပြီ” လို့ ဘောက်ဆာက ဝမ်းနည်းပက်လက်ပြောပါတယ်။ “ ငါ ဒီလောက်ကြီး လုပ်ဖို့ မရည်ရွယ်ပါဘူးကွာ ငါ့မှာ သံခွာတွေတပ်ထားတာ ငါ မေ့နေလို့ပါ။ ငါ တမင်သက်သက် လုပ်တာ မဟုတ်ဘူးဆိုတာကို ဘယ်သူက ယုံမှာလည်း “လို့ ယူကြူံးမရ ပြောလိုက်တယ်။
“ စိတ်မကောင်း ဖြစ်စရာမလိုဘူး ရဲဘော်” သွေးတစ်စက်စက် ကျနေတဲ့ စနိုးဘောက ငိုရင်းပြောတယ်။ “ စစ်ပွဲက စစ်ပွဲပဲ ကောင်းပါတယ်ဆိုတဲ့ လူသတ္တဝါဆိုလို့ သေနေတဲ့ လူပဲရှိတယ်” လို့ ဆက်ပြောတယ်။
“ ငါ ဘယ်သူ့ကိုမှ သတ်ချင်ဖြတ်ချင်စိတ် မရှိဘူး။ လူ ဖြစ်နေရင်တောင် မသတ်ချင်ဘူး” လို့ ဘောက်ဆာက မျက်ရည်တွေနဲ့ ထပ်ပြောတယ်။
“ မိုလီ ဘယ်ရောက်နေလဲ” တစ်စုံတစ်ယောက်က ထ မေးလိုက်တယ်။
တကယ်တော့ မိုလီ ပျောက်နေပါတယ်။ အဲ့အချိန်မှာ အကုန်လုံးက စိတ်ပူသွားကြပါတယ်။ လူတွေကများ သူ့ကို အန္တရာယ်ပြုလိုက်ပြီလား ဒါမှမဟုတ် သူတို့နဲ့အတူ ခေါ်သွားပြီလား ဆိုပြီးတော့ပါ။ နောက်ဆုံးမှာတော့ သူ့ကို မြင်းခြံထဲက ကောက်ရိုးပုံထဲ ခေါင်းစိုက်ပြီး ပုန်းနေတာ သွားတွေ့လိုက်ရပါတယ်။ သေနတ်သံ ကြားလိုက်ရပါပြီ ဆိုကတည်းက လစ်သွားတော့တာပါ။ မိုလီကို ရှာပြီး ပြန်လာတော့မှပဲ ရွံ့ဗွက်ထဲ လဲကျနေတဲ့ ကောင်လေးဟာ မူးမေ့သွားတာသာဖြစ်ပြီး ပြန်သတိရလာတော့ ထွက်ပြေးသွားခဲ့ပါပြီ။
တိရိစ္ဆာန်တွေအားလုံး အတိုင်းမသိ ဝမ်းသာစိတ်လှုပ်ရှားနေကြပါပြီ။ တစ်ကောင်နဲ့တစ်ကောင် တိုက်ပွဲအတွင်းမှာ ဘယ်လိုဘယ်ပုံ ဆော်လိုက်တာဆိုတာကို ကြွားလုံးထုတ် ပြောဆိုနေကြပါပြီ။ တိုင်ပင်မထားတဲ့ အောင်ပွဲခံ အခမ်းအနားကြီးလည်း ဖြစ်လာခဲ့ပါပြီ။ အလံကို လွင့်လိုက်ပြီး “ အင်္ဂလန်က တိရိစ္ဆာန်ကြီးများ” သီချင်းကိုလည်း ဘယ်နှစ်ခေါက်မှန်းမသိ ဆိုနေကြပါပြီ။ နောက်တော့ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ သိုးကို ဂုဏ်ပြုအခမ်းအနားနဲ့ သင်္ဂျိုလ်လိုက်ကြပါတယ်။ သူ့မြေပုံလေးပေါ်မှာ သူ ကြိုက်တတ်တဲ့ အပင်လေးလည်း စိုက်ပျိုးပေးလိုက်ပါတယ်။ အဲ့ဒီနားမှာပဲ စနိုးဘောက တိရိစ္ဆာန်တွေဟာ လိုအပ်လာရင် ဒီခြံအတွက် အသက်ပေးဖို့ အဆင်သင့်ဖြစ်နေရမယ် ဆိုတဲ့ မိန့်ခွန်းတိုလေး ပြောလိုက်ပါတယ်။ တိရိစ္ဆာန်တွေအားလုံးက စစ်ဘက်ဆိုင်ရာ ဂုဏ်ပြု အဆောင်အယောင်တွေ သတ်မှတ်ဖို့ သဘောတူလိုက်ကြပါတယ်။ “ တိရိစ္ဆာန် သူရဲကောင်း၊ ပထမတန်း” အဖြစ် စနိုးဘောနဲ့ ဘောက်ဆာကို ဂုဏ်ပြုလိုက်ပါတယ်။ တနင်္ဂနွေနေ့နဲ့ အားလပ်ရက်တွေမှာ တပ်ဆင်ဖို့ ကြေးပြား တံဆိပ်လည်း ပါပါတယ်။ တိရိစ္ဆာန် သူရဲကောင်း။ ဒုတိယတန်း” ကိုတော့ ကျဆုံးသွားတဲ့ သိုးကို ပေးအပ်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ တိုက်ခဲ့တဲ့ တိုက်ပွဲကို ဘာနာမည်ပေးမလဲဆိုပြီး တိုင်ပင်ကြပါတယ်။ နောက်ဆုံးမှာ “နွားတင်းကုပ်” တိုက်ပွဲလို့ နာမည်ပေးလိုက်ပါတယ်။ နွားခြံထဲရောက်မှ တကယ့် ပွဲကြီးပွဲကောင်း ဖြစ်ခဲ့တာကိုး။ မစ္စတာဂျူန်းစ် ကျန်ခဲ့တဲ့ သေနတ်ကိုလည်း အလံတိုင်အောက်မှာ ထောင်ထားလိုက်ပြီး တစ်နှစ်ကို ၂ ကြိမ် ပစ်ဖောက်ဖို့ စီစဉ်လိုက်ကြပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ တစ်ကြိမ် ၊ တော်လှန်ရေး နှစ်ပတ်လည်မယ့် နွေရာသီမှာ တစ်ကြိမ်။
===========================
အခန်း (၅)
-------------
ဆောင်းတွင်းပိုင်းထဲ ရောက်လာချိန်က စ ပြီး မိုလီ ဟာ တဖြည်းဖြည်းနဲ့ ဂဂျီဂဂျောင်များတဲ့ ပြဿနာအိုး ဖြစ်လာခဲ့တယ်။ မနက်တိုင်းလည်း အလုပ်ကို နောက်ကျမှ လာတယ်။ တစ်ခုခု လုပ်စရာရှိရင်လည်း သူ့မှာ အမည်မဖော်နိုင်တဲ့ နာကျင်ကိုက်ခဲမူ တစ်ခုပြီး တစ်ခုဖြစ်ပြနေတော့တာပဲ။ အစားအသောက်ကျ ပုံမှန်ပဲ မပြတ်ဘူး ။ ဘယ်အလုပ်နေနေ အကြောင်းပြ ငြင်းပြီးရင် သောက်ရေကန်ဘေးကို သွားပြီး သူ့ကိုယ်သူ ကြောင်တောင်တောင်နဲ့ ငေးကြည့်နေတော့တာ။ ဒါတွေထက် ပိုအရေးကြီး ပြဿနာကြီးတဲ့ ကိစ္စက ရှိသေးတယ်။ တစ်ရက် ခြံထဲမှာ မိုလီ ပျော်ရွှင်မြူးထူးပြီး အမြီးတစ်ရမ်းရမ်းနဲ့ ခုန်ပေါက်နေတုန်း ကလိုဗာက ဘေးနားကို ရောက်လာတယ်။
“ မိုလီ , ငါ မင်းကို လေးလေးနက်နက် ပြောစရာရှိတယ်။ ဒီနေ့မနက် မင်း ဖောက်စ်ဝုဒ်ခြံဘက်ကို ခြံစည်းရိုးတွေပေါ်က ကျော်ပြီး ကြည့်နေတာ ငါတွေ့တယ်။ ဟိုခြံဘက်ကလည်း မစ္စတာ ဖီလ်ကင်တန် ရဲ့ အလုပ်သမားတစ်ယောက် ရပ်နေတာငါတွေ့တယ်။ ငါ မြင်ရတာ အဝေးကြီးက ဆိုပေမယ့် သူ နဲ့ မင်းနဲ့ စကားပြောနေတာရော အဲ့ဒီ လူသတ္တဝါက မင်း နှာခေါင်းတွေကို လာပွတ်သပ်နေတာကို ငြိမ်ခံနေတာရော သေချာမြင်လိုက်တယ်၊ အဲ့ဒါ ဘာသဘောလဲ မိုလီ” လို့ ကလိုဗာက မေးလိုက်တယ်။
“ သူလည်း မလုပ်ဘူး ၊ ငါလည်းမဟုတ်ဘူး၊ အဲ့ဒါအမှန်မဟုတ်ဘူး” မိုလီက ခွာကို မြေမှာ ပေါက်ပြီး ငိုယိုပြောတယ်။
“ မိုလီ မင်း ငါ့မျက်နှာကို သေချာကြည့်ပြီး သိက္ခာရှိရှိ ကျိန်ပြောရဲလား အဲ့ဒီ လူသတ္တဝါ မင်း နှာခေါင်းကို လာမပွတ်သပ်ဘူးဆိုတာကို “ ကလိုဗာက ထပ်မေးလိုက်တယ်။
“ အဲ့ဒါ မဟုတ်ဘူး” မိုလီက ထပ်ငြင်းတယ်။ အဲ့သလိုပြောပြီးတာနဲ့ ကလိုဗာကို စေ့စေ့တောင် မကြည့်ဘဲ ကွင်းပြင်ထဲ ရှောင်ပြေးသွားပါတော့တယ်။ ကလိုဗ ခေါင်းထဲ အတွေးတစ်ခု ဝင်လာပြီး မိုလီ အိပ်တဲ့ မြင်းခြံဘက်ကို ဘယ်သူ့ကိုမှ မခေါ်ဘဲ ထွက်လာခဲ့တယ်။ ကောက်ရိုးအခင်းတွေကို သူ့ ခွာနဲ့ လှန်လှောကြည့်လိုက်တဲ့အခါ ဖွက်ထားတဲ့ သကြားခဲတွေနဲ့ အရောင်စုံ ဖဲကြိုးတွေ ထွက်လာတော့တာပဲ။
သုံးရက်လောက် ကြာတဲ့အခါ မိုလီ ပျောက်ချည်းမလှ ပျောက်သွားပါတယ်။ သူ ဘယ်ရောက်နေလဲဆိုတာလည်း ဘယ်သူမှ မသိကြပါဘူး။ သိပ်မကြာခင်မှာပဲ ခို တွေဟာ မိုလီကို ဝယ်လင်တန်ရဲ့ အခြား တစ်ဘက်ခြမ်းမှာ တွေ့လိုက်ကြောင်း သတင်းပေးကြပါတယ်။ “ အရက်ဘား တစ်ခုရှေ့မှာ ရပ်ထားတဲ့ မြင်းလှည်း ဝင်ရိုးတွေ ကြားထဲမှာပေါ့။ ဖြူ နီ ဆေးရောင်တွေ သုတ်ထားတဲ့ မြင်းလှည်းတစ်ခုပါ။ မြင်းစီးဝတ်စုံ သားသားနားနား ဝတ်ထားပြီး အရက်ဆိုင် ပိုင်ရှင်ဖြစ်ဟန်တူတဲ့ ခပ်ဝဝ မျက်နှာ နီနီဖောင်းဖောင်းနဲ့ လူကြီးက မိုလီကို ပွတ်သပ်ပြီး သကြားခဲတွေ ကျွေးနေတာပေါ့။ လည်ဆံမွှေးတွေကိုလည်း သပ်သပ်ရပ်ရပ် ညှပ်ထားပြီး လည်ပင်းမှာ ဖဲကြိုးတွေ တပ်ထားသေးတာတဲ့။ မိုလီ ကြည့်ရတာ ပျော်နေပုံပဲလို့ ခိုတွေက တခြားတိရိစ္ဆာန်တွေကို ပြောပြပြီးတဲ့နောက်တော့ ဘယ် တိရိစ္ဆာန်မှ မိုလီအကြောင်း ထပ်မပြောကြတော့ပါဘူး။
ခိုက်ခိုက်တုန်အောင် အေးတဲ့ ဇန်နဝါရီလလည်း ရောက်ပြီ။ မြေကြီးကလည်း သံတုံးလိုပဲ မာကျစ်နေတာမို့ စိုက်ကွင်းတွေထဲက အလုပ် ဘာတစ်ခုမှ လုပ်မရတဲ့အချိန်။ ခြံထဲက အဆောက်အဦးထဲမှာ အစည်းအဝေးတွေ အများကြီးလုပ်ဖြစ်ကြပြီး ဝက်တွေကတော့ လာမယ့်ရာသီ ဘာဆက်လုပ်မယ်ဆိုတာကို ဆုံးဖြတ်ချက် ချတဲ့နေရာမှာ အမြဲရှိတာပေါ့။ ဝက်တွေဟာ တခြားတိရိစ္ဆာန်တွေထက် ဉာဏ်ရည်ပိုမြင့်တယ်လို့ လက်ခံထားတဲ့အတွက် ခြံရဲ့ ကိစ္စအဝဝကို မည်သို့ ဆောင်ရွက်မယ်ဆိုတာ ဆုံးဖြတ်ခွင့်ရှိတယ်။ မဆုံးဖြတ်ခင် အများဆန္ဒတော့ မဲခွဲရသေးတာပေါ့လေ။ စနိုးဘောနဲ့ နပိုလီယံသာ အမြဲတမ်း ငြင်းခုန်ပြီး ပြဿနာတက်မနေခဲ့ရင် ခုလို စီစဉ်ထားတာ အတော်အလုပ်ဖြစ်မှာပါ။ သူတို့ နှစ်ကောင်က သဘောမတူလို့ရတဲ့နေရာရှိတာနဲ့ သဘောထားခြင်း မတိုက်ဆိုင်နေတော့တာပဲ။ တစ်ကောင်က စပါးစိုက်မယ်ဆို တစ်ကောင်က ဂျုံစိုက်မယ် လုပ်တာ။ ဒီမြေက ဂေါ်ဖီစိုက်လို့ အဆင်ပြေတယ်လို့ တစ်ကောင်က သုံးသပ်ရင် နောက်တစ်ကောင်က အာလူးတွေ ကန်ဇွန်းဥတွေ စိုက်ချင်တာ။ နှစ်ကောင်စလုံးမှာက သူ့ နောက်လိုက်တွေနဲ့ သူ ရှိတော့ အစည်းအဝေးတွေမှာ ပြင်းပြင်းထန်ထန် အငြင်းအခုန်ဖြစ်ကြတယ်။ တရားဝင် အစည်းအဝေးတွေမှာတော့ စကားပြော ပါးနပ်တဲ့ စနိုးဘောက အနိုင်ရတာများပေမယ့် နပိုလီယံကလည်း အစည်းအဝေးမဟုတ်တဲ့ အချိန် ခြံထဲက လက်တွေ့ အနေအထားမှာတော့ သူ့ နည်းသူ့ဟန်နဲ့ အသာစီးရအောင် စည်းရုံးထားနိုင်တယ်။ အထူးသဖြင့် သိုးတွေကို စည်းရုံးတာ အောင်မြင်တယ်ပြောရမယ်။ “ခြေလေးချောင်း ကောင်း၊ ခြေနှစ်ချောင်းမကောင်း” ဆိုတဲ့ ဆောင်ပုဒ်ကို ထပ်ခါထပ်ခါ ဆိုလေ့ရှိတဲ့ သိုးတွေက အချိန်အခါမကြည့် အမြဲ အော်ဆိုနေကြတာလေ။ အထူးသဖြင့် စနိုးဘောက အစည်းအဝေးမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ပြောဆိုနေချိန်မှာဆို သိုးတွေ ဆီက အသံက ထွက်ထွက်လာတယ်။ စနိုးဘောက ခြံထဲမှာ ကောက်ရထားဖူးတဲ့ မွေးမြူရေးနဲ့ စိုက်ပျိုးရေး လက်စွဲစာအုပ်ကို သေချာလေ့လာပြီးတဲ့နောက် ခြံထဲမှာ တီထွင်ဆန်းသစ်မူတွေ အဆင့်မြင့်တင်မူတွေ လုပ်ဖို့ အကြံအစည်တွေ အများကြီးရှိနေခဲ့တယ်။ စိုက်ခင်းတွေထဲ ရေဆင်းကောင်းရေး ကိစ္စတွေ၊ တိရိစ္ဆာန်တွေအတွက် အစာကိစ္စ ၊ မြေဩဇာ ကိစ္စ စသဖြင့်ပေါ့။ စိုက်ခင်းတွေကို မြေဩဇာကျွေးတဲ့နေရာမှာ လုပ်အားမကုန် အချိန်မကုန်အောင် တိရိစ္ဆာန်တွေအားလုံး စိုက်ခင်းထဲက မတူညီတဲ့ နေရာတွေမှာ မစင်တွေ တိုက်ရိုက် စွန့်ဖို့ ဆိုတာမျိုးကအစ အတော်ရှုပ်ထွေးတဲ့ ဇယားကြီးနဲ့ စီစဉ်ထားတာ။ နပိုလီယံကတော့ သူ့အတွက် အချိန်အခါကောင်းကို စိတ်ရှည်လက်ရှည် စောင့်နေတာကလွဲလို့ ခြံနဲ့ပတ်သက်ပြီး ဘာအစီအစဉ်မှ ထူးထူးထွေထွေ ချ မပြဘူး။ စနိုးဘော စီစဉ်သမျှ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာမျိုးကိုတော့ တိုးတိုးတိတ်တိတ် သွေးအေးအေးနဲ့ ပြောလေ့ရှိတယ်။ လေဒဟတ် အဆောက်အဦး ဆောက်မယ့် ကိစ္စမှာတော့ သူတို့ နှစ်ကောင် တော်တော်လေးကို ဆိုးဆိုးရွားရွား အဆင်မပြေဖြစ်ခဲ့ကြတယ်။
တော်တော်ရှည်လျားတဲ့ စားကျက်မြေတွေပြီးသွားရင် ခြံကြီးတစ်ခြံလုံးကို စီးပြီး မြင်နေရတဲ့ ကုန်းမိုမိုလေးရှိတယ်။ မြေအနေအထားကို လေ့လာပြီးတဲ့နောက် အဲ့ဒီနေရာဟာ ခြံအတွက် လိုအပ်တဲ့ လျှပ်စစ်မီးကို လေအားလျှပ်စစ်ကနေ ထုတ်ဖို့ လေဒဟတ် အဆောက်အဦး ဆောက်မယ်လို့ စနိုးဘောက ကြေညာလိုက်တယ်။ လျှပ်စစ်မီးက သူတို့ အိပ်ယာတွေကို အလင်းရောင်ပေးနိုင်မယ်၊ ဆောင်းတွင်းဆိုလည်း အနွေးဓာတ်ပေးလို့ရတယ်၊ ကောက်ရိုးတွေဖြတ်တဲ့ လွှသွားတွေကိုလည်း လည်အောင်လုပ်လို့ရတယ်၊ အမြစ်တွေ ဥ တွေ ခုတ်ထစ်လို့လည်းရတယ်၊ နွားနို့ကိုလည်း အလိုအလျောက် စက်နဲ့ ညစ်ယူလို့ရတယ် ဆိုတဲ့အကြောင်း တိရိစ္ဆာန်တွေကို ပြောပြလိုက်တယ်။ ရှေးရိုးစွဲ ခြံထဲမှာ ခေတ်မမှီတဲ့ ပစ္စည်းတွေပဲ တွေ့ဖူးတဲ့ တိရိစ္ဆာန်တွေက စနိုးဘော ပြောပြတဲ့အရာတွေကို မမြင်ဖူး မကြားဖူးတဲ့အတွက် အံ့ဩမှင်သက် နားထောင်နေကြတာပေါ့။ လျှပ်စစ်မီးက သူတို့ အလုပ်တွေ တော်တော်များများကို ကိုယ်စားလုပ်ပေးနိုင်မှာမို့ စားကျက်ထဲမှာ အစာတွေ စားတာရယ် စိတ်အေးချမ်းဖို့ စာရေး စာဖတ်လုပ်တာ ၊ အချင်းချင်း စကားစမြည်ပြောကြတာမျိုးပဲ ရှိတော့မယ့် အကြောင်း စနိုးဘောက စိတ်ကူးပုံဖော်ရင်း ပြောပြတယ်။
ရက်နည်းနည်း အကြာမှာပဲ စနိုးဘောရဲ့ လေဒဟတ်ဆောက်မယ့် စီမံကိန်းက စီစဉ်ပြီးပြီ။ အသေးစိတ် နည်းပညာဆိုင်ရာ အချက်အလက်တွေလည်း တွက်ထုတ်ပြီးပြီ။ တော်တော်များများကတော့ မစ္စတာ ဂျူန်းစ် ကျန်ခဲ့တဲ့ စာအုပ်သုံးအုပ်ထဲက ထုတ်နှုတ်ထားတာတွေ့ပေါ့ ။ “ အိမ်တစ်အိမ်အတွက် အသုံးချစရာ နည်းပညာ ၁၀၀၀” စာအုပ် ၊ “ ကိုယ့်အိမ်ကိုယ်ဆောက် “ ၊ “ အခြေခံ လျှပ်စစ်အကြောင်း သိကောင်းစရာ” ဆိုတဲ့ စာအုပ်တွေပေါ့။ စနိုးဘောက အခန်းဟောင်းတစ်ခန်းကို စာအုပ်တွေ လေ့လာတဲ့ နေရာအဖြစ်သုံးတယ်။ အောက်အသားကြမ်းခင်းက ချောချောလေးဆိုတော့ ဟိုဆွဲ ဒီခြစ်လုပ်ရတာ အဆင်ပြေလို့ပါ။ စနိုးဘောဟာ အဲ့ဒီအခန်းထဲမှာ အချိန်အတော်ကြာနေပြီး စာအုပ်တွေကို အပတ်တကုတ်လေ့လာတယ်။ စာအုပ်ကို ကျောက်တုံးတစ်တုံးနဲ ဖိထား သူ့ ရှေ့လက် နှစ်ချောင်းကြား မြေဖြူခဲကို ညှပ်ထားပြီး မျည်းကြောင်းတွေကို စိတ်ပါလက်ပါ ဆွဲနေတတ်တယ်။ တဖြည်းဖြည်းနဲ့ အခန်းကြမ်းပြင် တစ်ဝက်လောက်က ဝင်ရိုးတွေ ဒလက်တွေ ကရိယာ အစိတ်အပိုင်းပုံစံတွေ ရှုပ်ယှက်ခက်နေအောင် ဆွဲထားတာနဲ့တင် ပြည့်နေပါပြီ။ ဒါတွေကို တွေ့လိုက်ကြတဲ့ တိရိစ္ဆာန်တွေက ဘာတွေ ဆွဲထားတယ်ဆိုတာ ဉာဏ်မမီပေမယ့် စနိုးဘောကိုတော့ အတော် အထင်ကြီးသွားကြပါတယ်။ တိရိစ္ဆာန်တွေက စနိုးဘော ဆွဲထားတာကို တစ်ရက်တစ်ခါတော့ လာကြည့်ကြတယ်။ ကြက် တွေ ဘဲတွေကလည်း လာကြည့်တဲ့အချိန် မြေဖြူနဲ့ ဆွဲထားတဲ့ ပုံတွေ မထိခိုက်ရအောင် သေချာ သတိထားရတာ သူတို့အတွက် အတော် ပင်ပန်းတယ်။ မလာတာဆိုလို့ နပိုလီယံ တစ်ကောင်ပဲ။ စ ကတည်းက လေဒဟတ် တည်ဆောက်မယ့် အစီအစဉ်ကို သူက ကန့်ကွက်ထားတာကို။ တစ်ရက်မှာတော့ နပိုလီယံဟာ အဲ့ဒီအခန်းထဲကို အမှတ်မထင်ရောက်လာခဲ့တယ်။ တစ်ခန်းလုံးမှာ ရေးခြစ်ထားတဲ့ ပုံစံတွေကို သေချာလိုက်ကြည့်တယ်။ နှာခေါင်းကလည်း နှစ်ခါလောက် ရှုံ့လိုက်သေးတယ်။ နောက်တော့ အခန်းထောင့်တစ်နေရာမှာ ထိုင်ရင်း စနိုးဘော ဆွဲထားတဲ့ ပုံတွေကို ငေးကြည့်တွေးတော နေရာကနေ ရုတ်တရက် သူ့ခြေထောက်တွေကို မြှောက်လိုက်ပြီး ပုံတွေကို သေးနဲ့ ပန်းလိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ အခန်းထဲက ဘာမှမပြောဘဲ ပြန်ထွက်ခွာသွားပါတယ်။
တိရိစ္ဆာန်တွေကြားမှာ လေဒဟတ် ဆောက်လုပ်မယ့် ကိစ္စအတွက် အမြင် နှစ်ခြမ်းကွဲလာပါပြီ။ စနိုးဘောကလည်း ဒီကိစ္စဟာ အတော်မလွယ်တဲ့ ကိစ္စဆိုတာကို မငြင်းပါဘူး။ အရင်ဆုံး အောက်ခံ အဆောက်အဦးအတွက် ကျောက်တုံးတွေကို ခက်ရာခက်ဆစ် သယ်ကြရမယ်။ ဒလက်လုပ်ဖို့ ရွက်တွေကို လုပ်ကြရအုံးမယ်။ နောက်ပြီး လျှပ်စစ်မီးထုတ်ဖို့ ဒိုင်နမိုတွေ မီးကြိုးတွေ လိုလာအုံးမယ်။ ( ဒါတွေ ဘယ်ကဘယ်လို ရမလဲဆိုတာတော့ စနိုးဘောက မရှင်းပြပါဘူး)။ ဒါပေမယ့် တစ်နှစ်အတွင်း ဒီအဆောက်အဦးကိစ္စ ပြီးမယ်ဆိုတာမျိုးပဲ အခိုင်အမာ ဆိုပါတယ်။ အဲ့ဒါပြီးသွားရင် တိရိစ္ဆာန်တွေဟာ တစ်ပတ်မှာ သုံးရက်သာ အလုပ်လုပ်ဖို့ လိုတော့မှာဖြစ်ပြီး လုပ်အားတွေအများကြီး ချွေတာနိုင်မယ်လို့ ကြွေးကြော်တယ်။ တဖက်မှာလည်း နပိုလီယံက အစာထုတ်လုပ်နိုင်ဖို့သာ အရေးတကြီး လိုအပ်ချက်ဖြစ်ကြောင်း ရိက္ခာထုတ်လုပ်နိုင်ရေးကို အာရုံမစိုက်ဘဲ ဒီ လေဒဟတ်ကို ဆောက်နေရင် အကုန် ငတ်သေကုန်မယ်လို့ ဆိုတယ်။
တိရိစ္ဆာန်တွေက စနိုးဘောနဲ့ နပိုလီယံ နှစ်ကောင်ရဲ့နောက်မှာ ကြွေးကြော်သံ နှစ်မျိုးနဲ့ နှစ်ဖွဲ့ကွဲသွားပြီ။ “ စနိုးဘောကို မဲပေး တစ်ပတ် ၃ ရက်ပဲ အလုပ်လုပ်ရရေး” ၊ “ နပိုနီယံ ကို မဲပေး အစာခွက်တွေ ပိုလျှံရေး” ဆိုပြီးတော့ပေါ့။ နှစ်ဖက်စလုံးမှာ မပါတာကတော့ မြည်းအိုကြီး ဘင်ဂျမင်ပါပဲ။ လေဒဟတ် လုပ်လိုက်လို့ အလုပ်တွေ မလုပ်ရတော့ဘူး ဆိုတာကိုလည်း မယုံကြည်သလို စားနပ်ရိက္ခာတွေလည်း ဒီထက်ပို များလာမယ်လို့ မထင်ထားပါဘူး။ လေဒဟတ် ရှိရှိ မရှိရှိ ဘဝတွေကတော့ ထုံးစံအတိုင်းပဲ လည်ပတ်နေမှာပဲ။ အဲ့လိုပဲ ခိုင်ခိုင်မာမာ သူက ယုံကြည်တယ်။
လေဒဟတ် ကိစ္စအပြင် ခြံ လုံခြုံရေး ခံစစ်အတွက်လည်း စဉ်းစားစရာရှိသေးတယ်။ နွားတင်းကုပ် တိုက်ပွဲမှာ လူသတ္တဝါတွေကို ပြတ်ပြတ်သားသား အနိုင်ရလိုက်တယ်ဆိုပေမယ့် သူတို့ ထပ်မလာနိုင်ဘူးလို့ မပြောနိုင်ဘူး။ မစ္စတာ ဂျူန်းစ်ကို ခြံကို ပြန်အပ်နိုင်ဖို့ သူတို့ အပြင်းအထန် ကြိုးစားကြအုံးမှာပဲ။ မကြိုးစားလို့လည်း မဖြစ်ဘူး လူတွေ နွားတင်းကုပ်တိုက်ပွဲမှာ ရှုံးနိမ့်သွားတယ်ဆိုတဲ့ သတင်းစကားကလည်း တောနယ်တစ်ခွင် ပြန့်နှံ့သွားတော့ သူတို့ခြံတွေထဲက တိရိစ္ဆာန်တွေက အရင်ထက် ပို စိတ်ဓာတ်တက်ကြွနေကြပြီး မရိုးမရွ ဖြစ်နေကြပြီ ။ ထုံးစံအတိုင်းပဲ စနိုးဘောနဲ့ နပိုလီယံကတော့ အငြင်းပွားနေကြတုန်းပါ။ နပိုလီယံက တိရိစ္ဆာန်တွေ အားလုံး မဖြစ်မနေ လုပ်ရမှာက လက်နက်တွေ ရဖို့နဲ့ ပစ်ခတ်တတ်အောင် လေ့ကျင့်ဖို့ပဲ။ စနိုးဘောရဲ့ အကြံက ခိုတွေကို နီးစပ်ရာ ခြံတွေဘက် အဆက်မပြတ်လွှတ်ပြီး တော်လှန်ရေး မီးစာကို အရှိန်မပြတ်အောင် ထိုးဖို့ပဲ။ တစ်ယောက်က ကိုယ့်ကိုကိုယ် မကာကွယ်နိုင်ရင် လူ သတ္တဝါတွေက ပြန် သိမ်းပိုက်လိမ့်မယ်လို့ ယူဆတယ်။ တစ်ယောက်က တစ်နယ်လုံး တော်လှန်ရေးသာ ဖြစ်သွားခဲ့ရင် သူတို့ ခြံကို ကာကွယ်ဖို့က ပူစရာမလိုဘူးလို့ ဆိုတယ်။ တိရိစ္ဆာန်တွေက ပထမ နပိုလီယံ ပြောတာကို သဘောကျတယ် နောက်တော့ စနိုးဘောပြောတာ အမှန် ဖြစ်ပြန်ရော။ နောက်ဆုံး ဘယ်သူမှန်တယ်ဆိုတာ ဝေခွဲမရအောင် ဖြစ်ကုန်ကြပါတယ်။ တကယ်တန်းတော့ သူတို့ဟာ လက်တလော စကားပြောနေတဲ့လူ အမှန်လို့ လက်ခံနေကြတာ။
နောက်ဆုံးတော့ စနိုးဘောရဲ့ လေဒဟတ် စီမံကိန်း အသေးစိတ် အစီအစဉ်တွေ ဆွဲတာပြီးစီးသွားပြီ။ တနင်္ဂနွေနေ့ အစည်းအဝေးကြရင် စနိုးဘောရဲ့ လေဒဟတ် ဆောက်လုပ်မယ့် ကိစ္စ အလုပ်လုပ်ကြဖို့ သဘော တူမတူ မဲခွဲဆုံးဖြတ်ကြတော့မယ်။ သိုးတွေရဲ့ “ ခြေလေးချောင်း ကောင်း ခြေနှစ်ချောင်းမကောင်း” ဆိုပြီး အော်ဟစ် နှောင့်ယှက်နေတဲ့ကြားကပဲ စနိုးဘောက လေဒဟတ် ဆောက်ချင်ရတဲ့ အကြောင်းကို ရှင်းပြတယ်။ နောက်တော့ နပိုလီယံ အလှည့်။ လေဒဟတ်ဟာ အရေးမပါတဲ့ အကြောင်းနဲ့ ထောက်ခံမဲ မပေးကြဖို့ ပြတ်ပြတ်ပြောပြီး ပြန်ထိုင်သွားတယ်။ စက္ကန့် ၃၀ တောင် မပြည့်တဲ့ နပိုလီယံရဲ့ ပြောကြားချက်က ထိရောက်ပုံမရဘူး။ အဲ့အချိန်မှာပဲ စနိုးဘောက ထရပ်လိုက်ပြီး သိုးတွေကို ကြည့်ကာ အာဘောင်အာရင်းသန်သန်နဲ့ အော်ဟစ် ကြွေးကြော်လိုက်ပြန်တော့ နပိုလီယံကို ထောက်ခံခဲ့ကြတဲ့ သိုးအုပ်ကြီးက လေဒဟတ် ဆောက်မယ့် စီမံကိန်းဘက် စိတ်ယိုင်သွားပုံရတယ်။ ဒီချိန်ထိ ဘယ်ဘက် ပါရမှန်းမသိသေးတဲ့ တိရိစ္ဆာန်တွေဟာ စနိုးဘောရဲ့ အာဘောင်အာရင်းသန်သန် စွဲဆောင်ပြောတဲ့ နောက်ကို စိတ်ယိုင်နေကြပါပြီ။ စနိုးဘောက စကားလုံးတွေနဲ့တင် တိရိစ္ဆာန်တွေ လုပ်အားသုံးစရာမလိုတော့တဲ့ အနာဂတ် တိရိစ္ဆာန်ဘုံကြီးကို ဆေးရောင်စုံ ပန်းချီကားချပ်ကြီးလို ပုံဖော်ပြနေတာပါ။ သူ့ စိတ်ကူးယဉ် တိရိစ္ဆာန်ဘုံကြီးကလည်း မြတ်ဖြတ်စက်တွေ သစ်မြစ်တွေ ဥတွေ ခုတ်ယုံထစ်ယုံလောက် မဟုတ်တော့ဘဲ လယ်ထွန်ပေးမယ့် စက်တွေ ရိတ်သိမ်းစက်တွေ ထုတ်ပိုးတဲ့ စက်တွေထိပါ ပါလာတဲ့အပြင် ကိုယ်နေတဲ့ နေရာတွေကိုလည်း မီးပေးမယ့် အစီအစဉ် ရေပူရေအေး ပေးမယ့်အစီအစဉ်နဲ့ ဆောင်းတွင်း မီးလှုံဖို့ အပူပေးစက်တွေပါ ပါသေးတယ်။ စနိုးဘော ပြောလို့ အပြီးမှာတော့ ဘယ်ဘက်က အားသာမလဲဆိုတာ ပြောစရာ မလိုတော့ပါဘူး။ အဲ့ဒီအချိန်မှာပဲ နပိုလီယံက မတ်တပ်ရပ်လိုက်ပြီး စနိုးဘောကို ဘယ်တုန်းကမှ မကြည့်ဖူးတဲ့ ပုံစံမျိုးနဲ့ အငြိုးတစ်ကြီး စိုက်ကြည့်လိုက်ပါတယ်။ နောက်တော့ တိရိစ္ဆာန်တွေ တစ်ခါမှ မကြားဖူးတဲ့ အသံ ကျယ်ကျယ်စူးစူးကြီး သူ့ဆီက ထွက်လာပါတယ်။
အဲ့ဒီအချိန်မှာပဲ အစည်းအဝေးလုပ်ရာ အဆောက်အဦ အပြင်ဘက်ကနေ ကြောက်မက်ဖွယ် ဟောင်သံကြီးတွေနဲ့အတူ ကြေးလည်ပတ်တွေ ပတ်ထားတဲ့ ခွေးကြီး ကိုးကောင် ပြေးဝင်လာပါတယ်။ သူတို့ ဟာ စနိုးဘော ရှိရာဆီကို တဟုန်ထိုး ထိုးဟောင် ပြေးဝင်လာတာပါ။ စနိုးဘောကလည်း သူတို့ရဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ အစွယ်ငေါငေါနဲ့ ပါးစပ်တွေ ရောက်မလာခင်မှာပဲ ခုန်ပြေးထွက်သွားပါပြီ။ ခဏအတွင်းမှာပဲ စနိုးဘော ရော ခွေးကြီးတွေပါ အဆောက်အဦ အပြင်ဘက်ကို ရောက်သွားကြပါပြီ။ အံ့ဩမှင်သက်ပြီး ကြောက်လှန့်နေတဲ့ တခြား တိရိစ္ဆာန်တွေဟာ အလျှိုလျှိုထွက်လာကြပြီး စနိုးဘောကို ခွေးတဲ့ လိုက်တဲ့နောက် ထွက်ကြည့်နေကြပါပြီ။ စနိုးဘောဟာ စားကြက်မြေတွေ ရှိရာဘက်ကနေ လမ်းပေါ်ရောက်အောင် အမောတကောပြေးနေပါတယ်။ ဝက်တစ်ကောင် ပြေးနိုင်သလောက်ပဲ ပြေးရတာဆိုတော့ ခွေးတွေက သူ့နားကို တစစ နီးကပ်လာပါတယ်။ ချော်လဲလိုက်တဲ့ ခဏမှာ ခွေးတွေက သူ့ကို မိသွားပုံရပါတယ်။ ခဏကြာတော့ သူ ထ ပြေးပြန်ပါတယ်။ ခွေးတစ်ကောင်က စနိုးဘော အမြီးကို ကိုက်လိုက်တဲ့အချိန်မှာပဲ အရှောင်မြန်လို့ လွှတ်သွားပြန်ပါတယ်။ စနိုးဘောက ပို အားစိုက်ပြေးလိုက်ပြီး ခြံစည်းရိုးအောက်က အပေါက်လေးထဲ တိုးဝင် ပျောက်ကွယ်သွားတဲ့နောက် သူ့ကို နောက်ထပ်မမြင်ကြရတော့ပါဘူး။
နှုတ်ဆိတ်ပြီး ကြောက်လန့်နေကြတဲ့ တိရိစ္ဆာန်တွေဟာ အဆောက်အဦထဲ ပြန်ဝင်လာကြပါပြီ။ ခဏကြတော့ ခွေးဆိုးကြီးတွေလည်း ပြန်ရောက်လာပါတယ်။ ပထမတော့ ဒီ ခွေးတွေ ဘယ်က ဘယ်လိုပေါ်လာလဲဆိုတာ ဘယ်သူမှ မစဉ်းစားတတ်ကြပါဘူး။ နောက်တော့ အဖြေက ရှင်းသွားခဲ့ပါတယ်။ နပိုလီယံက သူတို့ အမေတွေဆီကနေ ဘယ်သူမှ မသိအောင် တိတ်တဆိတ် မွေးမြူထားတဲ့ ခွေးလေးတွေဖြစ်နေတာကိုး။ သူတို့ အရွယ်ရောက်သင့်သလောက် မရောက်သေးတာတောင် မြေခွေးတွေလိုပဲ အရမ်းကို ကြီးထွားနေကြပါပြီ။ သူတို့ အားလုံးက နပိုလီယံနားမှာ ဝန်းရံနေကြပါတယ်။ နပိုလီယံနားရောက်ရင် သူတို့ အမြီးနှံ့နေပုံက မစ္စတာ ဂျူန်းစ်ကို တခြားခွေးတွေ အမြီးနှံ့ပြတာနဲ့ ခပ်ဆင်ဆင်ပါပဲ။
ခွေးဆိုးကြီးတွေ ခြံရံထားတဲ့ နပိုလီယံဟာ အိုးမေဂျာမသေခင်က မိန့်ခွန်းပြောခဲ့တဲ့ တန်းလျားစင်မြင့်မှာ နေရာယူလိုက်ပြီး သူ့မိန့်ခွန်းကို စပြောပါတယ် ။ ခုက စပြီး တနင်္ဂနွေနေ့မှာ လုပ်နေကြ အစည်းအဝေးတွေ မရှိတော့တဲ့အကြောင်း။ ဒါတွေဟာ မလိုအပ်ဘဲ အချိန်ဖြုန်းတာ သပ်သပ်ဖြစ်ကြောင်း။ နောင်များမှာ ခြံနဲ့ ပတ်သက်ပြီး လုပ်စရာရှိတဲ့ ကိစ္စ အဝဝ ပြဿနာ အဖုံဖုံကို သူ ဦးဆောင်တဲ့ ဝက်များကော်မတီက သီးသန့်စည်းဝေး ဆုံးဖြတ်မှာဖြစ်ပြီး ဆုံးဖြတ်ချက်တွေကို ပြန်ပြောမယ်လို့ ဆိုပါတယ်။ တခြား တိရိစ္ဆာန်တွေကတော့ တနင်္ဂနွေနေ့တိုင်း အရင်လို တွေ့ဆုံနိုင်တယ်၊ အလံတင်ပြီး “အင်္ဂလန်က တိရိစ္ဆာန်ကြီးများ” သီချင်းကိုလည်း ဆိုနိုင်တယ်။ တပတ်စာ သူတို့လုပ်ရမယ့် အလုပ်တွေအတွက် အမိန့်စာတွေလည်း ယူကြရမယ်။ ဆွေးနွေးငြင်းခုန်တာတွေတော့ မလုပ်ရတော့ပါဘူး။
စနိုးဘောကို အကြမ်းနည်းသုံး ဖယ်ရှားလိုက်တာကို တွေ့ထားကြတဲ့ တိရိစ္ဆာန်တွေဟာ ဒီ မိန့်ခွန်းကို ကြားပြီးနောက်မှာ မှင်သက်တုန်လှုပ်နေကြပါတယ်။ တော်တော်များများကလည်း သဘောမတွေ့ကြောင်း ချက်ကြလက်ကြ ဆန္ဒထုတ်ဖော်ချင်ကြပါတယ်။ ဘောက်ဆာတောင် မနေနိုင်ပါ။ သူ့ နားရွက်တွေကို နောက်ကိုကား ၊ သူ့ လည်ပင်းကို အကြိမ်ကြိမ် ခါပြီး ခေါင်းထဲက ပြောရမယ့် စကားတွေ ထွက်ကျလာအောင် ကြိုးစားပေမယ့် မရပါ။ ဘာပြောရမှန်းလည်း သူမသိပါ။ ဝက်တွေကတော့ ပိုပြီး ပြောနိုင်ဆိုနိုင်ရှိပါတယ်။ ရှေ့ဆုံးတန်းက ဝက်ကလေး လေးကောင်က သူတို့ သဘောမတူကြောင်း ခြေဟန်လက်ဟန်နဲ့ပါ မာန်ပါပါ စပြောပါတယ်။ ချက်ခြင်းပဲ နပိုလီယံဘေးမှာ ထိုင်နေတဲ့ ခွေးတွေက အစွယ်တငေါငေါ ထုတ်ပြပြီး ထိုးဟောင်လိုက်ချိန်မှာတော့ ဝက်ကလေးတွေလည်း ဘာမှမပြောရဲတော့ဘဲ ထိုင်နေလိုက်ကြရပါတယ်။ ခဏကြာတော့ သိုးတွေဆီက “ ခြေလေးချောင်း ကောင်း၊ ခြေ နှစ်ချောင်းမကောင်း” ဆိုတဲ့ ကြွေးကြော်သံ ကျယ်ကျယ်လောင်လောင်ကြီး ထွက်လာပြီး ၁၅ မိနစ်လောက်ကြာတဲ့အထိ ဆက်တိုက်အော်နေတဲ့အခါ ဘာ ဆွေးနွေးမူမှ ထပ်မလုပ်နိုင်ကြတော့ပါဘူး။
နောက်တော့ ခြံတစ်ခုလုံးက တိရိစ္ဆာန်တွေအတွက် စီစဉ်ထားသမျှ အစီအစဉ်သစ်တွေကို စကွီလာက လှည့်ပတ်ရှင်းပြပါတယ်။ “ရဲဘော်တို့ မင်းတို့အားလုံး ရဲဘော် နပိုလီယံရဲ့ ခုလို အပိုဆောင်း အလုပ်လုပ်ရင်း ပေးဆပ်မူကို သဘောကျ နှစ်သက်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။ ခေါင်းဆောင်လုပ်ရတာ ပျော်စရာကောင်းတယ်လို့ မထင်လေနဲ့။ တဖက်မှာ ကြီးလေးတဲ့ တာဝန်တွေ ထမ်းထားရတယ်။ တိရိစ္ဆာန်တွေအားလုံး ညီတူမျှတူပဲ ဆိုတဲ့ ပညတ်ချက်ကို ကျန်တဲ့ တိရိစ္ဆာန်တွေထက် ပိုပြီး ရဲဘော် နပိုလီယံက တန်ဖိုးထား ယုံကြည်တယ်။ မင်းတို့ ကိုယ့်သဘောနဲ့ကိုယ် လုပ်တာမျိုးကို သူ ပျော်ပျော်ကြီး လိုက်လျောလို့ရတယ်။ ဒါပေမယ့် တစ်ခါတစ်လေ မင်းတို့ ဆုံးဖြတ်ချက် အမှားတွေ လုပ်မိတာမျိုးဆို ငါတို့ ဘယ်သောင်ဘယ်ကမ်း ဆိုက်နေမယ်ထင်လဲ ။ ဥပမာ မင်းတို့ စနိုးဘောရဲ့ အရည်မရ မဖတ်မရ လေဒဟတ် စီမံကိန်းကြီးကို နားယောင်သွားတာမျိုးပေါ့။ စနိုးဘောဟာ ငါတို့ သိသလောက်တော့ ရာဇဝတ်သား တစ်ယောက်ထက် မပိုဘူး” လို့ စကွီလာက စည်းရုံးတယ်။
“နွားတင်းကုပ် တိုက်ပွဲမှာ သူ သတ္တိရှိရှိ တိုက်ခဲ့တယ်လေ” လို့ တစ်စုံတစ်ယောက်က ထပြောတယ်။ စကွီလာက “ သတ္တိတစ်ခုတည်းနဲ့ မလုံလောက်ဘူး ၊ သစ္စာစောင့်သိမူတွေ အမိန့်နာခံမူတွေက ပိုအရေးကြီးတယ်။ နွားတင်းကုပ် တိုက်ပွဲအကြောင်းကတော့ကွာ စနိုးဘော တကယ် ပါဝင်ခဲ့တာထက် ပိုပိုသာသာ ချဲ့ကားထားတယ်ဆိုတာကို အချိန်က စကားပြောပါလိမ့်မယ်။ အရေးကြီးတာ စည်းကမ်း ပဲ ရဲဘော်တို့ သံ သတ္တုလို မာကျောတဲ့ စည်းကမ်း။ ဒါဟာ ဒီနေ့ပြောချင်တဲ့ အဓိက စကားပဲ ။ ခြေလှမ်းတစ်ချက်မှားတာနဲ့ ငါတို့ ရန်သူတွေက ငါတို့အပေါ် လွမ်းမိုးသွားမှာပဲ ။ မင်းတို့ မစ္စတာ ဂျူန်းစ် ပြန်လာတာ မလိုချင်ဘူးမလား ? “ လို့ ခြောက်လိုက်ပြန်တယ်။
ဒါက ဘယ်တော့မှ မဖြေနိုင်မယ့် မေးခွန်းပဲမလား။ တိရိစ္ဆာန်တွေအားလုံးက မစ္စတာ ဂျူန်းစ် ပြန်မလာစေချင်တာ သေချာတာပေါ့။ တနင်္ဂနွေနေ့တွေမှာ လုပ်တဲ့ ဆွေးနွေးငြင်းခုန်မူတွေက မစ္စတာ ဂျူန်းစ်ကို ပြန်လာဖို့ ဖြစ်လာစေမယ်ဆိုရင် ငြင်းခုန်တာတွေ ရပ်ရမှာပေါ့။ ဘောက်ဆာက ခုတော့ သူ့ ဗိုလ်ချုပ်ကြီး နပိုလီယံ ပြောတာတွေကို စဉ်းစားချိန်ရသွားပြီ။ “ ရဲဘော် နပိုလီယံ ဘာပြောပြော အဲ့ဒါမှန်လောက်တယ်” ဆိုတာမျိုးပေါ့။ အဲ့ဒီချိန်က စပြီး ဘောက်ဆာရဲ့ ကိုယ်ပိုင် ဆောင်ပုဒ်တွေထဲမှာ “ ငါ ပိုအလုပ်ကြိုးစားမယ်” ဆိုတာအပြင် “ နပိုလီယံ အမြဲမှန်တယ်” ဆိုတဲ့ တစ်ခုပါ ထပ်တိုးသွားပါတယ်။
အချိန်ကလည်း မြေတွေ ထွန်ယှက်ရမယ့် နွေဦးရာသီရောက်ပြီ။ စနိုးဘော ရေးခြစ်ထားတဲ့ လေဒဟတ် စီမံကိန်း အဆောက်အဦးကိုလည်း ပိတ်ထားလိုက်ပြီ။ မြေဖြူနဲ့ ဆွဲထားတာတွေလည်း ဖျက်ပလိုက်ပြီ။ တနင်္ဂနွေ မနက်ခင်းတိုင်း တွေ့နေကြ အဆောက်အဦထဲမှာ တိရိစ္ဆာန်တွေဟာ သူတို့ လုပ်ရမယ့် အလုပ်တွေအတွက် အမိန့်စာတွေ လာယူကြရတယ်။ အိုမေးဂျာရဲ့ အသားစိုင်တွေ မရှိတော့တဲ့ ဦးခေါင်းခွံကို မြုပ်ထားတဲ့ နေရာက တူးထုတ်ပြီး အလံတိုင်အောက်ခြေက သေနတ်ဘေးမှာ ထားလိုက်တယ်။ အလံတင် အခမ်းအနားပြီးတာနဲ့ အဆောက်အဦးထဲ မဝင်ခင် တိရိစ္ဆာန်တွေဟာ အိုးမေဂျာရဲ့ ဦးခေါင်းခွံကို တန်းစီ အရိုအသေပေးကြရတယ်။ ခုတော့ အရင်ကလို ကြမ်းတစ်ပြေးထဲ သူတို့ မထိုင်ကြတော့ပါဘူး။ စင်မြင့်ရဲ့ ရှေ့ဆုံးမှာ နပိုလီယံရယ် စကွီလာရယ် သီချင်းတွေ ကဗျာတွေ စပ်တာ ပါရမီပါတဲ့ မီနီမက်စ်တို့က ထိုင်ပါတယ်။ ခွေးကိုးကောင်က သူတို့ကို ဝန်းရံပေးထားပြီး အဲ့ဒီနောက်မှာတော့ တခြား ဝက်တွေ ထိုင်ပါတယ်။ တခြား တိရိစ္ဆာန်တွေကတော့ သူတို့ကို မျက်နှာခြင်းဆိုင်ထားတဲ့ အနေအထားနဲ့ စင်အောက်မှာ ထိုင်ကြပါတယ်။
နပိုလီယံက တစ်ပတ်စာ လုပ်စရာရှိတဲ့ အလုပ်တွေ အမိန့်မှာတမ်းတွေကို ခပ်ကြမ်းကြမ်း စစ်သားကြီး စတိုင်နဲ့ ဖတ်ပြလေ့ရှိပါတယ်။ “ အင်္ဂလန်က တိရိစ္ဆာန်ကြီးများ” သီချင်းကို တစ်ခေါက်ဆိုပြီးတဲ့ အချိန်မှာတော့ တိရိစ္ဆာန်တွေကို တန်းဖြုတ်ပေးလိုက်ပါတယ်။
စနိုးဘောကို မောင်းထုတ်လိုက်ပြီး တတိယမြောက် တနင်္ဂနွေနေ့မှာတော့ ခေါင်းဆောင်ကြီး နပိုလီယံက လေဒဟတ် စီမံကိန်းကို အကောင်အထည် ဖော်တော့မယ့်အကြောင်း ပြောလိုက်တဲ့အခါ အားလုံး အံ့ဩသင့်သွားကြပါတယ်။ ဘာလို့ စိတ်ကူးပြောင်းသွားတယ်ဆိုတာ ရှင်းမပြပါဘူး။ ဒါပေမယ့် အလုပ်ချိန်တွေ ပိုတော့မယ့်အရေးဟာ ခက်ခဲကြောင်းနဲ့ ပုံမှန်ရနေကြ ရိက္ခာတွေ လျော့သင့်ရင် လျော့မယ့် အကြောင်းတော့ ရှင်းရှင်းကြီး သတိပေးလိုက်ပါတယ်။ လုပ်မယ့် စီမံကိန်းကလည်း အသေးစိတ် ပြင်ဆင်ပြီးနေပါပြီ။ ဝက်များအထူးကော်မတီက ဒီကိစ္စကို ပြီးခဲ့တဲ့ ၃ ပတ်လုံး ပြင်ဆင်နေခဲ့ကြတာပါ။ လေဒဟတ် စီမံကိန်းအပြင် အခြား ပြုပြင်မွန်းမံမူတွေကို အနည်းဆုံး အချိန် ၂ နှစ်ပေးရမယ်လို့ သုံးသပ်ထားကြပါတယ်။
ညနေခင်းမှာတော့ စကွီလာက ခေါင်းဆောင်ကြီး နပိုလီယံဟာ ဘယ်တုန်းကမှ လေဒဟတ် စီမံကိန်းကို မဆန့်ကျင်ခဲ့ကြောင်း တိရိစ္ဆာန်တွေကို တစ်ကောင်ခြင်း လိုက်ရှင်းပြပါတယ်။
တကယ်တမ်းက ဒီ စီမံကိန်းကို စ အကြံပေးတာတောင် ခေါင်းဆောင်ကြီး ဖြစ်ကြောင်း ၊ စနိုးဘော ရေးခြစ်ထားတဲ့ စီမံကိန်း အသေးစိတ် ပုံစံတွေဟာ ခေါင်းဆောင်ကြီးရဲ့ စာတမ်းတွေကို ခိုးယူသွားခဲ့တာသာ ဖြစ်ကြောင်း။ တကယ်တမ်းတော့ လေဒဟတ် ဟာ ခေါင်းဆောင်ကြီး နပိုလီယံ ကိုယ်ပိုင် ဖန်တီးမူ ဖြစ်ကြောင်း ပြောပါတော့တယ်။ ဒါဆို ဘာလို့ အစည်းအဝေးတွေမှာ အကြီးအကျယ် ကန့်ကွက်ရတာလဲလို့ မေးလာတဲ့သူ ရှိတဲ့အခါ စကွီလာက မလှိမ့်တပတ်နဲ့ ပညာသားပါပါ ဖြေရှင်းလေ့ရှိပါတယ်။ အဲ့ဒီလို လုပ်ရတာဟာ မကျင့်မကောင်းတဲ့ စနိုးဘောကို ဖယ်ထုတ်ချင်လို့ ပရိရာယ် သုံးရတာသာ ဖြစ်ကြောင်း။ စနိုးဘော မရှိတော့တဲ့အတွက် ဒီ စီမံကိန်းကို ပြန် အသက်သွင်းရတာဖြစ်ကြောင်း။ ဒါကိုပဲ စကွီလာက ပရိရာယ် လို့ ခဏ ခဏ သုံးတယ်။ အမြီးကို တဝင့်ဝင့်လုပ်ရင်း မြူးထူးနေတဲ့ လေသံနဲ့ “ နည်း ပရိရာယ်ပဲ ရဲဘော် နည်း ပရိရာယ် “ လို့ ပြောနေလေရဲ့။ တိရိစ္ဆာန်တွေက သူပြောသမျှ သေချာ သဘောပေါက် နားမလည်ပေမယ့် စကွီလာက စွဲဆောင် ပြောတတ်တာရော သူနဲ့ အတူပါလာတဲ့ ခွေးဆိုး ၃ ကောင်က သွား တဖြီးဖြီးနဲ့ ရန်လိုနေတာရောကြောင့် ဘာမှ ထပ်မမေးဘဲ ပြောသမျှ လက်ခံလိုက်ရတာချည်းပါပဲ။
အခန်း ၆
---------
တိရိစ္ဆာန်တွေဟာ တစ်နှစ်ပတ်လုံး ကျွန်လို ပျော်ပျော်ကြီး ရုန်းကန် အလုပ်လုပ်ခဲ့ကြတယ်။ သူတို့ ဒီလို အားစိုက်ထုတ် ပေးဆပ်နေတာတွေက သူတို့ကိုယ်တိုင်အတွက်ရယ် သူတို့ သားစဉ်မြေးဆက် အတွက်ပဲလေ။ သူတို့လုပ်အားကို ခေါင်းပုံဖြတ်ပြီး အမြဲပျင်းရိ တိုလျှိုတတ်တဲ့ လူသတ္တဝါတွေ အတွက်မှ မဟုတ်တာ။ နွေရာသီ တစ်ရာသီလုံး သူတို့ တစ်ပတ်ကို နာရီ ၆၀ လောက် အလုပ်လုပ်ကြတယ်။ ဩဂတ်စ်လထဲရောက်ရင် တနင်္ဂနွေတွေရဲ့ ညနေပိုင်းတွေမှာပါ အလုပ်လုပ်ကြရမယ်လို့ နပိုလီယံက ကြေညာလိုက်တယ်။ ဒါက ကိုယ် စေတနာ ပါမှ လုပ်ချင်မှ လုပ်ရမယ့် လုပ်အားပေး အလုပ်မျိုးပါ။ ဒါပေမယ့် လုပ်အားပေး မဆင်းရင်တော့ မဆင်းတဲ့ သူတွေရဲ့ ရိက္ခာကို တစ်ဝက်လျော့မယ်လို့ ဆိုပါတယ်။ ဒီလောက် လုပ်နေကြတာတောင် တချို့အလုပ်တွေက မပြီးလို့ တစ်ဝက်တစ်ပျက်မှာ ရပ်ထားရတာတွေက ရှိသေးတယ်။ စိုက်ပျိုးရေးက မနှစ်ကလောက် သီးနှံထွက်အား မကောင်းဘူး။ စိုက်ကွင်း နှစ်ကွင်းကလည်း ထွန်ယှက်တာ အချိန်စောစော မပြီးလိုက်လို့ ဘာမှ မစိုက်ဘဲ ထားလိုက်ရတယ်။ လာမယ့် ဆောင်းတွင်းကတော့ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာ မြင်နေရပါပြီ။
လေဒဟတ် စီမံကိန်းကလည်း မထင်မှတ်ထားတဲ့ အခက်အခဲမျိုးစုံ ကြုံရပါတယ်။ ခြံရဲ့ တစ်နေရာမှာ ထုံးကျောက်တောင်ကြီး ရှိသလို သဲတွေ ဘိလပ်မြေတွေ စုထားတဲ့ အဆောက်အဦး တစ်လုံးကလည်း အရန်သင့် ရှိနေတော့ စီမံကိန်းစဖို့ လိုတာ အကုန်ရှိပြီးသား။ ပြဿနာက ကျောက်တုံးတွေကို အဆောက်အဦးဆောက်ဖို့ အဆင်ပြေမယ့် အရွယ်အစားဖြစ်အောင် မထုခွဲတတ်တာပဲ။ နောက်ခြေနှစ်ဖက် မတ်မတ်ရပ်ဖို့ ခက်တဲ့ တိရိစ္ဆာန်တွေ ဘယ်လိုမှ အသုံးမပြုနိုင်တဲ့ သံတူရွင်းတွေ ပေါက်ချွန်းတွေနဲ့မှ လုပ်လို့ရမယ့် ကိစ္စဖြစ်နေတော့ မဖြစ်နိုင်တဲ့ အလုပ်လို ဖြစ်နေတယ်။ ရက်သတ္တပတ် တော်တော်ကြာ ခက်ရာခက်ဆစ် ကြိုးစားကြည့်ပြီးတဲ့ နောက်မှာတော့ သူတို့ထဲက တစ်ကောင်က ကမ္ဘာမြေရဲ့ ဆွဲငင်အားကို သုံးဖို့ အကြံကောင်းတစ်ခု ရသွားခဲ့တယ်။ သူတို့ အဆောက်အဦးမှာ ထည့်သုံးလို့ မရနိုင်လောက်အောင် ကြီးတဲ့ ကျောက်တုံးအကြီးကြီးတွေကို ကြိုးတွေနဲ့ ချည်ပြီး နွားတွေ မြင်းတွေ သိုးတွေက ထုံးကျောက်တောင်ကုန်းပေါ် ဆွဲတင်ကြပါတယ်။ အရမ်းအရေးကြီးတဲ့ ကိစ္စဖြစ်နေတော့ တစ်ခါတစ်လေ ဝက်တွေတောင် ဝင် ကူကြရပါတယ်။ ကျောက်တုံးကြီးကို အတော် နှေးတဲ့နှူန်းနဲ့ အားစိုက်ပြီး တောင်ကုန်းထိပ်ရောက်အောင် ဆွဲလာပြီးရင်တော့ တောင်အောက်ကို ပြန် တွန်းချလိုက်ပြီး အစိတ်စိတ် အမွှမွှာ ကွဲအောင် လုပ်ရပါတယ်။ ရလာတဲ့ ကျောက်တုံးတွေကို သယ်ရတဲ့ အလုပ်ကတော့ ကျောက်တုံးခွဲရတာထက်စာရင် ရိုးရှင်းလွယ်ကူသွားပါပြီ။ မြင်းတွေက မြင်းလှည်းတွေပေါ် တင်ပြီး သယ်ပါတယ်။ သိုးတွေကလည်း တစ်တုံးခြင်းစီ သယ်တယ်။ မြူရီရယ်နဲ့ မြည်းအိုကြီး ဘင်ဂျမင်တောင်မှ လှည်းဟောင်း တစ်ခုကို ချိတ်တွဲလိုက်ပြီး သူတို့ တာဝန် သူတို့ ကျေကြပါတယ်။ နောက်ဆုံးတော့ လေဒဟတ် စီမံကိန်း စတင်ဖို့ လုံလောက်တဲ့ ကျောက်တုံးတွေ သူတို့ စုမိသွားကြပြီမို့ ဝက်တွေရဲ့ စီမံ ညွှန်ကြားမူအောက်မှာ အဆောက်အဦး ဆောက်လုပ်ရေးကို စ လိုက်ကြပါပြီ။
တော်တော်လေးကို နှေးပြီး လုပ်အားသုံးခဲ့ရတဲ့ အလုပ်ပါ။ တစ်ခါတစ်လေ ကျောက်တုံးကြီး တစ်တုံးကို တောင်ကုန်းပေါ်ရောက်အောင် ပို့တာနဲ့တင် တစ်နေကုန်သွားတာမျိုးလည်းရှိသလို တောင်အောက်ကို လှိမ့်ချလိုက်ပေမယ့် မကျိုးမပဲ့သွားတာမျိုးတွေလည်း ရှိပါတယ်။ ဘောက်ဆာသာ မပါရင် ဘာမှ ပြီးမယ်မထင်ဘူး။ သူ့ တစ်ကောင်ထဲ အားက ခြံထဲက တခြားတိရိစ္ဆာန်တွေ အကုန်ပေါင်းထားသလောက် ရှိတယ်။ တစ်ခါတစ်လေ ကျောက်တုံးက တောင်ကုန်းတစ်ဝက်ရောက်မှ ချော်ပြီး နောက်ပြန်လှိမ့်လာတာမျိုး ဖြစ်တတ်ပါတယ်။အဲ့လို အချိန်ဆို ကြောက်အားလန့်အား ငိုယိုနေတဲ့ တိရိစ္ဆာန်တွေက ကျောက်တုံးကြီးနဲ့အတူ တောင်အောက်ကို ဒရောသောပါး ချိတ်ပါသွားပါပြီ။ ဘောက်ဆာ တစ်ကောင်သာ သူ့ အင်အားကြီးနဲ့ ချည်ထားတဲ့ ကြိုး လွတ်ထွက်မသွားအောင် တောင့်ခံပြီး ကျောက်တုံးကြီးကို ရပ်တန့်ပေးနိုင်တာပါ။ ကျောက်တုံးကို တောင်ပေါ်ရောက်အောင် တစ်လက်မခြင်း သယ်နေတဲ့ ဘောက်ဆာခင်မျာ အသက်ရူသံတွေကလည်း မြန်လာသလို ချွေးတွေကလည်းတပြိုက်ပြိုက် ကျ၊ ခွာတွေကို မြေမှာ ကျစ်ကျစ်ပါပါအောင် ထောက်ကန်ထားရပါတယ်။ ဘောက်ဆာကို ကြည့်ပြီး တိရိစ္ဆာန်တွေ အားလုံးက လေးစား အားကျနေရတာပါ။ ကလိုဗာက အလုပ်ကို အလွန်အကျွံကြီးလုပ်ပြီး ကိုယ့်ကိုကိုယ် မခိုင်းဖို့ ဘောက်ဆာကို သတိပေးပါသေးတယ်။ ဘောက်ဆာက ဘယ်တော့မှ နားမထောင်ပါ။ " ငါ အလုပ်ပိုကြိုးစားမယ်"
" နပိုလီယံ အမြဲမှန်တယ်" ဆိုတဲ့ သူ့ ခံယူချက် နှစ်ခုနဲ့တင် ပြဿနာအားလုံးကို သူက ရင်ဆိုင်နေတာပါ။ အရင် တခြား တိရိစ္ဆာန်တွေထက် နာရီဝက် ပို စောထနေရာကနေ ၄၅ မိနစ် စောနိုးပေးဖို့ ကြက်ဖကိုလည်း ပြောထားပြီးပြီ။ သူ့ အားလပ်ချိန်တွေမှာဆိုလည်း ဘယ်သူမှ မခိုင်းရပါဘဲနဲ့ ထုံးကျောက်တောင်ဘက် ထွက်သွားပြီး ကျောက်တုံး အပိုင်းအစတွေ နိုင်သလောက်စု လေဒဟတ် ဆောက်နေတဲ့ နေရာကို သွားသွား ပို့နေလေ့ ရှိပါတယ်။
နွေတစ်တွင်းလုံး အလုပ်တွေ ခက်ခက်ခဲခဲ လုပ်ခဲ့ကြရပေမယ့် တိရိစ္ဆာန်တွေ အားလုံး အဆင်ပြေနေကြပါတယ်။ ခု သူတို့ စားနေရတာက မစ္စတာ ဂျူန်းစ် လက်ထက်တုန်းက စားရတဲ့ ရိက္ခာ အစာရေစာထက် မများရင်တောင် မနည်းတာ သေချာပါတယ်။ ကိုယ့်ဘာသာ စားဖို့အတွက်ပဲ ရှာဖွေစားသောက်ရပြီး အပျင်းကြီးတဲ့ လူသတ္တဝါ အပို ငါးယောက်ကို မကျွေးမမွေးရတာနဲ့တင် မဟာ အခွင့်အရေးကြီး ဖြစ်နေပြီမို့ တော်ယုံ ပြဿနာတွေကို မေ့ဖျောက်ပစ်နိုင်ကြပါပြီ။ နောက်ပြီး အရေးအကြောင်း တော်တော်များများမှာလည်း သူတို့ တိရိစ္ဆာန်တွေရဲ့ နည်းလမ်းက လူတွေထက် ပို အလုပ်ဖြစ်ပြီး လုပ်အားတွေ ချွေတာနေနိုင်ပါတယ်။ ပေါင်းမြက်တွေ ရှင်းလင်းတဲ့ ကိစ္စမှာဆို လူတွေထက် ပိုပြီး သူတို့က နှိုက်နှိုက်ချွတ်ချွတ် ရှင်းလင်းနိုင်ကြပါတယ်။ နောက်ပြီး ဘယ်တိရိစ္ဆာန်ကမှ ခိုးဝှက် မစားတော့တာကြောင့် စိုက်ခင်းနဲ့ စားကျက်ကွင်းကို ခြံစည်းရိုး ကာစရာ မလို ထိန်းသိမ်းစရာမလိုတော့ဘဲ လုပ်အားတွေ ချွေတာ နိုင်ကြပါပြီ။ ဒါပေမယ့်လည်း နွေကုန်ခါနီး အရောက်မှာ ကြိုမတွေးခဲ့မိတဲ့ တချို့ အရာတွေ ပြတ်လပ်မူနဲ့ သူတို့ ကြုံတွေ့ရပါတယ်။ ရေနံဆီ ၊ အပ် နဲ့ အပ်ချည်၊ ခွေးတွေ စားတဲ့ ဘီစကစ်တွေ မြင်းခွာအတွက် လိုအပ်တဲ့ သံ စတာတွေကို သူတို့ ခြံထဲမှာ မထုတ်လုပ်နိုင်ကြပါဘူး။ နောက်ပြီး ခြံအတွက် လိုအပ်တဲ့ မျိုးစေ့တွေနဲ့ ဓာတ်မြေဩဇာတွေ လယ်ယာသုံးပစ္စည်းတွေ အပြင် လေဒဟတ်အတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ အထိပေါ့။ ဒါတွေကို သူတို့ ဘယ်က ရအောင် ယူရမလဲဆိုတာ ဘယ်သူမှ မစဉ်းစားတတ်ကြပါဘူး။
တိရိစ္ဆာန်တွေ တပတ်စာ အလုပ်လုပ်ဖို့ အမိန့်စာ ယူနေကြ တနေ့သော တနင်္ဂနွေနေ့ မနက်မှာတော့ နပိုလီယံက မူဝါဒ အသစ်တစ်ခု ကျင့်သုံးမယ့် အကြောင်း ကြေညာလိုက်ပါတယ်။ ခုချိန်က စပြီး တိရိစ္ဆာန်ဘုံဟာ ဘေးပတ်ဝန်းကျင် ခြံတွေနဲ့ အရောင်းအဝယ် စ လုပ်မယ့် အကြောင်းပါ။ စီးပွားရေး အလို့ငှာ မဟုတ်ဘဲ ခြံအတွက် မဖြစ်မနေ လိုအပ်တဲ့ ပစ္စည်းတွေ ရချင်ယုံ သပ်သပ်ပါ။ ဒါကြောင့် ကောက်ရိုးထုံး တစ်ချို့ရယ်၊ ဒီနှစ်ထွက်တဲ့ ဂျုံသီးနှံရယ်၊ တကယ်လို့များ ပိုက်ဆံထပ်လိုခဲ့မယ်ဆိုရင် ဝယ်လင်တန်မှာ အလွယ်တကူ ရောင်းလို့ရတဲ့ ကြက်ဥတွေကိုပါ ရောင်းမယ်လို့ ဆိုပါတယ်။ ကြက်မတွေ အနေနဲ့လည်း လေဒဟတ် တည်ဆောက်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံရတာကို ကျေကျေနပ်နပ် လက်ခံကြိုဆိုသင့်တယ်လို့ ဆိုတယ်။
တိရိစ္ဆာန်တွေအားလုံးလည်း မကျေမလည်နဲ့ ဝို့တို့ဝါးတား ဖြစ်ကုန်ကြပါပြီ။ လူတွေနဲ့ မပတ်သက်ဖို့ ၊ အရောင်းအဝယ် မလုပ်ဖို့ ၊ ပိုက်ဆံ မသုံးဖို့ ဆိုတာတွေက မစ္စတာ ဂျူန်းစ်တို့ကို တိုက်ထုတ်အပြီး ပထမဆုံးလုပ်တဲ့ အစည်းအဝေးမှာတင် ဆုံးဖြတ်ခဲ့ကြတာ မဟုတ်လား။ တိရိစ္ဆာန်တွေ အားလုံးက အဲ့ဒါကိုတော့ မှတ်မိနေခဲ့ကြတယ်လေ။ အနည်းဆုံးတော့ သူတို့ မှတ်မိတယ်လို့ ထင်ကြတာပေါ့လေ။ နပိုလီယံ ဥပဒေအသစ်တွေ စ ထုတ်တုန်းက ကန့်ကွက်ခဲ့ကြတဲ့ ဝက်ကလေး လေးကောင်ဆီက မရဲတရဲနဲ့ အသံတွေတော့ စ ထွက်လာပါတယ်။ ထုံးစံအတိုင်း ခွေးဆိုးတွေဆီက ကြောက်လန့်ဖွယ် မာန်ဖီသံတွေ ထွက်လာတဲ့နောက်တော့ ပြန် ငြိမ်လိုက်ကြရတာပေါ့။ အဲ့ဒီနောက်တော့ ထုံးစံအတိုင်း သိုးတွေဆီက " ခြေလေးချောင်း ကောင်း ၊ ခြေနှစ်ချောင်း မကောင်း" ဆိုတဲ့ အော်ဟစ်သံတွေ ထွက်လာပြီး အခြေအနေက ဂွတီးဂွကျ မအူမလည်နဲ့ပဲ အဆုံးသတ်သွားပြန်ပါတယ်။ နောက်ဆုံးမှာ ဒါတွေ အားလုံးအတွက် အစီအစဉ်လုပ်ထားပြီး ဖြစ်ကြောင်း နပိုလီယံက ထပ်ပြောပါတယ်။ ဘယ်တိရိစ္ဆာန်မှ လူတွေနဲ့ ထိတွေ့စရာ မလိုကြောင်း ဒီ ဝန်ထုပ်ဝန်ပိုးကြီးကို အားလုံးအတွက် သူ ထမ်းပေးမှာဖြစ်ကြောင်း ဆိုပါတယ်။ ဝယ်လင်တန်မှာ နေတဲ့ ဥပဒေအကြံပေး မစ္စတာ ဝင်ပါ က တိရိစ္ဆာန်ဘုံနဲ့ အပြင်လောက ဆက်သွယ်ရေးမှာ ကြားခံဆောင်ရွက်ပေးမှာ ဖြစ်တဲ့အကြောင်းနဲ့ တင်္နလာနေ့ မနက်ခင်းတိုင်းမှာ ခြံကို လာမယ့်အကြောင်း အသိပေးပါတယ်။ အဲ့ဒီနောက်တော့ " တိရိစ္ဆာန်ဘုံ အဓွန့်ရှည်ပါစေ" လို့ ကြွေးကြော်လိုက်ပြီး
" အင်္ဂလန်က တိရိစ္ဆာန်ကြီးများ"
သီချင်းကို ဆိုပြီးတဲ့နောက် အစည်းအဝေးကို တန်းဖြုတ်လိုက်ပါတယ်။
နောက်ရက်မှာတော့ ထုံးစံအတိုင်း စကွီလာက တခြံလုံးကို ပတ်ပြီး တိရိစ္ဆာန်တွေ စိတ်အေးရအောင် ဆွေးနွေးပညာပေး စကားတွေ ပတ်ပြောပါတယ်။ အရောင်းအဝယ် လုပ်တာနဲ့ ပိုက်ဆံသုံးတာကို ဆန်ကျင့်ထားတဲ့ ပညတ်ချက်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါဟာ စနိုးဘော စိတ်ကူးယဉ်ပြီး စ ခဲ့တဲ့ အလိမ်အညာ စကားပဲလို့ ဆိုတယ်။ တိရိစ္ဆာန်တွေက သူပြောတဲ့စကားကို မယုံသင်္ကာဖြစ်နေပြီဆိုရင် စကွီဟာက ပညာသား ပါပါနဲ့ မေးခွန်းထုတ်တတ်တယ်။
" အရောင်းအဝယ် မလုပ်ရဖူးတို့ ပိုက်ဆံမသုံးရဘူးတို့ ပညတ်ထားတယ်ဆိုတာ အပြင်မှာ မဟုတ်ဘဲ မင်း အိမ်မက် မက်တာ ဖြစ်မနေနိုင်ဘူးလား ၊ မင်းမှာ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာ မှတ်တမ်းမှတ်ရာ ရှိလို့လည်း ၊ တနေရာရာမှာ ရေးထားတာ ရှိလား " စသဖြင့် မေးခွန်းထုတ်လိုက်တဲ့နောက်တော့ တိရိစ္ဆာန်တွေလည်း သူတို့ အမှတ်မှားတာပါလေ ဆိုတာမျိုး ဖြစ်သွားကြတာပေါ့။
စီစဉ်ထားသလိုပဲ မစ္စတာ ဝင်ပါဟာ ခြံကို တင်္နလာနေ့ မနက်တိုင်း လာပါတယ်။ လူပုံစံက သေးသေးလေး ဆိုပေမယ့် လူရည်လည်တဲ့ ပုံမျိုး ၊ မျက်နှာမှာလည်း ပါးသိုင်းမွေးတွေရှိသေးတယ်။ သိပ်ပြီး အရေးအရာ မပါလှတဲ့ ခပ်သေးသေး အလုပ်တွေအတွက်ပဲ ဥပဒေ အကြံပေး အလုပ် လုပ်နေရပေမယ့် တိရိစ္ဆာန်ဘုံမှာ ကော်မရှင်ခ မြိုးမြိုးမြက်မြက်စားရမယ့် ကြားခံ လူပုဂ္ဂိုလ်တစ်ယောက် လိုနေတယ်ဆိုတာကိုတော့ တခြားလူတွေထက်ဦးအောင် သတိထားမိသွားတဲ့ ပုဂ္ဂိုလ်ပေါ့။ တိရိစ္ဆာန်တွေက သူ အဝင် အထွက် လုပ်နေတာကို ခပ်ဝေးဝေးကနေ ကြောက်ကြောက်နဲ့ ကြည့်နေလေ့ ရှိပြီး မပတ်သက်မိအောင်လည်း တတ်နိုင်သမျှ ရှောင်ကြတယ်။ ဒါပေမယ့်လည်း ခြေလေးချောင်းနဲ့ ခေါင်းဆောင်ကြီး နပိုလီယံက ခြေနှစ်ချောင်းနဲ့ လူသတ္တဝါကို အမိန့်ပေး ညွှန်ကြားနေတာကို သူတို့ မြင်ရတော့ ဂုဏ်ယူမဆုံး ဖြစ်နေကြပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံမယ့် မူဝါဒ အသစ်နဲ့ တဖြည်းဖြည်း ယဉ်ပါးလာကြပါတယ်။ သူတို့အတွက်တော့ လူသတ္တဝါတွေနဲ့ သူတို့ ဆက်ဆံရေးဟာ အရင်လို မဟုတ်တော့ပါဘူး။ လူတွေကတော့ တိရိစ္ဆာန်ဘုံကြီး အရင်ထက် သာယာဝပြောနေတာကို မြင်ပြီး အရင်ထက်ကို ပိုလို့ နာကျည်းနေကြတာပါ။ လူတိုင်းက တိရိစ္ဆာန်ဘုံကြီး မကြာခင် ဒေဝါလီ ခံရပြီး လေဒဟတ် စီမံကိန်းကလည်း ဆုံးရှုံးမူကြီးလိမ့်မယ်ဆိုတာကို ယုံကြည်ထားကြပါတယ်။ လေဒဟတ် အဆောက်အဦးက မပြီးခင် ပြိုကျရင်ကျ မပြိုလို့ ပြီးသွားရင်လည်း သုံးလို့ ရမှာမဟုတ်ဘူးဆိုတာမျိုး တွက်ထားကြပါတယ်။ ဘယ်လိုနေနေ လောလောဆယ်တော့ သူတို့ ဆန္ဒတွေကို မြိုသိပ်ပြီး တိရိစ္ဆာန်တွေ သူတို့ဘာသာ စီမံခန့်ခွဲနေတာကို အတိုင်းအတာ တစ်ခုထိ လက်ခံ အသိအမှတ်ပြုလာရတာပေါ့။ ဥပမာ အရင်က သူတို့ လူတွေ လုံးဝ မသုံးနှူန်းချင် လက်မခံချင်တဲ့ တိရိစ္ဆာန်ဘုံဆိုတဲ့ ခြံ အမည်ကို " ဘက်စုံ စိုက်ပျိုး မွေးမြူရေး ခြံ" ဆိုတဲ့ အမည်အစား ပြောင်းသုံးလာကြတာမျိုးပေါ့။ မစ္စတာ ဂျူန်းစ်ကလည်း ဒီခြံ ပြန်ရဖို့ ကိစ္စ မကြိုးစားတော့ဘဲ ဝယ်လင်တန် တစ်ဘက်ခြမ်းမှာ နေနေပြီဆိုတော့ သူ့အတွက်လည်း ထည့်တွက်ပေးစရာ မလိုတော့ဘူး။ တိရိစ္ဆာန်ဘုံနဲ့ လူတွေကြားမှာ မစ္စတာ ဝင်ပါက တဆင့်ကြားခံ ထိတွေ့ဆက်ဆံတာကလွဲလို့ တိုက်ရိုက် ထိတွေ့မူ မရှိသေးပါဘူး။ ဒါပေမယ့်လည်း နပိုလီယံဟာ ဖောက်စ်ဝုဒ်က မစ္စတာ ဖီလ်ကင်တန် နဲ့သော်လည်းကောင်း ပင့်ချ်ဖီးလ်ဒ်က မစ္စတာ ဖရက်ဒရစ်နဲ့သော်လည်းကောင်း အရေးကြီးတဲ့ စီးပွားရေး ဆိုင်ရာ သဘောတူညီမူ ယူတော့မယ်ဆိုတဲ့ ကောလဟာလတွေ အဆက်မပြတ် ထွက်ပေါ်နေပါပြီ။
ဒီအချိန်မှာပဲ ဝက်တွေဟာ မစ္စတာ ဂျူန်းရဲ့ လယ်တောအိမ်မှာ ပြောင်းနေနေကြပါပြီ။ ထုံးစံအတိုင်းပဲ တခြား တိရိစ္ဆာန်တွေက လယ်တောအိမ်မှာ ဘယ်သူမှ မနေရလို့ ပညတ်ထားတဲ့ ကိစ္စကို ဝေတေဝါးတား မှတ်မိမလို ဖြစ်နေတုန်း စကွီလာက အဲ့လို ပညတ်ချက် မရှိကြောင်း လှည့်ပတ် ပြောဆိုထားပြန်ပါတယ်။ ဦးနှောက်သုံး အလုပ်လုပ်ရတဲ့ ဝက်တွေအတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ လယ်တောအိမ်လို နေရာမျိုး မဖြစ်မနေ လိုအပ်ကြောင်း စကွီလာက ဆိုပါတယ်။ ခေါင်းဆောင်ကြီး နပိုလီယံလို ပုဂ္ဂိုလ်အတွက်လည်း ခနော်နီ ခနော်နဲ့ ဝက်ခြံထက် ဒီလယ်တောအိမ်ဟာ သူ့ ဂုဏ်ဒြပ်နဲ့ ပို လိုက်ဖက်တဲ့ နေရာဖြစ်ပါသတဲ့။ ဘယ်လိုပြောပြော တိရိစ္ဆာန်တွေဟာ ဝက်တွေ အိပ်ယာနဲ့ အိပ်တာ သူတို့ အစားအသောက်တွေကို အကုန်ယူစားပစ်လိုက်တာ ပုံဆွဲခန်းကို သူတို့ အပန်းဖြေနေရာ သတ်မှတ်လိုက်တာတွေအတွက် စိတ် မသက်မသာ ဖြစ်နေကြပါတယ်။ ဘောက်ဆာကတော့ " နပိုလီယံ အမြဲမှန်တယ်" ဆိုတာနဲ့တင် မေ့မေ့ဖျောက်ဖျောက် နေနိုင်ပေမယ့် ကလိုဗာကတော့ အိပ်ယာနဲ့ အိပ်တဲ့ ကိစ္စဆို တားမြစ်ထားတာလို့ မှတ်မိနေပါတယ်။ အစည်းအဝေး လုပ်နေကြ အဆောက်အဦ နံရံမှာ ရေးထားတဲ့ ပညတ်တော် ၇ ချက်ကို ကြိုးစားပြီး ဖတ်ကြည့်နေပါတယ်။ စာတစ်လုံးခြင်းဆီ ဆိုနိုင်တာကလွဲလို့ မရတဲ့ အဆုံး ဆိတ်ကြီး မြူရီရယ်ကို သွားခေါ်ပါတယ်။
" မြူရီရယ် ငါ့ကို လေးကြောင်းမြောက်က ပညတ်ချက်ကို ဖတ်ပြစမ်းပါ အဲ့ဒါ အိပ်ယာနဲ့ မအိပ်ရဆိုတဲ့ ကိစ္စ ပြောထားတာမလား " လို့ ကလိုဗာက ပြောပါတယ်။ မြူရီရယ်ကလည်း ခက်ရာခက်ဆစ် ဖတ်ပြတယ် " ဘယ်တိရိစ္ဆာန်မှ အိပ်ယာပေါ်မှာ အိပ်ယာခင်းနဲ့ မအိပ်ရ" ။ လေးကြောင်းမြောက်မှာ အိပ်ယာခင်း ကိစ္စရေးထားတာ ကလိုဗာ မမှတ်မိပါ။ ဒါပေမယ့် နံရံမှာ ရေးထားမှတော့ အဲ့လိုပဲ နေမှာပါလေလို့ပဲ မှတ်လိုက်ရပါတော့တယ်။ ခဏကြာတော့ ခွေး ၃ ကောင်ခြံရံပြီး ရောက်လာတဲ့ စကွီလာက သူ မကျေလည်တာတွေကို ရှင်းလင်းသွားအောင် ရှင်းပြပါတယ်။
" မင်းတို့ ကြားကြတဲ့ အတိုင်းပဲ ရဲဘော်တို့ ။ ငါတို့ ဝက်တွေ ခု လယ်တောအိမ်မှာ အိပ်ကြသလား ဆိုတဲ့ ကိစ္စကိုပါ ။ အိပ်တော့ ဘာဖြစ်လို့လဲ။ အိပ်ယာနဲ့ မအိပ်ရလို့ ပြောထားတဲ့ ပညတ်ချက်ရှိတာ မင်းတို့ အတတ်ပြောနိုင်လို့လား။ အိပ်ယာဆိုတာ ကိုယ်အိပ်တဲ့ နေရာကို ခေါ်တာပဲလေ။ ကောက်ရိုးတွေ စုစုလေး ဖြန့်ပုံထားတာလဲ အိပ်ယာပဲလေ။ တကယ့် ပညတ်ချက်က အိပ်ယာခင်း နဲ့ မအိပ်ခိုင်းတာပဲ။ အိပ်ယာခင်းဆိုတာ လူတွေ တီထွင်ထားတာ။ ငါတို့ လယ်တောအိမ်က အိပ်ယာအခင်းတွေ အကုန်လုံးကို ဖယ်ပြီး အိပ်ယာပေါ် စောင်ခြုံအိပ်တာပဲ ရှိတာပါ။ အရမ်းကောင်းတဲ့ အိပ်ယာတွေ ဆိုပေမယ့် ငါတို့ အဆင်ပြေယုံပါပဲ။ ဦးနှောက်ခြောက်စရာ အလုပ်တွေ တစ်ပုံတစ်ပင်နဲ့ အလုပ်လုပ်ရတဲ့ ငါတို့ အိပ်ယာတွေကိုတော့ မင်းတို့ လု မယူကြဘူးမလား ရဲဘော်တို့။ ငါတို့ အလုပ်တွေ မလုပ်နိုင်လောက်အောင် ပင်ပန်းသွားကြမှာ မလိုလားဘူးမလား ၊ မစ္စတာ ဂျူန်းစ် ပြန်လာမှာကို မင်းတို့ မမြင်ချင်ဘူးဆိုတာလည်း ငါသိပါတယ် ဟုတ်တယ်မလား" လို့ ရှင်းပြတယ်။
မစ္စတာ ဂျူန်းစ် ပြန်လာမယ့် ကိစ္စပြောလိုက်တာနဲ့ တိရိစ္ဆာန်တွေ အားလုံးက စကွီလာပြောတာကို ချက်ခြင်း သဘောတူလိုက်ကြပြီး ဝက်တွေ လယ်တောအိမ်မှာ အိပ်တဲ့ ကိစ္စ ထပ်မပြောကြတော့ပါ။ အဲ့လိုနဲ့ ရက်အနည်းငယ်ကြတော့ ကြေညာချက် တစ်ခု ထပ်ထွက်လာပါတယ်။ ဝက်တွေဟာ တခြား တိရိစ္ဆာန်တွေထက် ၁ နာရီ နောက်ကျပြီးမှ အိပ်ယာထမယ့်အကြောင်း ကြေညာချက်ပါ။ ဒါလည်း ဘယ်သူမှ စောဒက မတတ်ကြတော့ပါဘူး။
ဆောင်းဦးရောက်တော့ တိရိစ္ဆာန်တွေအားလုံး ပင်ပန်းနေကြပါပြီ။ ဒါပေမယ့် ပျော်ပျော်ပါပဲ။ သူတို့ တော်တော် ဆိုးရွားတဲ့ နှစ်တစ်နှစ်နဲ့ ကြုံခဲ့ရတာပါ။ ပြောင်းဖူးတွေနဲ့ ကောက်ရိုးထုံးတွေ အတော်များများ ရောင်းထားတော့ ဒီနှစ်အတွက် ရိက္ခာဂိုထောင်မှာ ရိက္ခာများများစားစား မကျန်တော့ပါဘူး။ ဒါပေမယ့် ဆောက်လက်စ လေဒဟတ် အဆောက်အဦးကို ကြည့်ပြီး သူတို့ အမောဖြေနေခဲ့ကြပါတယ်။ ခုဆို အဆောက်အဦးက တစ်ဝက်ကျော်ကျော်ပြီးနေပါပြီ။ သီးနှံတွေ ခူးပြီးတဲ့ အချိန်လောက်ရောက်တော့ ပူးပြင်းခြောက်သွေ့တဲ့ ရာသီရောက်လာပါပြီ။ ဒီအချိန်လောက် ကျောက်တုံးတွေ သယ်လို့ကောင်းတဲ့ အချိန်မရှိဘူးဆိုတော့ တစ်နေကုန်သာ ခေါက်တုံ့ခေါက်ပြန် သယ်လိုက်ရင် တစ်ပေလောက်ပြီးနိုင်တာမို့ အရင်ကထက် ပိုပြီး ကြိုးစား သယ်ကြပါတယ်။ ဘောက်ဆာက ညဘက်တွေပါ ရောက်ရောက်လာပြီး ကြည်လင်နေတဲ့ လရောင်အောက်မှာ ၁ နာရီ ၂ နာရီလောက် အလုပ်လုပ်နေတတ်ပါတယ်။ တိရိစ္ဆာန်တွေဟာ သူတို့ အားလပ်ချိန်တွေမှာ ဆောက်လက်စ လေဒဟတ်ကြီးဘေးကို ရောက်လာတတ်ပြီး အဆောက်အဦးရဲ့ ခန့်ခန့်ညားညား တောင့်တောင့်ဖြောင့်ဖြောင့် ပုံစံကြီးကို သဘောခွေ့နေကြပါတယ်။ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦးကြီးကို သူတို့ ဆောက်နေကြတာ ဟုတ်ရော ဟုတ်ရဲ့လားလို့ တအံ့တဩလည်း ဖြစ်နေကြလေရဲ့။ မြည်းအိုကြီး ဘင်ဂျမင် တစ်ကောင်ပဲ လေဒဟတ်နဲ့ ပတ်သက်ပြီး ဟက်ဟက်ပက်ပက် မရှိလှတာပါ။ ထုံးစံအတိုင်း အဖြေဖေါ်ရခက်ပြီး မဆီမဆိုင်တဲ့စကား “ မြည်းတွေက အသက်ရှည်ကြတယ်” ဆိုတာပဲ ရေရွတ်နေတာ။
နိုဝင်ဘာလရောက်ပြန်တော့ အနောက်တောင်လေက စ အော်မြည်လာပြီ။ အဆောက်အဦးဆောက်တဲ့ ကိစ္စလည်း ဘိလပ်မြေ ဖျော်ဖို့အဆင်မပြေလောက်အောင် စိုစွတ်နေလို့ နားထားရပြီ။ တစ်ရက်မှာတော့ တော်တော် ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်မူကြောင့် သူတို့ အစည်းအဝေးလုပ်နေကြ အဆောက်အဦးတစ်ခုလုံး ခါရမ်းနေပြီး ခေါင်းမိုးပြားတွေ လွှင့်ထွက်ကုန်တဲ့ထိ ဖြစ်ကုန်တယ်။ ကြက်မတွေကလည်း အဝေးက ပေါက်ကွဲသံ တစ်ချက်ကြားလိုက်ရတယ်လို့ အထင်နဲ့ ကြောက်လန့်တကြား အော်ဟစ်နိုးလာကြတယ်။ မိုးလင်းလို့ သူတို့ ဝပ်ကျင်းတွေကနေ အသီးသီး ထွက်လာကြတဲ့အခါ အလံတိုင်ကလည်း လေတိုက်လို့ လဲနေပြီ။ နှစ်ရှည်ပင်တန်းက အပင်တစ်ပင်ကလည်း မုန်လာဥကို ဆွဲနှုတ်ထားသလို အမြစ်က လှန်ပြီး လဲနေပြီ။ ဒီအချိန်မှာပဲ စိတ်ပျက်ဝမ်းနည်းပြီး ငိုကြွေးနေကြတဲ့ တိရိစ္ဆာန်အချို့ရဲ့ အသံကို ကြားလိုက်ရချိန်မှာတော့ သူတို့ တစ်စုံတစ်ခုကို သတိထားမိသွားကြပါြပီ။ အရမ်းကို ဆိုးရွားတဲ့ မြင်ကွင်းတစ်ခုကို သူတို့ တွေ့လိုက်ကြရတာပါ။ ဆောက်လက်စ လေဒဟတ် အဆောက်အဦးဟာ အပျက်စီးပုံကြီးတစ်ခု ဖြစ်သွားခဲ့ပါပြီ။
အားလုံးပဲ တစ်ပြိုင်ထဲ လေဒဟတ် အဆောက်အဦးရှိရာကို ပြေးထွက်သွားကြပါတယ်။ အမြဲတမ်း လေးဖင့်နေတတ်တဲ့ နပိုလီယံက ထိပ်ဆုံးက ပြေးသွားတာ။ လေဒဟတ် အဆောက်အဦးဟာ အပျက်အစီးပုံကြီး အဖြစ် လဲလျောင်းနေပါပြီ။ သူတို့ ရုန်းကန်ခဲ့ကြခြင်းရဲ့ အသီးအပွင့်တွေဟာ မြေကြီးပေါ် ပြန့်ကျဲနေပါပြီ။ ခက်ရာခဲဆစ် တွန်းထိုး သယ်ပိုးခဲ့ရတဲ့ ကျောက်တုံးတွေဟာလည်း ဟိုတစ်စ ဒီတစ်စ။ ဟိုတစ်တုံး ဒီတစ်တုံး ပြန့်ကျဲနေတဲ့ ကျောက်တုံးတွေကို ကြည့်ပြီး စကားတောင် မပြောနိုင်ကြတော့ဘဲ ပူဆွေးဝမ်းနည်းစွာ ငေးကြည့်နေခဲ့ကြပါတယ်။ နပိုလီယံက တိတ်တဆိတ်ပဲ လမ်းကို ခေါက်တုံ့ခေါက်ပြန် လျှောက်နေပါတယ်။ တခါတလေ မြေကြီးကိုလည်း နမ်းပြီး အနံ့ခံနေပါတယ်။ သူ့ရဲ့ အမြီးကလည်း တောင့်ပြီး လိမ်ခေါက်ရမ်းခါနေပါပြီ။ စိတ်ဆိုးဒေါသထွက်နေတဲ့ လက္ခဏာပါ။ ရုတ်တရက် တစ်ခုခုကို ဆုံးဖြတ်ပြီးတဲ့အလား သူ့စိတ်ကို သူ ပြင်ဆင်ပြီးတဲ့အခါ ရပ်လိုက်ပါတယ်။
နပိုလီယံက “ ရဲဘော်တို့ ဒီကိစ္စဟာ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ သိလား၊ ညမှာလာပြီး ငါတို့ လေဒဟတ်ကို ဖျက်ဆီးသွားတဲ့ ရန်သူကို မင်းတို့ သိကြလား ၊ စနိုးဘောပဲကွ” လို့ ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်ပါတယ်။ “ ဒါကို စနိုးဘော လုပ်လိုက်တာကွ၊ သူ ခြံကနေ အရှက်တကွဲ မောင်းထုတ်ခံရတာကို မကျေနပ်တာကြောင့် မလိုမုန်းထားစိတ်နဲ့ ငါတို့ အစီအစဉ်တွေ ပျက်စီးနှောင့်နှေးအောင် ယုတ်မာတာပဲ။ ည အမှောင်ကို အားကိုးပြီး ငါတို့ တစ်နှစ်လောက်နီးပါး အားကြိုးမာန်တက် တည်ဆောက်ခဲ့တဲ့အရာကို ဖျက်ဆီးပစ်လိုက်တာပဲ။ ရဲဘော်တို့ ခုချိန်က စပြီး စနိုးဘောကို သေဒဏ်အမိန့်ချလိုက်တယ်။ ဘယ်သူမဆို စနိုးဘောကို တရားမျှတမူအောက် ရောက်အောင်စွမ်းဆောင်နိုင်ရင် “ တိရိစ္ဆာန် သူရဲကောင်း၊ ဒုတိယတန်း” တံဆိပ်နဲ့ ပန်းသီး တောင်းတစ်ဝက် ရမယ်၊ အရှင်ဖမ်းနိုင်ရင်တော့ ပန်းသီး တစ်တောင်း အပြည့်ရမယ်” လို့ ကြေညာလိုက်တယ်။
ဒီ အဖျက်အမှောင့်ကြီးကို စနိုးဘောလုပ်တယ်လို့ သိလိုက်ရတဲ့ တိရိစ္ဆာန်တွေဟာ မယုံနိုင်လောက်အောင် အံ့ဩမှင်သက်ကုန်ကြပါတယ်။ စနိုးဘော ခြံဘက်ကို ပြန်လာခဲ့ရင် ဘယ်လိုဖမ်းရမလဲ ဆိုတာကိုလည်း နာနာကြည်းကြည်းနဲ့ တွေးကုန်ကြပါပြီ။ ခဏအကြာမှာပဲ တောင်ကုန်းမို့မို့နဲ့ မလှမ်းမကမ်းမှာ ဝက်ခြေရာတွေ တွေ့လိုက်ကြပါတယ်။ ကိုက် အနည်းလောက်ပဲ သူတို့ ခြေရာခံလိုက်နိုင်ပြီး ခြေရာက စည်းရိုးတန်းအောက်က အပေါက်တစ်ခုထဲမှာ ပျောက်ကွယ်သွားပါတယ်။ နပိုလီယံက သေချာ အနှံ့ခံလိုက်ပြီး ဒါ စနိုးဘောပဲလို့ တပ်အပ်ပြောလိုက်ပါတယ်။ စနိုးဘောဟာ ဖောက်စ်ဝုဒ် ခြံဘက်က လာတာ ဖြစ်နိုင်ကြောင်းလည်း မှတ်ချက်ပေးပါတယ်။
“ ကဲ အချိန်မဆွဲကြနဲ့တော့ ရဲဘော်တို့ ငါတို့ အလုပ် ငါတို့ ပြီးအောင် လုပ်ရမယ်။ ခုချက်ခြင်းပဲ ဒီမနက်ပဲ ငါတို့ လေဒဟတ်ကို ပြန်တည်ဆောက်ကြမယ်။ ဒီ တစ်ဆောင်းလုံး မိုးရွာရွာ နေပူပူ ငါတို့ တည်ဆောက်ကြမယ်။ ဒီ အကျင့်မကောင်းတဲ့ သစ္စာဖောက်အနေနဲ့ ငါတို့ အလုပ်ကို လွယ်လွယ်နဲ့ ဖျက်ဆီးလို့ မရဘူးဆိုတာကို သိစေရမယ်။ မှတ်ထား ရဲဘော်တို့။ ငါတို့ ဦးတည်ချက်ဟာ ဘယ်တော့မှ မပြောင်းလဲ မယိမ်းယိုင်ဘူး။ မူလ အစီအစဉ်အတိုင်း ငါတို့ ဆက်လုပ်သွားကြမယ်။ ချီတက်ကြ ရဲဘော်တို့ ၊ “လေဒဟတ်ကြီး အဓွန့်ရှည်ပါစေ” “ တိရိစ္ဆာန်ဘုံကြီး အဓွန့်ရှည်ပါစေ” ။
အခန်း ၇
----------
ဒီ ဆောင်းတွင်းကတော့ တော်တော်ကို ဆိုးရွားတဲ့ ဆောင်းပါ။ ရေခဲမိုးရွာသလို နှင်းတွေလည်း အထွေးလိုက် ကျနေတာ ဖေဖော်ဝါရီလထိ အေးခဲနေတုန်းပါပဲ။ လေဒဟတ် ပြန်ဆောက်တဲ့ အလုပ်ကို တိရိစ္ဆာန်တွေဟာ နိုင်သလောက် အားခဲလုပ်နေကြပါတယ်။ အပြင်လောကက မနာလို ဝန်တိုနေတဲ့ လူသတ္တဝါတွေဟာ ဒီ လေဒဟတ် ဆောက်လုပ်ရေးကိစ္စကို စောင့်ကြည့်နေတာကြောင့် အချိန်မှီသာ မပြီးခဲ့ရင် သူတို့ ဝမ်းသာအားရ ဖြစ်နေကြမှာ။ လူ တွေက ဒီ လေဒဟတ်အဆောက်အဦးကို ဖျက်စီးသွားတာ စနိုးဘော ဆိုတာကို မသိချင်ယောင် ဆောင်နေကြတာပါ။ အဆောက်အဦး ပြိုကျရတာက နံရံထုထည်က ပါးလျလို့ ဖြစ်ရတာလို့ သူတို့က ဆိုပါတယ်။ လူ သတ္တဝါတွေ ပြောတာ မဟုတ်မှန်း တိရိစ္ဆာန်တွေက သိကြပေမယ့် အသစ်ပြန်ဆောက်တဲ့ လေဒဟတ်ကိုတော့ အရင်လို ၈ လက်မ မဟုတ်ဘဲ ၃ ပေထုရှိတဲ့ နံရံနဲ့ အစားထိုး တည်ဆောက်ကြပါတယ်။ အဲ့ဒီတော့ ကျောက်တွေလည်း ပိုသယ်ရပြီပေါ့။ ထုံးကျောက်တော ကလည်း အချိန်အတော်ကြာကြာ နှင်းခဲတွေ ဖုံးနေလို့ ဘာမှ လုပ်မရသေးပါဘူး။ နည်းနည်း ခြောက်သွေ့တဲ့ အချိန်မျိုးကြတော့လည်း အလုပ်လုပ်ရတာ ရက်ရက်စက်စက် ပင်ပန်းတာကြောင့် တိရိစ္ဆာန်တွေဟာ ဘယ်တုန်းကမှ မဖြစ်ဖူးတဲ့ မျှော်လင့်ချက်မဲ့ စိတ်ဓာတ်ကျတာမျိုးတွေ ခံစားနေကြရပါတယ်။ သူတို့ဟာ အမြဲတမ်း ဆာလောင်ပြီး ခိုက်ခိုက်တုန်အောင် အေးနေကြတာပါ။ ဘောက်ဆာနဲ့ ကလိုဗာ လောက်ပဲ ဒီအခြေအနေကို တောင့်ခံနိုင်ကြပါတယ်။ စကွီလာက အလုပ်လုပ်ခြင်းရဲ့ ဂုဏ်သိက္ခာကြီးမားပုံ အကြောင်း ကောင်းကောင်း ပြောတတ်ပေမယ့် တိရိစ္ဆာန်တွေကတော့ ဘောက်ဆာရဲ့ ခွန်အားဗလနဲ့ မဆုတ်မနစ် လုပ်နိုင်ကိုင်နိုင်တာကို ပိုပြီး အားကျ အတုယူနေကြတာပါ။
ဇန်နဝါရီလ ရောက်တော့ ရိက္ခာ မလောက်တော့ပါ။ ပေးနေကြ ပြောင်းဖူး ရိက္ခာက ဆိုးဆိုးရွားရွား လျော့ချခံထားလိုက်ရပါပြီ။ အဲ့ဒီအစား အာလူးတွေ ပိုပေးမယ်လို့ ဆိုပါတယ်။ အာလူးတွေဟာလည်း သိုလှောင်ထားတဲ့ အကာက ဖြစ်သင့်သလောက် မထူဘဲ ပါးနေတာမို့ အထဲမှာ အကုန်နီးပါး ခဲတောင့်နေပါပြီ။ ရေခဲကိုက်သွားတဲ့ အာလူးတွေက တဖြည်းဖြည်း ပျော့ပြဲပြီး အရောင်တွေ ပြောင်းသွားတာမို့ အရေအတွက် နည်းနည်းသာ စားလို့ ဖြစ်ပါတော့တယ်။ တိရိစ္ဆာန်တွေဟာ တချို့ရက်တွေမှာ ကောက်ရိုးနဲ့ သစ်ဥသစ်မြစ် အနည်းငယ်သာ စားရတဲ့ ရက်တွေ ရှိလာပါပြီ။ ငတ်မွတ်ခြင်းက သူတို့ကို စိုက်ကြည့်ပြီး မလှမ်းမကမ်းရောက်နေပါပြီ။
ဒီကိစ္စကို အပြင်လောကမသိအောင် ဖုံးကွယ်ထားနိုင်ဖို့ အရေးကြီးပါတယ်။ လေဒဟတ်ကြီး ပြိုကျသွားကတည်းက အားတက်နေကြတဲ့ လူတွေက တိရိစ္ဆာန်ဘုံနဲ့ ပတ်သက်ပြီး ကောလဟာလ အသစ်တွေ အမြဲတမ်း ထွင်နေကြတာပါ။ တစ်ခေါက်ကလည်း ခြံထဲက တိရိစ္ဆာန်တွေဟာ အစာရေစာ ငတ်ပြတ်ပြီး ရောဂါပေါင်းစုံနဲ့ သေနေကြပြီ၊ အချင်းချင်း သတ်ဖြတ်စားသောက်နေတဲ့အပြင် ကိုယ်မွေးထားတဲ့ ရင်သွေးတွေကိုပါ ကိုယ်သတ်နေကြပီလို့ သတင်းတွေ မဟုတ်တမ်းတရား လွှင့်ခဲ့ကြသေးတယ်။ နပိုလီယံဟာ အစာရေစာ ပြတ်တဲ့သတင်း အပြင်လောကကို ပြန့်သွားရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ကောင်းကောင်း သိပါတယ်။ မစ္စတာ ဝင်ပါကို အသုံးချပြီး တိရိစ္ဆာန်ဘုံနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ သတင်းတွေပဲ ရှိနေသယောင် ဝါဒဖြန့်ဖို့ သူ စီစဉ်ပါတယ်။ အရင်က ဘယ်တိရိစ္ဆာန်မှ လူတွေနဲ့ ထိတွေ့ဖူးခြင်း မရှိပေမယ့် ခုကစလို့ နပိုလီယံ သေချာစီစစ်ရွေးချယ်ထားတဲ့ သိုးတွေကို မစ္စတာ ဝင်ပါနဲ့ ထိတွေ့ခွင့် ရအောင် စီစဉ်ပြီး ရနေကြ ဝေစုရိက္ခာတွေ ပိုရတဲ့အကြောင်း မကြားတကြား ပြောခိုင်းပါတယ်။ အဲ့ဒီအပြင် ပြောင်သလင်းခါနေတဲ့ ရိက္ခာဆောင်က ပုံးအလွတ်တွေထဲကို သဲတွေ ပြည့်လုနီးပါး ထည့်ခိုင်းပြီး အပေါ်ယံမှာတော့ ဆန်စေ့နဲ့ စားစရာ နည်းနည်းနဲ့ ဖုံးခိုင်းလိုက်ပါတယ်။ ကြိုတင်ဇာတ်တိုက် ထားတဲ့ ပုံစံမျိုးမှာ မစ္စတာ ဝင်ပါက ရိက္ခာဆောင်ကို ကြည့်ခွင့်ရလိုက်ပြီး လှည့်စားခံလိုက်ရပါတယ်။ အပြင်လောကကို ပြန်ရောက်ချိန်မှာတော့ တိရိစ္ဆာန်ဘုံမှာ အစာရေစာ ပြတ်လပ်နေတယ်ဆိုတာ မဟုတ်မှန်ကြောင်း သူက သတင်းဖြန့်ပေးပါတယ်။
ဘယ်လိုပဲ သတင်းဖြန့်ထားထား ဇန်နဝါရီ လကုန်ထိစားဖို့ စပါးစေ့တွေ တနေရာရာက မဖြစ်မနေ ရမှာ ဖြစ်တော့မယ့် အနေအထားဖြစ်လာပါပြီ။ ဒီရက်ပိုင်းမှာ နပိုလီယံဟာ လူမြင်ကွင်းကို ထွက်မလာတော့ဘဲ လယ်တောအိမ်ထဲမှာပဲ အခြံအရံ ခွေးဆိုးတွေကို အစောင့်အရှောက်လုပ်ခိုင်းပြီး နေနေပါတယ်။ ထွက်လာပြန်တော့လည်း ဂုဏ်ပြုခံ အခမ်းအနားလုပ်တဲ့ ပုံစံမျိုးနဲ့ ခွေးဆိုး ခြောက်ကောင် ခြံရံပြီး အနားကပ်လာသမျှ တိရိစ္ဆာန်တွေကို မာန်ဖီဟိန်းဟောင် နေတော့တာပါ။ တနင်္ဂနွေနေ့တွေမှာလည်း မပေါ်လာတော့တာ များတယ်။ သူ့ ညွှန်ကြားချက်တွေကို အမြဲတမ်းနီးပါး စကွီလာက တဆင့်ပဲ ထုတ်ပြန်ပါတော့တယ်။
တနေ့သော တနင်္ဂနွေနေ့မှာတော့ စကွီလာက ကြေညာချက် တစ်ခု ထုတ်ပါတယ်။ ကြက်မတွေအားလုံး သူတို့ ဥ ထားတဲ့ ကြက်ဥတွေအားလုံးကို လာ အပ်ဖို့ပါ။ နပိုလီယံက တစ်ပတ်ကို ကြက်ဥ အလုံး ၄၀၀ ရောင်းချဖို့ မစ္စတာ ဝင်ပါက တဆင့် သဘောတူလက်ခံထားပါတယ်။ ရောင်းရငွေတွေက လာမယ့် နွေထိအောင် စားနပ်ရိက္ခာဖူလုံစေမှာဖြစ်ပြီး ခြံထဲက အခြေအနေတွေ အရမ်းမဆိုးသွားအောင် စီမံနိုင်ပါလိမ့်မယ်။ ကြက်မတွေက ဒီကြေညာချက်ကို ကြားလိုက်ရချိန်မှာ ဆိုးဆိုးရွားရွား ဆန့်ကျင်အော်ဟစ်ကြပါတယ်။ သူတို့ကို လိုအပ်ရင် ကြက်ဥတွေ ရောင်းမယ်ဆိုတာကို အသိပေးခဲ့ပြီးသား ဖြစ်ပေမယ့် တကယ် လုပ်လိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ကြပါဘူး။ သူတို့က ဥတွေကို ဝပ်ဖို့တောင် ဝပ်ကျင်းတွေ ပြင်ဆင်ပြီးနေပြီမို့ ကြက်ဥတွေကို ခုလို ယူသွားတာဟာ သတ်ဖြတ်မူပဲလို့ ပြန် ခံပြောကြပါတယ်။ အဲ့ဒီနောက်တော့ လူသတ္တဝါ မစ္စတာ ဂျူန်းစ်ကို မောင်းထုတ်တွန်းလှန်လိုက်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ဆန့်ကျင်ပုန်ကန်မူ တစ်ခု ပေါ်ပေါက်လာတော့တာပေါ့။ ကြက်မဲ သုံးကောင်က ဦးဆောင်ပြီး နပိုလီယံရဲ့ ဆန္ဒအတိုင်း မဖြစ်ရအောင် အားထုတ်ကြပါတယ်။ သူတို့ဟာ အဆောက်အဦ ထပ်ခိုးတွေနားထိ ပြန်တက်သွားပြီ အမြင့်ကို ရောက်မှ ဥ တွေကို ဥ ချလိုက်တဲ့အခါ ကြမ်းခင်းမှာ ဥတွေ တ စ စီ ဖြစ်ကုန်ပါတယ်။ နပိုလီယံကလည်း ချက်ခြင်းပဲ ရက်ရက်စက်စက် တုန့်ပြန်ပါတယ်။ ကြက်တွေရဲ့ ရိက္ခာကို ဖြတ်တောက်ဖို့ အမိန့်ပေးလိုက်ပါတယ်။ ကြက်တွေကို ပြောင်းဖူးတစ်စေ့ ပေးရင်တောင် ပေးတဲ့သူကို သေဒဏ်ပေးမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒါတွေကို ကြပ်မတ်ဆောင်ရွက်ဖို့ ခွေးဆိုးကြီးတွေကို တာဝန်ပေးထားပါတယ်။ ငါးရက်လောက်ထိ ကြက်တွေက တောင့်ခံထားကြပြီး မခံနိုင်တော့တဲ့ အဆုံးမှာ သူတို့ ပုံမှန် ဝပ်ကျင်းတွေဆီကို ပြန်သွားကြပါတယ်။ မကြာခင်မှာပဲ ကြက်မ ၉ ကောင် သေဆုံးသွားခဲ့ပါတယ်။ သူတို့ကို သစ်ပင်တန်း အောက်ခြေမှာပဲ မြုပ်နှံလိုက်ပြီး ကူးစက်ရောဂါကြောင့် သေဆုံးရတာလို့ သတင်းထုတ်ပြန်ပါတယ်။ မစ္စတာ ဝင်ပါကတော့ ဒီကိစ္စကို သတိမထားမိလိုက်ပဲ ကြက်ဥတွေကို ပုံမှန်သယ်ထုတ်နေတယ်။ တစ်ပတ်တစ်ခါ ထရက်ကား တစ်စီးနဲ့ ရောက်လာပြီး လာ လာ သယ်တာပါ။
ခုချိန်ထိ စနိုးဘောကို ဘယ်သူမှ ရှာမတွေ့သေးပါဘူး။ ဘေးက ခြံတစ်ခုခုမှာ ပုန်းနေတယ်လို့တော့ သတင်းတွေ ထွက်နေတာပေါ့။ နပိုလီယံကတော့ ဘေးခြံက လူတွေနဲ့ ပလဲနံပ စသင့်နေပါပြီ။ ဘယ်အချိန်က စ လည်းဆိုတော့ ခြံထဲက တောအုပ်တစ်ခုကို ရှင်းထုတ်လိုက်ရာက ခုတ်ပြီးသား ကျွန်းသစ်လုံးပုံကြီး ထွက်လာကတည်းက ဆိုပါတော့။ မစ္စတာ ဝင်ပါက ဒါတွေကို ရောင်းထုတ်ဖို့ အကြံပေးတယ်။ ဘေးခြံနှစ်ခြံက မစ္စတာ ဖီလ်ကင်တန် ရော ဖရက်ဒရစ် ရော နှစ်ယောက်လုံးကလည်း အသည်းအသန် ဝယ်ချင်နေကြတယ်။ နပိုလီယံ က ဘယ်သူ့ရောင်းရမယ် ဝေခွဲမရဖြစ်နေပါလေရော။ မစ္စတာ ဖရက်ဒရစ်ကို ရောင်းလိုက်မယ်လို့ စဉ်းစားလိုက်ရင် စနိုးဘောဟာ ဖောက်ဝုဒ်ခြံထဲမှာလို့ သတင်းက ထွက်လာတယ်။ မစ္စတာ ဖီလ်ကင်တန်ကို ရောင်းမယ်ဆိုပြန်တော့လည်း စနိုးဘော တစ်ကောင် ပင့်ချ်ဖီးဒ် ခြံထဲမှာ ရှိတယ်ဆိုတဲ့ ကောလဟာလ ထွက်လာပြန်ရော။
နွေပေါက်ခါနီး အရောက်မှာပဲ စိုးရိမ်စရာ သတင်းတစ်ခု ပေါ်လာတော့တယ်။ စနိုးဘောဟာ ညတိုင်းနီးပါး ခြံထဲကို ဝင်ဝင်လာနေတယ်ဆိုတဲ့ သတင်း။ တိရိစ္ဆာန်တွေဟာ ဒီသတင်းကြားတော့ စိတ်အနှောင့်အယှက်ဖြစ်ပြီး ကောင်းကောင်း အိပ်မပျော်ကြတော့ဘူး။ စနိုးဘောက ညဆို မှောင်ရိပ်ခို ဝင်ရောက်လာပြီး ခြံ ပျက်စီးရာ ပျက်စီးကြောင်း မဟုတ်တရုတ်တွေ လုပ်နေတယ်လို့ ဆိုကြတယ်။ ပြောင်းဖူးတွေ ခိုးတာမျိုး ၊ နွားနို့ပုံးတွေကို သွန်ပစ်တာမျိုး၊ ကြက်ဥတွေကို ခွဲတာ ၊ ပျိုးခင်းတွေကို နင်းခြေပလိုက်တာ၊ စိုက်ထားတဲ့ အပင်တွေက သစ်ခေါက်တွေကို ဆွဲခွာသွားတာ စ သဖြင့်ပေါ့။ တံခါးတစ်ချပ် ကျိုးပဲ့နေတာမျိုး၊ ရေဆင်းမြောင်းကို ပိတ်ဆို့ထားတာမျိုး မြင်ရရင် စနိုးဘော တစ်ယောက် ည လာလာပြီး လုပ်တာလို့ ယုံကြည်ကြတယ်။ ရိက္ခာဆောင် တံခါးသော့ ပျောက်တုန်းကလည်း စနိုးဘော လာခိုးပြီး ရေတွင်းထဲ ပစ်ချလိုက်တာ ဖြစ်မယ်လို့ ပြောကြတာပဲ။ နောက်ဆုံး ပျောက်သွားတဲ့ သော့ကို အစာအိတ်တွေ ထပ်ထားတဲ့ အောက်က ပြန်တွေ့တာတောင် စနိုးဘော လုပ်တာလို့ ထင်နေကြတုန်း။ နွားတွေကလည်း သူတို့ အိပ်နေတုန်း စနိုးဘောက နို့ လာညှစ်တယ်လို့ ပြောကြတယ်။ ဒီ တစ်ဆောင်းလုံး ဒုက္ခပေးနေတဲ့ ကြွက်တွေကလည်း စနိုးဘောနဲ့ အလိုတူ အလိုပါတွေပဲ ဖြစ်ရမယ်။
နပိုလီယံက စနိုးဘော လုပ်သမျှကို နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းမယ်လို့ အမိန့်ထုတ်လိုက်တယ်။ ခြံတစ်ခုလုံးကို ခွေးဆိုးတွေ ခြံရံပြီး စေ့စေ့စပ်စပ် လိုက်ရှာတယ်။ တခြား တိရိစ္ဆာန်တွေကတော့ ခပ်လှမ်းလှမ်းကနေပဲ တရိုတသေ လိုက်ကြရတယ်။ ခြေလှမ်း နည်းနည်းလောက် လှမ်းပြီးတိုင်းမှာ နပိုလီယံက မြေကြီးကို နမ်းပြီး စနိုးဘော အနံ့ကို လိုက်ခံတယ်။ ရှိသမျှ နေရာအကုန်လုံးကို အနံ့လိုက်ခံတာ။ ကောက်ရိုးပုံထားတဲ့နေရာတွေ ၊ နွားတင်းကုပ်တွေ၊ ကြက်ခြံ၊ ဟင်းသီးဟင်းရွက် စိုက်ခင်း စသဖြင့် စေ့စေ့စပ်စပ် သွားလိုက်တာ နေရာတိုင်းမှာ စနိုးဘော ခြေရာလက်ရာတွေ တွေ့သတဲ့။ သူ့ နှာခေါင်းကြီးနဲ့ မြေကြီးနဲ့ အပ်ပြီး ခပ်ပြင်းပြင်း ရူရှိုက် အနံ့ခံပြီး အသံဆိုးကြီးနဲ့ အော်လိုက်တယ် “ စနိုးးးးဘော ၊ ဒီကောင် ဒီနားကို လာသွားတယ် ဒီကောင့် အနံ့ကို ငါ ကောင်းကောင်းရနေတယ်” ။ စနိုးဘော ဆိုတဲ့ အသံကြားတာနဲ့ ခွေးဆိုးကြီးတွေကလည်း ရှိသမျှသွား အကုန်ပေါ်အောင် မာန်ဖီနေတော့တာပဲ။
တိရိစ္ဆာန်တွေကတော့ အတော်လေးကို လန့်ဖြန့်နေကြပြီ။ စနိုးဘောဟာ ကိုယ်ရောင်ဖျောက်ပြီး သူတို့ခေါင်းပေါ်က လေထုထဲမှာတင် အမျိုးမျိုး လှည့်ပတ်သွားလာ ဒုက္ခပေးနေသယောင် ထင်လာကြပြီ။ ညနေစောင်းမှာ စကွီလာက အားလုံးကို စုရုန်းလိုက်တယ်။ မျက်နှာမှာလည်း စိုးရိမ်မကင်းဖြစ်နေတဲ့ အမူအယာတွေပြနေပြီး အရမ်း အရေးကြီးတဲ့ သတင်းစကားတစ်ခု အသိပေးချင်တယ်လို့ ဆိုတယ်။
ငိုယိုနေတဲ့ စကွီလာက “ ရဲဘော်တို့ တကယ့် အဖြစ်ဆိုးကြီးတစ်ခုနဲ့တော့ ကြုံရပြီ။ စနိုးဘောက ပင့်ချ်ဖီးဒ် ခြံက လူသတ္တဝါတွေဆီမှာ သစ္စာခံလိုက်ပြီး ငါတို့ ခြံကို တိုက်ခိုက်လုယူဖို့ ကြံစည်နေပြီ။ ငါတို့ တိရိစ္ဆာန်ဘုံကို လာတိုက်ခိုက်မယ့် အချိန်ကျရင် ဟိုခြံပိုင်ရှင် ဖရက်ဒရစ်ကို လမ်းပြလုပ်ပြီး သူ ခေါ်လာလိမ့်မယ်။ အဲ့ဒီထက် ဆိုးတဲ့ကိစ္စရှိသေးတယ်။ အစက စနိုးဘော တော်လှန်ရေးလုပ်ခဲ့တာ သူ့ဂုဏ်သိက္ခာနဲ့ အာဏာ အတွက်လို့ပဲ ထင်ထားခဲ့တာ။ မဟုတ်ဘူး ရဲဘော်တို့။ တကယ်က စနိုးဘောဟာ မစ္စတာ ဂျူန်းစ် ဘက်တော်သား ဒလန်တစ်ကောင်ပဲ။ အစကတည်းက သူဟာ မစ္စတာ ဂျူန်းစ်အတွက် သူလျှို လုပ်ပေးနေခဲ့တာပဲ။ ငါတို့ ခုပဲ သူကျန်ထားခဲ့တဲ့ စာရွက်စာတမ်းတွေထဲကနေ သက်သေတွေ ရထားခဲ့ပြီးပြီ။ ဒီကိစ္စကြောင့် ငါတို့ အများကြီး သိလိုက်ကြရတယ်။ ပြန်တွေးကြည့်လိုက်ကြစမ်းပါ သူ့ အကြံအစည်တွေ မအောင်မြင်လိုက်လို့သာ ငါတို့ နွားတင်းကုပ် တိုက်ပွဲမှာ မရှုံးနိမ့်ဘဲ အသက်မဆုံးရတာ။
တိရိစ္ဆာန်တွေအားလုံး အံ့ဩမှင်သက်ပြီး နားမလည်နိုင်အောင် ဖြစ်ကုန်ကြတယ်။ ဒီလောက်ကြီးကျတော့ စနိုးဘော လုပ်ရပ်က လေဒဟတ်ကို ဖျက်ဆီးလိုက်တာထက်ကို ယုတ်မာရက်စက်တာ ဖြစ်သွားပြီ။ ဒါအခြေအနေကို လက်ခံဖို့ သူတို့ အတော်ကြိုးစားလိုက်ကြရတယ်။
သူတို့ အားလုံးမှတ်မိတာက စနိုးဘောဟာ နွားတင်းကုပ် တိုက်ပွဲမှာ သူတို့ရှေ့က သတ္တိရှိရှိ ပြေးဝင်တိုက်ပွဲ ဝင်ခဲ့တာကိုးပဲ ။ တိုက်ပွဲတစ်လျှောက်လုံး သူတို့အားလုံးကို ဦးဆောင်အားပေးခဲ့တာ ၊ မစ္စတာ ဂျူန်းစ် ပစ်လိုက်တဲ့ ကျည်ဆံ သူ့ ကျောကုန်းကို လာမှန်တာတောင်မှ တစ်စက်ကလေး နောက်မတွန့်ဘဲ ဆက် တိုက်ပွဲဝင်ခဲ့တာ အားလုံးကို သူတို့ မှတ်မိနေကြတယ်လေ။ ဒီလိုတွေ မှတ်မိနေတော့ စနိုးဘောဟာ မစ္စတာ ဂျူန်းစ်ရဲ့ ဒလန် ဆိုတာမျိုးကို ဘယ်လိုမှ စဉ်းစားလို့ မရကြဘူး။ ဘောက်ဆာလို တော်ယုံ မေးခွန်းမထုတ်တတ်တဲ့ သူတောင် အတော်လေး တွေဝေသွားတယ်။ သူက ရှေ့ခြေနှစ်ချောင်းကို ဝပ်ဝပ်လေးလုပ် ထိုင်ချပြီး မျက်စိမှိတ်ခါ အကြိတ်အနယ် စဉ်းစားနေတော့တာ။
“ ငါ ဒီကိစ္စကို မယုံဘူး စနိုးဘောက နွားတင်းကုပ် တိုက်ပွဲမှာ သတ္တိရှိရှိ တိုက်ခိုက်ခဲ့တာ ငါ ကိုယ်တိုင် မြင်ခဲ့တာပဲ၊ အဲ့ဒီ တိုက်ပွဲပြီးပြီးခြင်းပဲ “ တိရိစ္ဆာန် သူရဲကောင်း၊ ပထမတန်း” ဆုတံဆိပ်ကို ငါတို့ စနိုးဘောကို ပေးခဲ့တာ မဟုတ်ဘူးလား” လို့ ဘောက်ဆာက ပြောတယ်။
စကွီလာက “ အဲ့ဒါ ငါတို့ အမှားပဲလေ၊ ခု ငါတို့တွေ့ထားတဲ့ စာရွက်စာတမ်းတွေ အရဆို သူဟာ ငါတို့ကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်ကုန်အောင် ဆွဲခေါ်သွားခဲ့တာ ရှင်းနေတာပဲ “လို့ပြောတယ်။
ဘောက်ဆာက ထပ်ပြီး “ ဒါပေမယ့် သူ ဒဏ်ရာတောင် ရခဲ့သေးတာလေ ငါတို့အားလုံး သူ သွေးတရွှဲရွှဲနဲ့ ပြေးနေတာ မြင်ကြတာပဲ” လို့ ထပ်စောဒကတက်တယ်။ စကွီလာက “ ဒါလည်း ကြိုတင်ကြံစည်ထားတာပဲလေ မစ္စတာ ဂျူန်းစ် ပစ်လိုက်တာ သူ့ကို ရှပ်မှန်ယုံပဲလေ။ တကယ်တမ်းက လူသတ္တဝါတွေ တိုက်ပွဲ စ တိုက်လို့ ရအောင် စနိုးဘောက အချက်ပြပြီးတာနဲ့ ပြေးသွားခဲ့တာပဲ။ စနိုးဘောရဲ့ အကြံအစည်တွေက ငါတို့ ခေါင်းဆောင်ကြီး နပိုလီယံသာ မရှိခဲ့ရင် အောင်မြင်လုနီးနီးပဲ။ မင်းတို့ မမှတ်မိကြဘူးလား မစ္စတာ ဂျူန်းစ်နဲ့ သူ့လူတွေ ခြံထဲရောက်တာနဲ့ စနိုးဘောဟာ တချိုးထဲ လစ်ပြေးသွားတာ တချို့ တိရိစ္ဆာန်တွေတောင် သူ့နောက် ပါသွားသေးတယ်လေ။ အားလုံး ကြောက်လန့်တကြား ပြာယာခတ်နေတဲ့အချိန် ငါတို့ ခေါင်းဆောင်ကြီး နပိုလီယံက “လူ သတ္တဝါတွေ သေကြစမ်း”လို့ ကြွေးကျော်ပြီး မစ္စတာ ဂျူန်းစ် ခြေထောက်ကို ပက်ထည့်လိုက်တာလေ၊ မင်းတို့ သေချာပေါက် မှတ်မိရမှာပေါ့ “ လို့ ထပ်ပြီး လီဆယ်ပြောတယ်။ စကွီလာက မျက်လုံးထဲ မြင်သာအောင် ရှင်းပြလိုက်တဲ့ အချိန်မှာတော့ တိရိစ္ဆာန်တော်တော်များများက ဒီကိစ္စကို ပြန် မှတ်မိသွားကြပါပြီ။ တကယ့် အချိန်မှာ စနိုးဘောက ထွက်ပြေးသွားခဲ့တာ ဟုတ်သားပဲ။ ဘောက်ဆာ တစ်ယောက်ပဲ လက်မခံသေးတာ။
“ ဒီ တော်လှန်ရေး အစမှာတော့ စနိုးဘောဟာ သစ္စာဖောက် တစ်ယောက်လို့ ငါ မယုံကြည်ဘူး။ အခုလက်ရှိ သူလုပ်နေတာတွေနဲ့ တခြားစီဆိုပေမယ့် နွားတင်းကုပ် တိုက်ပွဲတုန်းကတော့ တကယ့် ရဲဘော်ရဲဘက် ကောင်းပဲ” လို့ ဘောက်ဆာက ထပ်ပြောတယ်။
စကွီလာက ” ငါတို့ ခေါင်းဆောင်ကြီး နပိုလီယံက ကိစ္စတစ်ခုကို ပြောပီဟေ့ဆိုရင် စနစ်တကျ ရှင်းရှင်းလင်းလင်းပဲ ၊ စနစ်တကျပဲ ပြောတာ ရဲဘော်ရေ။ စနိုးဘောဟာ အစကတည်းက မစ္စတာ ဂျူန်းစ်ရဲ့ သူလျှို လုပ်နေတာဟာ တော်လှန်ရေး ကိစ္စ မစခင် ပဝေသနီ ကတည်းကပဲလို့ သူ တပ်အပ်ပြောတယ်” လို့ ဆိုတယ်။ “အော်.. ဒါတော့ တစ်မျိုးပဲ တကယ်လို့ ခေါင်းဆောင်ကြီး နပိုလီယံက ပြောတာဆိုရင်တော့ ဟုတ်လောက်တယ်” လို့ ဘောက်ဆာက လက်ခံလိုက်တယ်။
“ ဒါမှ တကယ့် ရဲဘော်ရဲဘက် စိတ်ပဲ “ လို့ စကွီလာက ငိုပြီးပြောလိုက်ရင်း တပြိုင်နက် ဘောက်ဆာကို ငြိုးတေးတဲ့ မျက်လုံးတွေနဲ့ စူးစူးရဲရဲ ကြည့်လိုက်တယ်။ စကွီလာက ထွက်သွားဖို့ လှည့်လိုက်ပြီးကာမှ ရပ်ပြီး “ ဒီက တိရိစ္ဆာန်တွေအားလုံးကို ငါ သတိပေးစရာ တစ်ခုရှိတယ် မျက်လုံးကို ကျယ်ကျယ် ဖွင့်ထားကြပါ ငါတို့ကြားထဲမှာ စနိုးဘောက လွှတ်ထားတဲ့ သူလျှိုတွေ ရှိနေတယ်လို့ ယူဆတယ်” လို့ ဆက်ပြောလိုက်တယ်။ လေးရက်အကြာမှာ နပိုလီယံက တိရိစ္ဆာန်တွေအားလုံး ခြံထဲမှာ စုဖို့ အမိန့်ပေးလိုက်တယ်။ ခဏအကြာမှာ လယ်တောအိမ်ထဲကနေ “ တိရိစ္ဆာန် သူရဲကောင်း ၊ ပထမတန်း “ “တိရိစ္ဆာန် သူရဲကောင်း၊ ဒုတိယတန်း” ဆုတံဆိပ် နှစ်ခုလုံး ကိုယ့်ဘာသာပေးထားတဲ့ နပိုလီယံ ထွက်လာတယ်။ ဘေးမှာလည်း အမြဲတမ်း ဟိန်းဟောက် မာန်ဖီနေတတ်တဲ့ ခွေးဆိုးကြီး ၉ ကောင်ပါနေတော့ တိရိစ္ဆာန်တွေက ကျောစိမ့်အောင် ကြောက်လန့်နေကြတာပေါ့။ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်လိမ့်ဦးမယ်ဆိုတဲ့ အသိနဲ့ တိရိစ္ဆာန်တွေက ကိုယ်ရောက်နေတဲ့ နေရာမှာပဲ ကြောက်ကြောက်လန့်လန့်နဲ့ ဝပ်နေလိုက်ကြတယ်။
နပိုလီယံက ခက်ထန်တဲ့ အကြည့်နဲ့ တိရိစ္ဆာန်အုပ်ထဲကို ဝေ့ဝိုက် ကြည့်လိုက်တယ်။ သူ့ ခွေးတွေကို ခေါ်နေကြ အသံစူးစူးကြီးနဲ့ ခေါ်လိုက်တဲ့အခါ ခွေးတွေက ရှေ့ကို ထွက်လာကြပါတယ်။ ဝက်လေးကောင်ကို နားရွက်ကနေ ကိုက်ချီပြီး ဒရွတ်တိုက် ဆွဲလာတာပါ။ ဝက်တွေ ခင်မျာလည်း နာကျင်မူကို ပြင်းပြင်းထန်ထန် ခံစားနေရပြီး အော်ရင်းဟစ်ရင်း နပိုလီယံရှေ့ကို ရောက်လာကြပါတယ်။ ဝက်တွေခင်မျာ နားရွက်ကလည်း သွေးတွေ တစက်စက် ကျနေပါပြီ။ သွေးအရသာ မြည်းစမ်းလိုက်ရတဲ့ ခွေးတွေက နဂိုထက် အရိုင်းစိတ်ဝင်နေခဲ့ကြတယ်။ တခြား တိရိစ္ဆာန်တွေ ကြက်သေ သေနေတုန်းမှာပဲ ခွေးဆိုး သုံးကောင်က ဘောက်ဆာကို ခုန်အုပ်ဖို့ ကြိုးစားလိုက်ပါတယ်။ ဒါကိုမြင်လိုက်တဲ့ ဘောက်ဆာက သူ့ ရှေ့ခြေထောက်ကို မြှောက်ပြီး လေထဲမှာတင် ခွေးတစ်ကောင်ရဲ့ ရင်ဝကို ကန်ထည့်လိုက်ပါတယ်။ မြေပြင်ပေါ် ပြန်ပြုတ်ကျလာတဲ့ခွေးကို သူ့ ခွာကြီးအောက်မှာ ဖိချထားလိုက်ပါတယ်။ ခွေးဆိုးက ဘောက်ဆာကို ညှာတာပေးဖို့ တောင်းပန်နေပြီး ကျန်တဲ့နှစ်ကောင်ကတော့ အမြီးကုပ် လှည့်ပြေးပါပြီ။ ဘောက်ဆာက နပိုလီယံကို တစ်ချက်ကြည့်လိုက်ပါတယ် ဒီခွေးကို လွှတ်ပေးလိုက်ရမလား နံရိုးတွေ ကျိုးကြေပြီး အသက်ထွက်အောင် ကန်ကျောက်ပလိုက်ရမလား ဆိုတဲ့ အကြည့်နဲ့ပါ။ နပိုလီယံက ခွေးကို လွှတ်ပေးလိုက်ဖို့ ဘောက်ဆာကို မာမာထန်ထန်ပဲ အမိန့်ပေးလိုက်ပါတယ်။ ဖိချထားတဲ့ ခြေထောက်ကို ဖယ်ပေးလိုက်တယ်ဆိုရင်ပဲ အနာတရတွေနဲ့ ခွေးဟာ တချိုးထဲ အော်ဟစ်ပြေးပါတော့တယ်။
ခဏအကြာမှာတော့ ရုတ်ရုတ်သည်းသည်း အခြေအနေကနေ ပြန်လည် တည်ညိမ်သွားပါပြီ။ တုန်တုန်ရီရီ ဖြစ်နေတဲ့ ဝက်လေးကောင်ရဲ့ မျက်နှာတွေက ဆိုးဆိုးရွားရွား အပြစ်ကျူးလွန်ထားတာကို ဝန်ခံနေကြတဲ့ အရိပ်အယောင်တွေ ပေါ်နေပါတယ်။ သူတို့ဟာ နပိုလီယံရဲ့ ခြံ ဥပဒေအသစ်တွေကို ထိပ်ဆုံးက ကန့်ကွက်ခဲ့ကြတဲ့ ဝက်ကလေးတွေပေါ့။ ဘာမှ သိပ်မမေးမြန်းလိုက်ရဘဲ သူတို့ဟာ စနိုးဘော ခြံက ထွက်ခွာသွားကတည်းက အဆက်အသွယ် မပြတ်ခဲ့ကြကြောင်းနဲ့ လေဒဟတ်ကို ဖျက်ဆီးရာမှာလည်း စနိုးဘောကို ကူညီခဲ့ကြကြောင်း ဝန်ခံကြပါတယ်။ မစ္စတာ ဖရက်ဒရစ်ကိုလည်း ဒီ တိရိစ္ဆာန်ဘုံကို သိမ်းပိုက်ရာမှာ ကူညီဖို့ သဘောတူညီထားကြကြောင်း ဝန်ခံပါတယ်။ စနိုးဘောဟာ မစ္စတာ ဂျူန်းစ်ရဲ့ သူလျှို ဖြစ်တယ်ဆိုတဲ့အကြောင်း သူတို့ ဝက်လေးကောင်ကို ပြောပြဖူးတယ် ဆိုတာကိုလည်း ထုတ်ဖော်ကြပါတယ်။ ဝက်လေးကောင် ဝန်ခံလို့ အပြီးမှာပဲ ခွေးဆိုးတွေက သူတို့ လည်ပင်းတွေကို ဆွဲဖြဲကိုက်ဖြုတ်ပြီး သတ်ဖြတ်လိုက်ကြပါတယ်။ နောက်ထပ် ဘယ်သူတွေ ဝန်ခံစရာရှိသေးလဲလို့ နပိုလီယံက ထပ်မေးပါတယ်။ ကြက်တွေရဲ့ တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ ကြက်မသုံးကောင် ရှေ့ကို ထွက်လာပါတယ်။ စနိုးဘောဟာ သူတို့ကို အိမ်မက်ထဲမှာလာပြီး နပိုလီယံ လုပ်သမျှ မလိုက်နာဖို့ အမိန့်ပေးတဲ့အကြောင်း ထုတ်ဖော်တာပါ။ ကြက်မတွေလည်း အသတ်ခံလိုက်ရပါတယ်။ ငန်းတစ်ကောင်ကလည်း ပြောင်းဖူး ၆ ဖူး ခိုးစားဖူးကြောင်း ပြောပါတယ်။ သိုး တစ်ကောင်ကလည်း စနိုးဘောက ခိုင်းစေတဲ့အတွက် သောက်ရေကန်ထဲကို သေးပေါက်ချဖူးကြောင်း ဆိုတယ်။ နောက်ထပ် သိုးနှစ်ကောင်ကလည်း နပိုလီယံရဲ့ သစ္စာတော်ခံ ဆိတ်ကြီးကို မီးပုံဘေးမှာ လှည့်ပတ်ပြေးလိုက်ရင်း မီးခိုးငွေ့တွေမွှန်ပြီး အသက်ရူကြပ်သေအောင် လုပ်ကြံသတ်ဖြတ်ဖူးကြောင်း ပြောတယ်။ သူတို့ အားလုံးကို နေရာမှာတင် သတ်ဖြတ်လိုက်ပါတယ်။ ဝန်ခံမူတွေ သတ်ဖြတ်အပြစ်ပေးမူတွေ တရစပ်လုပ်နေချိန်မှာ နပိုလီယံရဲ့ ခြေထောက်အောက် အလောင်းကောင်တွေ ပုံနေပြီး လေထဲမှာလည်း သွေးနံ့တွေ လှိုင်နေခဲ့ပါပြီ။ မစ္စတာ ဂျူန်းစ် မရှိတော့ကတည်းက မဖြစ်ခဲ့ဖူးတဲ့ အရာတွေပါ။
ဒီသတ်ဖြတ်မူကြီး အပြီးမှာတော့ ခွေးဆိုးတွေနဲ့ ဝက်တွေကလွဲလို့ တခြား တိရိစ္ဆာန်တွေအားလုံး တစ်စုတစည်းထဲ နေရာက ထွက်ခွာသွားကြပါတယ်။ သူတို့ အားလုံး တုန်လှုပ် ကြောက်လန့်ပူဆွေးနေကြပါပြီ။ စနိုးဘောတို့ အုပ်စု ခြံအပေါ်မှာ သစ္စာဖောက်တာနဲ့ နပိုလီယံရဲ့ သတ်ဖြတ်အပြစ်ပေးမူမှာ ဘယ်အရာက ပိုကြောက်ဖို့ ကောင်းတယ်ဆိုတာတောင် သူတို့ မဝေခွဲတတ်တော့ဘူး။ မစ္စတာ ဂျူန်းစ် လက်ထက်က ဒီလို သတ်ဖြတ်မူတွေရှိခဲ့ပေမယ့် ခု သူတို့ အချင်းချင်း သတ်ဖြတ်နေတာက ပိုဆိုးရွားနေတာ အမှန်ပဲ။ မစ္စတာ ဂျူန်းစ် ထွက်သွားပြီးကတည်းက ဒီနေ့မတိုင်ခင်ထိ သူတို့ တိရိစ္ဆာန်တွေအချင်းချင်း သတ်ဖြတ်မူဆိုတာ မရှိခဲ့ဖူးဘူး။ ကြွက်တစ်ကောင်တောင် မသတ်ခဲ့ကြဖူး။ တိရိစ္ဆာန်တွေအားလုံး ဆောက်လက်စ လေဒဟတ်ရှိရာ ကုန်းမိုမိုလေးစီကို ရောက်လာခဲ့ကြပြီး တစ်ကောင်နဲ့တစ်ကောင် အနွေးဓာတ်ရအောင် ပူးပူးကပ်ကပ် ဝပ်နေလိုက်ကြတယ်။ ကလိုဗာ ၊ မြူရီရယ်၊ ဘင်ဂျမင်၊ နွားတွေ ၊ သိုးတွေ၊ ငန်းတစ်အုပ်လုံးနဲ့ ကြက်မတွေ အားလုံးပဲ။ ကြောင် တစ်ကောင်က လွဲလို့ပေါ့။ ကြောင်က နပိုလီယံ တိရိစ္ဆာန်တွေကို စုခိုင်းလိုက်ကတည်းက ပျောက်သွားတာ။ အချိန် အတော်ကြာတဲ့ထိ ဘယ်သူမှ စကားမပြောနိုင်ကြဘူး။ ဘောက်ဆာ တစ်ကောင်ပဲ မတ်တပ်ရပ်နေတယ်။ ဟိုလျှောက်လိုက် ဒီလျှောက်လိုက် လုပ်ပြီး အမြီးကိုလည်း ဟိုယမ်းဒီယမ်းနဲ့ ဂဏာမငြိမ်ဘူး။ တစ်ခါတရံ ထထ ဟီ နေသေးတယ်။ နောက်ဆုံး ဘောက်ဆာက စကားစပြောတယ် “ ငါ နားမလည်နိုင်ဘူး။ ဒါမျိုး အဖြစ်ဆိုးကြီးတွေ ငါတို့ ခြံထဲမှာ ဖြစ်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး။ ငါတို့ တစ်ခုခု မှားနေလို့ပဲ ဖြစ်ရမယ်။ ဒီ ပြဿနာတွေရဲ့ အဖြေက အလုပ်ပို ကြိုးစားလုပ်ဖို့ပဲလို့ ငါတော့ မြင်တယ်။ ခုချိန်က စပြီး ငါ ပုံမှန်ထက် တစ်နာရီ စော ထမယ်” ။
အဲ့ဒီနောက်တော့ ဘောက်ဆာဟာ သူ ကလန်ကလား ခန္ဓာကိုယ်ကြီးနဲ့ ထုံးကျောက်တော ရှိရာဘက် အိပဲ့အိပဲ့ ထွက်ခွာသွားပါတယ်။ အဲ့ဒီနောက် ကျောက်တုံး နှစ်တုံးကို လေဒဟတ် ရှိရာဆီ ဆွဲယူသွားပြီးမှ ညဘက် နားလိုက်ပါတယ်။
ကျန်တဲ့ တိရိစ္ဆာန်တွေကတော့ ဘာမှ စကားတွေမပြောကြဘဲ ကလိုဗာကို မှီပြီး ဝပ်နေကြပါတယ်။ သူတို့ လဲလျောင်းနေတဲ့ လေဒဟတ်ကုန်းက ဘေးပတ်ပတ်လည် တောတောင်ကွင်းပြင်ကြီး တစ်ခုလုံး ဖြန့်ကြက်ကြည့်လို့ရတဲ့ နေရာလေးတစ်ခုပါ။ တိရိစ္ဆာန်ဘုံကြီး တစ်ခုလုံး နီးပါးကို သူတို့ ဒီကနေ မြင်နေရတယ်။ လမ်းမကြီးရောက်တဲ့အထိ ကျယ်ပျောလှတဲ့ စားကျက်ကွင်းပြင်၊ ကောက်ရိုးခင်းကြီးတွေ၊ သစ်တောအုပ်ကလေးတွေ၊ သောက်ရေကန်၊ ထွက်လာခါစ ဂျုံပင်ပေါက်ကလေးတွေနဲ့ စိမ်းစိုနေတဲ့ ဂျုံခင်း၊ မီးခို တအူအူ ထွက်နေတဲ့ အနီရောင် လယ်တောအိမ်။ အကုန်လုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ နွေဦး ညနေခင်းတစ်ခု။ ယိမ်းနွဲ့နေတဲ့ မြက်ပင်တွေနဲ့ စည်းရိုးတန်းအပေါ်ကနေ ရွှေရောင်သန်းနေတဲ့ နေရောင်တွေ ဖြတ်ပြေးနေတာကို မြင်လိုက်ရတော့ သူတို့ တအံ့တဩနဲ့ ဖြစ်နေကြပြန်ပါတယ်။ ဒီအရာတွေ တစ်လက်မ မကျန် အရာအားလုံးဟာ သူတို့ ပိုင်တဲ့ဆိုင်တဲ့ နေရာဆိုတာ ပြန်အမှတ်ရလာကြတာပါ။ တောတောင်တွေ ရှိတဲ့ဘက်ကို ငေးကြည့်နေတဲ့ ကလိုဗာရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တွေ စို့တက်လာပါတယ်။ သူသာ သူ့အတွေးရှိသမျှ အကုန်ပြောပြတတ်မယ်ဆိုရင် ခုလတ်တလော ကြုံတွေ့ခံစားနေရတဲ့ အခြေအနေဆိုးကြီးက လွန်ခဲ့သောတစ်နှစ် သူတို့ လူသတ္တဝါတွေကို ခက်ရာခက်ဆစ် မောင်းထုတ် တွန်းလှန်ခဲ့ကြစဉ် စိတ်ကူးယဉ် ရည်ရွယ်ထားခဲ့တာတွေနဲ့ လားလားမှ မဆိုင်ဘူးဖြစ်နေပါတယ်။ အိုးမေဂျာ တော်လှန်ရေး မိန့်ခွန်းပြောတဲ့ညက စိတ်ကူးယဉ်ခဲ့ရသမျှမှာ ခုလို ကြောက်မက်ဖွယ် မြင်ကွင်းမျိုးတွေနဲ့ အချင်းချင်း သတ်ဖြတ်သုတ်သင်မူတွေ သူတို့ မမျှော့်လင့်ထားခဲ့ဘူး။ ကလိုဗာ စိတ်ကူးယဉ်ခဲ့တာက တိရိစ္ဆာန်ဘုံကြီးတစ်ခုလုံး လွတ်ငြိမ်းချမ်းသာကြပြီး အငတ်ဘေး ၊ လူတွေရဲ့ ကြာပွတ်ဘေးက လွတ်တဲ့ နေရာလေးတစ်ခု ၊ အားလုံး တန်းတူညီတူ တက်ညီလက်ညီ အလုပ်လုပ်ကြတဲ့နေရာတစ်ခု။ အိုးမေဂျာ မိန့်ခွန်းပြောတဲ့နေ့က အမိမဲ့နေတဲ့ ဘဲအုပ်ကလေးကို သူ့ ရင်ခွင်ထဲထည့်ထားခဲ့သလို အားကြီးသူက အားနည်းသူကို ငဲ့ညှာဖေးမတဲ့ ပတ်ဝန်းကျင်တစ်ခုကို သူ စိတ်ကူးယဉ်ခဲ့တာ။ ဒီလို နေရာတကာ လှည့်ပတ်သွားနေတဲ့ ခွေးဆိုးကြီးတွေရှိနေလို့ ဘယ်သူမှ စကားမပြောရဲတဲ့ဘဝ ၊ အပြစ်လုပ်မိလို့ ကိုယ်နဲ့ ဘဝတူ ရဲဘော်တွေ တစ်စစီ ကိုက်ဖြတ်ခံရပြီး အသတ်ခံရတဲ့ ဘဝ ဘယ်ကဘယ်လို ရောက်သွားမှန်း သူမသိတော့ဘူး။ သူ့စိတ်ထဲမှာ ဒီကိစ္စအတွက် တော်လှန်ချင်စိတ် မနာခံလိုစိတ်တွေတော့ မရှိဘူး။ ဘယ်လိုနေနေ ဒီအခြေအနေဆိုးကြီးက မစ္စတာ ဂျူန်းစ် လက်ထက်ကထက်တော့ အများကြီး သာတယ်ဆိုတာ သူ မငြင်းဘူး။ ဘာဖြစ်နေနေ လူတွေပြန်မလာဖို့က အဓိက။ ဘာပဲဖြစ်နေနေ ခေါင်းဆောင်ကြီး နပိုလီယံ ခိုင်းသမျှကို သစ္စာရှိရှိနဲ့ ကြိုးကြိုးစားစား လုပ်နေအုံးမှာပဲ။ ဒါပေမယ့် ဒီအခြေအနေကြီးကတော့ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ကြတဲ့ သူရော တခြားတိရိစ္ဆာန်တွေပါ မျှော်လင့်ထားတဲ့ အရာမဟုတ်ဘူး။ မစ္စတာ ဂျူန်းစ်ရဲ့ ကျည်တွေကို မနည်းရှောင်ပြီး တိုက်ပွဲဝင်ခဲ့တာ ၊ လေဒဟတ်ဆောက်ဖို့ ခက်ရာခက်ဆစ် ပင်ပန်းဆင်းရဲကြီးစွာ ရုန်းကန်ခဲ့ကြတာတွေဟာ ဒီလိုကြီး ဖြစ်လာဖို့ မဟုတ်ဘူး။ ဒါတွေကို ကလိုဗာက တွေးနေခဲ့ပေမယ့် စကားလုံးတွေ အဖြစ်တော့ ပါးစပ်က ဘယ်လိုမှ ပြောမထွက်ဘူး။ နောက်ဆုံး သူ့ ခံစားချက်တွေကို စကားလုံးအဖြစ် ပြောမထွက်တဲ့နောက်မှာ အစားထိုးစရာ တစ်ခုအဖြစ် “ အင်္ဂလန်က တိရိစ္ဆာန်ကြီးများ” သီချင်းကို ကလိုဗာက စဆိုလိုက်ပါတယ်။ ဘေးက တိရိစ္ဆာန်တွေကလည်း နောက်ကနေ အမှီလိုက်ဆိုကြတာ သုံးခါတောင် ဆိုဖြစ်ကြပါတယ်။ အတော်လေး နားထောင်ကောင်းအောင် ဆိုကြတာပါ။ ဒါပေမယ့် ဘယ်တုန်းကမှ မဆိုဘူးတဲ့ ပုံစံနဲ့ပါ။ ဝမ်းနည်းပူဆွေးနေတဲ့ ခံစားချက်တွေနဲ့ ဖြေးဖြေးလေး ဆိုကြတာပါ။
သူတို့ သုံးခါမြောက် ဆိုပြီးချိန်မှာပဲ အရေးကြီးကိစ္စ ပြောစရာရှိပုံရတဲ့ စကွီလာက ခွေးဆိုးကြီး နှစ်ကောင်ခြံရံပြီး ရောက်လာပါတယ်။ စကွီလာက နပိုလီယံရဲ့ အထူးညွန်ကြားချက်အဖြစ် ဒီအချိန်ကစလို့ “ အင်္ဂလန်က တိရိစ္ဆာန်ကြီးများ” သီချင်းကို ပယ်ဖျက်လိုက်ကြောင်းနဲ့ သီဆိုခွင့် တားမြစ်လိုက်ကြောင်း ကြေညာပါတယ်။
ငိုနေတဲ့ မြူရီရယ်က ဘာလို့လဲလို့ မေးတဲ့အခါ စကွီလာက “ ဒီသီချင်းက မလိုအပ်တော့ဘူး ရဲဘော်၊ ဒီသီချင်းက တော်လှန်ရေး သီချင်းဖြစ်တယ်။ ခုချိန်မှာ တော်လှန်ရေးက အောင်မြင်သွားပြီဖြစ်တယ်။ တော်လှန်ရေးရဲ့ နောက်ဆုံးခြေလှမ်းအနေနဲ့ ရှိသမျှ သစ္စာဖောက်တွေကိုလည်း သုတ်သင်ပြီးဖြစ်တယ်။ ခြံတွင်းခြံပက ရန်သူတွေကိုလည်း တိုက်ခိုက်ခြေမှုန်းပြီးပြီ။ “ အင်္ဂလန်က တိရိစ္ဆာန်ကြီးများ” သီချင်းထဲမှာ ငါတို့ မရသေးဘဲ အနာဂတ်မှာ လိုချင်တဲ့ တိရိစ္ဆာန်ဘုံကို တမ်းတခဲ့ကြတယ်။ ခု အဲ့ဒီ တိရိစ္ဆာန်ဘုံကို ငါတို့ ထူထောင်ပြီးပြီမို့ ဒီသီချင်း မလိုအပ်တော့တာ ရှင်းနေပြီပဲ” လို့ ခပ်မာမာပြောလိုက်တယ်။
ထိန့်လန့်သွားကြတဲ့ တိရိစ္ဆာန်တွေဟာ ဒီလိုပြောတာကို တုန့်ပြန် ဆန္ဒပြချင်ပေမယ့် သိုးတွေရဲ့ ထုံးစံအတိုင်း “ ခြေလေးချောင်းကောင်း၊ ခြေနှစ်ချောင်း မကောင်း” ဆိုတဲ့ သံပြိုင်အော်ဟစ်သံကြီး တော်တော်ကြာတဲ့အထိ ထွက်လာတဲ့အခါ ဘာမှ ဆက်ပြောလို့မရတော့ပါဘူး။
အဲ့ဒီနောက်တော့ “ အင်္ဂလန်က တိရိစ္ဆာန်ကြီးများ” သီချင်းသံကို ထပ်မကြားရတော့ပါ။ အဲ့ဒီအစား နပိုလီယံရဲ့ နောက်တော်ပါ ကဗျာရေး သီချင်းရေးကောင်းတဲ့ မီနီမက်စ်ရဲ့ တခြား သီချင်း တစ်ပုဒ်ကို အစားထိုးလိုက်ပါတယ်။ သီချင်းက
“ တိရိစ္ဆာန်ဘုံ၊ တိရိစ္ဆာန်ဘုံ
ငါ့ကြောင့် ဘယ်တော့မှ ဒုက္ခ မဖြစ်စေရကုန်” ဆိုတာပါပဲ။
လက်ရှိခြံရဲ့ ဥပဒေတွေကို ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သစ္စာစောင့်သိဖို့ သတိပေးနေတဲ့ ဒီသီချင်းကို အလံတင် အခမ်းအနားလုပ်နေကြ တနင်္ဂနွေနေ့ မနက်တိုင်း ဆိုကြရပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီသီချင်းရဲ့ သံစဉ်ရော စာသားတွေရောက “ အင်္ဂလန်က တိရိစ္ဆာန်ကြီးများ” သီချင်းနဲ့ လားလားမှ မဆိုင်တာကို တိရိစ္ဆာန်တွေက သိကြပါတယ်။
===============================
အခန်း ၈
----------
ရက်အနည်းငယ် အကြာမှာတော့ တိရိစ္ဆာန်အချင်းချင်း သတ်ဖြတ် အပြစ်ပေးတဲ့ ကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပါပြီ။ တချို့တွေက မှတ်မိနေပါသေးတယ်။ မမှတ်မိရင်တောင် မှတ်မိတယ်လို့ ထင်နေတာဖြစ်မှာပေါ့။ ပညတ်တော် ၇ ပါးထဲက ၆ ပါးမြောက်မှာ “ ဘယ် တိရိစ္ဆာန်မှ အခြား တိရိစ္ဆာန် တစ်ကောင်ကို မသတ်ရ” ဆိုတာကိုပေါ့။ အချင်းချင်း သတ်ဖြတ်အပြစ်ပေးတဲ့ ကိစ္စဟာ ပညတ်ချက်နဲ့ လွဲနေတယ်ဆိုတာကို သိကြပေမယ့် ခွေးတွေနဲ့ ဝက်တွေ ရှေ့ရောက်ရင်တော့ ဘယ်သူမှ ဒီ ကိစ္စကို အစ မဖော်ရဲကြဘူး။ ကလိုဗာက ဘင်ဂျမင်ကို ပညတ်တော် နံပတ် ၆ ကို ဖတ်ပြဖို့ တောင်းဆိုတယ်။ ထုံးစံအတိုင်း ဘင်ဂျမင်က ငြင်းဆန်တော့ မြူရီရယ်ကိုပဲ သွားခေါ်ရတော့တာပေါ့။ မြူရီရယ်က ကလိုဗာအတွက် ဖတ်ပြပေးတယ်။ ရေးထားတာက “ ဘယ်တိရိစ္ဆာန်မှ တခြား တိရိစ္ဆာန် တစ်ကောင်ကို အကြောင်းမရှိဘဲ မသတ်ရ” တဲ့။ ဘယ်လိုဖြစ်ပြီး “ အကြောင်းမရှိဘဲ” ဆိုတဲ့စားလုံးကို သူတို့ သတိမေ့နေကြပါလိမ့်။ ခုတော့ သေဒဏ်စီရင်မူဟာ ပညတ်ချက်နဲ့ ကိုက်ညီတယ်ဆိုတာကို သူတို့ နားလည်သွားကြပြီ။ သစ္စာဖောက် စနိုးဘောနဲ့ သွားပူးပေါင်းမှတော့ သေဒဏ်စီရင်တာ ဖြစ်သင့်ဖြစ်ထိုက်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားကြပါပြီ။
တိရိစ္ဆာန်တွေဟာ တစ်နှစ်ပတ်လုံး မနှစ်က အလုပ်လုပ်ခဲ့တာထက် ပိုပြီး ကြိုးစားလုပ်ကြပြန်ပါတယ်။ အရင်ထက် နှစ်ဆမက ပိုခိုင်ခန့်တဲ့ လေဒဟတ်ကို ပြန်ဆောက်ဖို့ ၊ သတ်မှတ်ထားတဲ့ ရက်အတိုင်းပြီးဖို့ ၊ ပုံမှန်လုပ်နေကြ ခြံလုပ်ငန်းတွေ လုပ်နေရတဲ့ကြားက ဆောင်ရွက်ရတာ မဟာ့မဟာ အလုပ်ကြီးပါပဲ။ မစ္စတာ ဂျူန်းစ် လက်ထက်တုန်းကလောက်ပဲ စားရပြီး အဲ့ဒီတုန်းကထက်တောင် ပိုအလုပ်လုပ်ရတဲ့ ရက်တွေလည်း ရှိလာခဲ့ပြီ။ တနင်္ဂနွေနေ့ မနက်ခင်းတွေဆို စကွီလာက သူ့ ဝက်လက်နှစ်ခွကြားမှာ စာရင်းစာရွက် အရှည်ကြီးကို ညှပ်ပြီး ခြံမှာ စိုက်ပျိုးသမျှ သီးနှံတွေ ထွက်ရှိတဲ့ နှူန်းဟာ တော်လှန်ရေးမတိုင်မီ ကာလကထက် ၂၀၀ ရာခိုင်နှူန်း ၊ ၃၀၀ ရာခိုင်နှူန်း၊ ၅၀၀ ရာခိုင်နှူန်းလောက်ထိ ရှိတယ်လို့ ဖတ်ပြတယ်။ တိရိစ္ဆာန်တွေအားလုံးကလည်း တော်လှန်ရေး မတိုင်မီက ခြံနဲ့ ပတ်သက်တဲ့ စာရင်းဇယား ကိန်းဂဏန်းတွေကို မှတ်မိနိုင်လောက်တဲ့ထိ ဉာဏ်ရည်မရှိကြတော့ စကွီလာ ပြောသမျှ မယုံသင်္ကာ မဖြစ်ကြပါဘူး။ အဲ့ဒါနဲ့ တစ်ပြိုင်နက်ထဲ တဖက်မှာလည်း ကိန်းဂဏန်းတွေ နည်းချင်နည်းပါစေ အပြင်မှာ စားစရာ ရိက္ခာတိုးရင် ပိုကောင်းမယ်လို့ ခံစားနေကြရပါတယ်။
အမိန့်မှန်သမျှ စကွီလာ ဒါမှမဟုတ် တခြား ဝက်တစ်ကောင်ဆီက တဆင့်ပဲ ထုတ်ပြန်ပါတယ်။ နပိုလီယံကိုတော့ ၂ ပတ်တစ်ခါတောင် မြင်ရဖို့ မလွယ်တော့ပါဘူး။ သူတစ်ကာ မြင်ကွင်း ထွက်လာပြီဆိုရင်လည်း ခွေးဆိုးတွေ ခြံရံပြီး ဂုဏ်ပြုခံ ထွက်သလိုပဲ ထွက်တော့တာပါ။ သူတို့အားလုံးရှေ့မှာ ကြက်ဖ အမဲတစ်ကောင်က နပိုလီယံ စကားမပြောခင် “ ကော့ခ် ခ ဒူးဒယ် ဒူးးးးးးးးးးးးးး “ လို့ ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြီး အခမ်းအနားကို စ ဖွင့်လေ့ရှိပါတယ်။
လယ်တောအိမ်မှာလည်း နပိုလီယံဟာ တခြားဝက်တွေနဲ့ အတူမနေပဲ သီးခြားခွဲနေတယ်လို့ အသံကြားနေရတယ်။ အစားအသောက်ကိုလည်း ခွေးဆိုးနှစ်ကောင်ကို အစောင့်ထားပြီး တစ်ကောင်ထဲ သီးခြားစားတယ်။ စားတဲ့အချိန်မှာလည်း တကယ့် အကောင်းတကာ့ အကောင်းဆုံး ကြွေထည် ပန်းကန် ခွက်ယောက်တွေနဲ့ တည်ခင်းစားတာမျိုး ။ ဂုဏ်ပြု သေနတ်ပစ်ဖောက်မူကိုလည်း အရင်လုပ်နေကြ တစ်နှစ် နှစ်ကြိမ် မကတော့ဘဲ နပိုလီယံရဲ့ မွေးနေ့တွေမှာလည်း ပစ်ဖောက် ဂုဏ်ပြုဖို့ စီစဉ်လိုက်ပါတယ်။
နပိုလီယံ ဟာ နပိုလီယံချည်းသပ်သပ် မဟုတ်တော့ပါ။ တိရိစ္ဆာန်အားလုံးရဲ့ “ ခေါင်းဆောင်ကြီး နပိုလီယံ” ဖြစ်နေပါပြီ။ ဝက်တွေကလည်း သူ့အတွက် သီးသန့် ဂုဏ်ပြုခံ နာမည်တွေ တီထွင်ထားပါသေးတယ်။ “ တိရိစ္ဆာန် အားလုံးရဲ့ ဖခင်ကြီး နပိုလီယံ” ၊ “ လူသားကမ္ဘာရဲ့ နတ်ဆိုး”၊ “ သိုးခြံစောင့် နတ်ဘုရား” ၊ “ ဘဲကလေးတွေရဲ့ အချစ်တော်” အဲ့လို နာမည်တွေပေါ့။ စကွီလာကလည်း နပိုလီယံ အကြောင်းကို မျက်ရည်လည်ရွဲနဲ့ ဖော်ကျူးလေ့ရှိတယ်။ နပိုလီယံရဲ့ နှလုံးရည် ပြည့်ဝ ဉာဏ်အမျှော်အမြင်ကြီးပုံတွေ ၊ တိရိစ္ဆာန်အားလုံးအပေါ်မှာ နက်နက်ရှိုင်းရှိုင်းထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာ အကြောင်းတွေ အထူးသဖြင့် တခြားခြံတွေထဲမှာ မပျော်မရွှင် အလုပ်လုပ်နေရတဲ့ တိရိစ္ဆာန်တွေ အပေါ်မှာပေါ့။ ခြံမှာ ကံကောင်းထောက်မလို့ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေနေချိန်ဆို ခေါင်းဆောင်ကြီး နပိုလီယံရဲ့ ကျေးဇူးကြောင့်လို့ သတ်မှတ်ကြတယ်။ ကြက်မတွေကြား တီးတိုးစကားဆိုရင် “ ခေါင်းဆောင်ကြီး နပိုလီယံရဲ့ လမ်းပြမူအောက်မှာ ငါ ၆ ရက်အတွင်း ကြက်ဥ ၅ လုံး ဥလိုက်နိုင်တယ်” ဆိုတဲ့ မှတ်ချက်မျိုး မကြာခဏ ကြားရလိမ့်မယ်။ ဒါမှမဟုတ် ရေသောက်နေတဲ့ နွားနှစ်ကောင်က “ အရမ်း အရသာရှိတဲ့ ရေချိုကို သောက်ရတဲ့အတွက် ခေါင်းဆောင်ကြီး နပိုလီယံရဲ့ ဦးဆောင်မူကို ကျေးဇူးတင်ပါတယ် “ဆိုတာမျိုး ကြားရမယ်။ ခြံတစ်ခုလုံးက တိရိစ္ဆာန်တွေရဲ့ ခံစားချက်တွေကို ဖော်ပြနိုင်တဲ့ ကဗျာ တစ်ပုဒ်ကို မီနီမက်စ်က ရေးစပ်လိုက်ပါတယ်။ “ ခေါင်းဆောင်ကြီး နပိုလီယံ” လို့ အမည်ရတဲ့ ကဗျာက အောက်ပါအတိုင်းပါ
“ အဖမဲ့ သားတို့ရဲ့ မိတ်ဆွေ
အဆုံးမရှိတဲ့ ပျော်ရွှင်ခြင်းတွေ
စားရိက္ခာတို့ရဲ့ အရှင်သခင်
လင်းထိန် တောက်လောင်နေတဲ့
နေမင်းကြီးကို ငေးကြည့်ရသလို
တည်ငြိမ် ခန့်ညားတဲ့ဟန်
ခေါင်းဆောင်ကြီး နပိုလီယံ
အားလုံးရဲ့ လိုအင်တွေ ဖြည့်ဆည်းသူ
တစ်ရက် ၂ခါ ဗိုက်ဝစေသူ ၊
သန့်ရှင်းတဲ့ ကောက်ရိုးခင်း အိပ်ရာတွေနဲ့အတူ
အကောင် ကြီး သေး ငါတို့တွေ
ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်ရပြီလေ
အားလုံးကို စောင့်ရှောက်ရန်
ခေါင်းဆောင်ကြီး နပိုလီယံ
သေးကွေးလွန်းတဲ့ ဝက်ပေါက်ကလေးတွေ
မထင်ထားလောက်အောင် ကြီးထွား အမှန်ပေ
သစ္စာစောင့်ဖို့ သင်ယူရမလေ..
သင်တို့ရဲ့ ပထမဆုံး နှုတ်ကထွက်ရမယ့် အသံ
ခေါင်းဆောင်ကြီး နပိုလီယံ “ ဟူ၍။
နပိုလီယံက ဒီ ကဗျာကို ခွင့်ပြုတဲ့အပြင် အစည်းအဝေးလုပ်နေကြ အဆောက်အဦး နံရံမှာ ထွင်းထုခိုင်းလိုက်ပါတယ်။ ပညတ်တော် ၇ ပါး ရေးထားတဲ့ နံရံနဲ့ ဆန့်ကျင်ဘက် အခြမ်းမှာပါ။ ကဗျာရဲ့ အပေါ်မှာတော့ ခေါင်းဆောင်ကြီး နပိုလီယံရဲ့ ပုံတူ ပန်းချီကားကြီးကို စကွီလာက ဆေး အဖြူတွေနဲ့ ရေးဆွဲထားပါတယ်။ တချိန်ထဲမှာပဲ နပိုလီယံဟာ ကြားခံပွဲစား မစ္စတာ ဝင်ပါက တဆင့် မစ္စတာ ဖရက်ဒရစ် ၊ မစ္စတာ ဖီလ်ကင်တန်တို့ နှစ်ယောက်စလုံးနဲ့ အလွန်ရှုပ်ထွေးနဲ့ ညိနှိုင်းမူတွေ လုပ်နေပါတယ်။ ကျွန်းသစ်ပုံကြီးက မရောင်းရသေးပါ။ သူတို့ နှစ်ယောက်ကြားမှာ မစ္စတာ ဖရက်ဒရစ်က ပိုပြီး လိုချင်နေပါတယ်။ ဒါပေမယ့်လည်း တန်ရာတန်ကြေး ပေးမှာမဟုတ်ပါဘူး။ တချိန်ထဲမှာပဲ ဖရက်ဒရစ်ဟာ လေဒဟတ်ကြီးကို ဖျက်ဆီးဖို့နဲ့ တိရိစ္ဆာန်ဘုံကို ဝင်တိုက်ဖို့ရှိတယ်ဆိုတဲ့ ကောလဟာလတွေကလည်း အသစ်တဖန် ပြန်ထွက်လာပါတယ်။ လေဒဟတ် အဆောက်အဦး တည်ဆောက်တာကိုလည်း မနာလိုဝန်တိုစိတ်ရှိသူပါ။ စနိုးဘောကလည်း သူ့ခြံထဲမှာ ပုန်းခိုနေတယ်လို့ သိထားကြပါတယ်။ နွေလည်ခေါင် ရက်တစ်ရက်မှာ ကြက်မ သုံးကောင်က စနိုးဘောရဲ့ ညွှန်ကြားမူနဲ့ နပိုလီယံကို လုပ်ကြံဖို့ ကြံစည်မိတယ်ဆိုတာကို ဝန်ခံကြရပြီး အသတ်ခံလိုက်ရပြန်ပါတယ်။ နပိုလီယံရဲ့ လုံခြုံရေးကိုလည်း အထူးတလည် ပြင်ဆင်လိုက်ကြပါတယ်။ ခွေးဆိုးကြီး လေးကောင်က နပိုလီယံ အိပ်တဲ့ ကုတင်ထောင့် တစ်ထောင့်ဆီမှာ ကင်းစောင့်ပေးရပါတယ်။ ပင့်ချ်အိုင်း ဆိုတဲ့ ဝက်ကလေးက နပိုလီယံရဲ့ အစားအသောက်တွေကို အဆိပ်ခတ်ထား မထား စမ်းသပ်ဖို့ အရင် စားကြည့်ရတဲ့ တာဝန်ကို ယူရပါတယ်။
မကြာခင်မှာပဲ နပိုလီယံက ကျွန်းသစ်ပုံကြီးကို မစ္စတာ ဖီလ်ကင်တန်ကို ရောင်းဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ တခြား ထုတ်ကုန်တွေကိုလည်း ပုံမှန်ဖလှယ်ဖို့ သဘောတူကြပါတယ်။ မစ္စတာ ဝင်ပါရဲ့ ကြားဝင်ဆောင်ရွက်မူက တဆင့်ပဲ ဆက်သွယ်နေခဲ့ကြပေမယ့် နပိုလီယံနဲ့ ဖီလ်ကင်တန်တို့ရဲ့ ဆက်ဆံရေးက မိတ်ဆွေ သူငယ်ချင်းအဆင့် ဖြစ်လုနီးနီး ဖြစ်နေပါပြီ။ တိရိစ္ဆာန်တွေက ဖီလ်ကင်တန်ကို မယုံကြည်ကြပေမယ့် ဖရက်ဒရစ်ထက် စာရင်တော့ တော်သေးတယ်လို့ ယူဆကြပါတယ်။ နွေကုန်ခါနီးလောက်မှာ လေဒဟတ်ဟာ ပြီးစီးသလောက် ဖြစ်လာခဲ့ပါပြီ။ တိရိစ္ဆာန်ဘုံကို တိုက်ခိုက်မယ်ဆိုတဲ့ ကောလဟာလတွေကလည်း တဖြည်းဖြည်း ကြီးထွားလာနေပါပြီ။ ဖရက်ဒရစ် ဟာ သူနဲ့အတူ လက်နက်တပ်ဆင်ထားတဲ့ လူ အယောက် ၂၀ ကို ခေါ်လာဖို့ ရှိတယ်ဆိုတဲ့ ကောလဟာလအပြင် တိရိစ္ဆာန်ဘုံကို သူ့အပိုင်လုပ်ဖို့ ရဲတွေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို လာဘ်ထိုးထားပြီးတဲ့အကြောင်းလည်း သတင်းတွေ ပြန့်နေပါတယ်။ ဒီထက်ဆိုးတာက ပင့်ချ်ဖီးလ်ဒ် ခြံထဲက တိရိစ္ဆာန်တွေအပေါ်မှာ မစ္စတာ ဖရက်ဒရစ် ရက်ရက်စက်စက် ညှင်းပန်းတဲ့ အကြောင်းတွေပါပဲ။
မြင်းအိုကြီး တစ်ကောင်ကို မသေမချင်း ရိုက်သတ်လိုက်တာ၊ နွားတွေကို အငတ်အတိုင်းထားတာအပြင် ခွေးတစ်ကောင်ကို ရေနွေးအိုးထဲ ပစ်ချပြီး သတ်ပလိုက်တာမျိုးတွေပေါ့။ ကြက်ဖတွေကို သူတို့ရဲ့ အတက်တွေမှာ ဘလိတ်ဓားတွေ တပ်ပြီး ခွပ်ခိုင်းရတာကို ကြိုက်တဲ့ အကြောင်းလဲပါတယ်။ သူတို့နဲ့ ဘဝတူ ရဲဘော်တွေကို ဒီလိုလုပ်တဲ့အကြောင်း ကြားကြတဲ့အခါ တိရိစ္ဆာန်တွေဟာ သွေးတွေ ဆူပွက်တဲ့အလား ဒေါသထွက်ကြပါတယ်။ မစ္စတာ ဖရက်ဒရစ်ရဲ့ ပင့်ချ်ဖီးလ်ဒ် ခြံကို ဝင်တိုက်ပြီး တိရိစ္ဆာန်တွေ အားလုံး လွတ်မြောက်အောင် လုပ်ပေးချင်ကြတဲ့ ဆန္ဒတွေ ပြင်းထန်နေကြပါတယ်။ ဒါပေမယ့် စကွီလာက အလောတကြီး လုပ်ရပ်တွေ မလုပ်ဖို့နဲ့ ခေါင်းဆောင်ကြီး နပိုလီယံရဲ့ နည်းဗျူဟာကို ယုံကြည်ကြဖို့ပဲ အကြံပေး တိုက်တွန်းထားပါတယ်။
ဘယ်လို ပြောပြော ဖရက်ဒရစ်ကို အမှုန့်ကြိတ်ချင်နေကြတဲ့ တိရိစ္ဆာန်တွေရဲ့ ဒေါသကတော့ အမြင့်ဆုံးမှာ ရောက်နေပါပြီ။ တစ်ရက်မှာတော့ နပိုလီယံက အစည်းအဝေးကို ပေါက်ချလာပြီး ဖရက်ဒရစ်ကို ကျွန်းသစ်လုံးတွေရောင်းဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ကြောင်း ထုတ်ပြောပါတယ်။ ဖရက်ဒရစ်လို အကျင့်မကောင်းတဲ့ လူနဲ့ ဆက်ဆံပြီး သူ့ ဂုဏ်သိက္ခာ အကျမခံချင်ဘူးလို့လည်း ကြွေးကြော်ပါတယ်။ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဝါဒဖြန့်ဖို့ နေ့စဉ် စေလွှတ်နေကြ ခို တွေကိုတော့ မစ္စတာ ဖီလ်ကင်တန်ရဲ့ ခြံ ဖောက်စ်ဝုဒ်ဘက်ကို မသွားခိုင်းတော့ပါဘူး။ ကြွေးကြော်နေကြဖြစ်တဲ့ “ လူသတ္တဝါတွေ ပျက်သုန်းရေး” ဆိုတဲ့ ကြွေးကြော်သံအစား “ ဖရက်ဒရစ် ပျက်သုန်းရေး”လို့ အစားထိုးလိုက်ပါတယ်။
နွေကုန်ခါနီး အရောက်မှာတော့ စနိုးဘောရဲ့ လက်ချက်တွေ အရာထင်လာပါပြီ။ ဂျုံခင်းဟာ ပေါင်းမြက်တွေ မတန်တဆ ဖုံးအုပ်နေတာပါ။ စနိုးဘောဟာ ခြံကို ခိုးဝင်ပြီး မျိုးစေ့တွေကြားထဲကို ပေါင်းမြက်စေ့တွေ ရောနှောထည့်ထားခဲ့တာကို သိရှိရပြန်ပါပြီ။ ဒီကိစ္စမှာ ပါဝင်ကူညီတဲ့ ခြံထဲက ငန်းထီးက သူလုပ်ခဲ့သမျှ စကွီလာကို ဝန်ခံပြီးနောက် အန္တရာယ်ရှိတဲ့ အဆိပ်ပင်က အစေ့တစ်စေ့ကို မျိုပြီး ကိုယ့်ဘာသာ သတ်သေသွားခဲ့ပါတယ်။ တိရိစ္ဆာန်တွေ အားလုံးကလည်း အရင်က သူတို့ ထင်ခဲ့သလို စနိုးဘောဟာ “တိရိစ္ဆာန်သူရဲကောင်း၊ ပထမတန်း” ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးဆိုတာ လက်ခံလာကြရပါပြီ။ နွားတင်းကုပ် တိုက်ပွဲမှာ သူ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တယ် ဆိုတာလည်း စနိုးဘော ကိုယ်တိုင် လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းသာ ဖြစ်ကြောင်းနဲ့ တကယ်တမ်း သူရဲဘော ကြောင်ကြောင် ထွက်ပြေးခဲ့သူသာ ဖြစ်တယ်လို့ စကွီလာက သတင်းဖြန့်ပါတယ်။ ထုံးစံအတိုင်း သိပ်မယုံကြည်ချင်တဲ့ တိရိစ္ဆာန်တွေ ရှိလာတော့လည်း စကွီလာက သူတို့ အမှတ်မှားတာပါ ဆိုတာမျိုး ရအောင် သိမ်းသွင်းလိုက်နိင်တယ်။
ဆောင်းဦးရောက်ချိန် အားလုံး ပင်းပန်းတကြီး ရုန်းကန် အလုပ်လုပ်ကြပြီးတဲ့နောက်တော့ သီးနှံတွေ ရိတ်သိမ်းရတော့မယ့် အချိန်နဲ့ တပြိုင်ထဲနီးပါး လေဒဟတ်ဟာလည်း ပြီးစီးသွားခဲ့ပါပြီ။ အတွင်းထဲမှာ စက်ပစ္စည်းတွေ တပ်ဆင်ဖို့တော့ လုပ်ရအုံးမှာပါ။ ဒါတွေ ဝယ်ဖို့ ကိစ္စကိုလည်း မစ္စတာ ဝင်ပါက တဆင့် ညိနှိုင်းနေပါပြီ။ အခက်အခဲပေါင်းစုံကြားထဲက၊ အတွေ့အကြုံမရှိတဲ့ကြားထဲက၊ ခေတ်မမှီတဲ့ ပစ္စည်းကိရိယာတွေ သုံးပြီး ကံဆိုးမိုးမှောင်ကျမူတွေ ကြားက ၊ စနိုးဘောရဲ့ ဖျက်လိုဖျက်ဆီးလုပ်မူ ကြားကပဲ လေဒဟတ်ကြီးက သတ်မှတ်ရက်အတိုင်း ပြီးသွားခဲ့ပြီလေ။ ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်ပေမယ့် ဂုဏ်ယူဝင့်ကြွားနေကြတဲ့ တိရိစ္ဆာန်တွေဟာ သူတို့ဆောက်ခဲ့တဲ့ အံ့ဘွယ်ဘနန်း လေဒဟတ်ကြီးကို လှည့်ပတ်ပြီး အောင်ပွဲခံနေကြပါတယ်။ အရင်ပြိုကျသွားတဲ့ လေဒဟတ်ထက် နှစ်ဆမက ပိုကြံ့ခိုင်တဲ့ နံရံတွေနဲ့ ဆိုတော့ ဒိုင်းနမိုက်နဲ့ ဖောက်ခွဲတာမှ မဟုတ်ရင် ပြိုကျစရာ မရှိတော့ဘူး။ ဒီအဆောက်အဦးအတွက် သူတို့ လုပ်အားတွေ ဘယ်လောက်သုံးခဲ့ရတယ်၊ စိတ်ဓာတ်ကျစရာတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရတယ် ဆိုတာတွေကို ပြန်တွေးမိနေကြတယ်။ လေဒဟတ်ကြီးရဲ့ ရွက်တွေ လည်တဲ့အခါ ဒိုင်နမိုတွေ အလုပ်လုပ်မယ့်အခါ သူတို့ဘဝတွေကို ကြီးကြီးမားမား အထောက်အကူပြုတော့မယ် ဆိုတဲ့အသိနဲ့ ပင်ပန်းသမျှ မေ့ပြီး လှည့်ပတ် ခုန်ပေါက်နေကြတယ်။ နပိုလီယံက ထုံးစံအတိုင်း ရှေ့တော်ပြေး ကြက်မဲတစ်ကောင်နဲ့အတူ ခွေးဆိုးကြီးတွေခြံရံပြီး အဆောက်အဦးပြီးစီးမူကို လာကြည့်တယ်။ တိရိစ္ဆာန်တွေအားလုံးကို သူက ဂုဏ်ယူဝမ်းမြောက်ကြောင်း ချီးကျူးစကားဆိုပြီးတဲ့နောက် လေဒဟတ်အဆောက်အဦးကို “ နပိုလီယံ လေဒဟတ်”အဖြစ် နာမည်ပေးမယ်လို့ ကြေညာလိုက်တယ်။
၂ ရက်လောက်အကြာမှာတော့ တိရိစ္ဆာန်တွေအားလုံး အထူးအစည်းအဝေးအတွက် စုရုန်းနေကြရတယ်။ နပိုလီယံက မစ္စတာ ဖရက်ဒရစ်ကို ကျွန်းသစ်လုံးတွေ ရောင်းလိုက်တဲ့အကြောင်း ကြေညာလိုက်ချိန်မှာတော့ သူတို့အားလုံး မှင်သက်အံ့ဩရပြန်ပါတယ်။ မနက်ဖြန်ဆို ဖရက်ဒရစ်ရဲ့ လှည်းတွေ ခြံထဲကို ဝင်လာတော့မှာဖြစ်ပြီး ကျွန်းလုံးတွေကို သယ်ကြတော့မှာပါ တချိန်လုံး မစ္စတာ ဖီလ်ကင်တန်နဲ့ အဆင်ပြေသယောင်ရှိနေတဲ့ နပိုလီယံဟာ ဖရက်ဒရစ်နဲ့လည်း တိတ်တဆိတ်တွေ့ဆုံမူတွေ လုပ်နေခဲ့တာပါ။
မစ္စတာ ဖီလ်ကင်တန်ရဲ့ ဖောက်စ်ဝုဒ်ခြံနဲ့တော့ ဆက်ဆံရေးက ပျက်စီးသွားပါပြီ။ ဂုဏ်သိက္ခာ ထိခိုက်အောင် စော်ကားမော်ကား ရန်စထားတဲ့ စာတွေလည်း မစ္စတာ ဖီလ်ကင်တန်ဆီ ပို့လိုက်ပါတယ်။ ခုကစပြီး ဝါဒဖြန့်ရမယ့် ခို တွေကို မစ္စတာ ဖရက်ဒရစ်ရဲ့ ပင့်ချ်ဖီးလ်ဒ် ခြံဘက် မသွားခိုင်းတော့ဘဲ “ ဖရက်ဒရစ် ပျက်သုန်းရေး” က နေ “ ဖီလ်ကင်တန် ပျက်သုန်းရေး”လို့ ပြန်ပြောင်း ကြွေးကြော်ခိုင်းပြန်ပါတယ်။ တချိန်ထဲမှာပဲ မစ္စတာ ဖရက်ဒရစ်က တိရိစ္ဆာန်ဘုံကို ဝင်တိုက်မယ် ဆိုတဲ့ ကောလဟာလဟာ မမှန်ကန်ကြောင်း နပိုလီယံက အာမခံပါတယ်။ ဖရက်ဒရစ် တိရိစ္ဆာန်တွေကို နှိပ်စက်တယ် ဆိုတဲ့ ကိစ္စကလည်း ချဲ့ကားပြောတာသာ ဖြစ်ကြောင်းဆိုပါတယ်။ ဒါတွေအားလုံး စနိုးဘောနဲ့ သူ့နောက်တော်ပါတွေ ဇာတ်လမ်းဆင် ပြောတာသာဖြစ်ကြောင်း ပင့်ချ်ဖီးလ်ဒ် ခြံထဲမှာလည်း စနိုးဘော ခိုအောင်းနေတာ မဟုတ်ကြောင်း ဖြေရှင်းပါတယ်။ တကယ်တမ်း စနိုးဘောဟာ ဖောက်ဝုဒ်ခြံထဲမှာ မစ္စတာ ဖီလ်ကင်တန် အထောက်အပံ့နဲ့ ဇိမ်ကျကျ နေနေတာသာ ဖြစ်တယ်လို့ နပိုလီယံက ပြောပါတယ်။
တိရိစ္ဆာန်တွေက နပိုလီယံရဲ့ ပရိယာယ်ကို အလွန်သဘောကျသွားခဲ့ကြပါတယ်။ မစ္စတာ ဖီလ်ကင်တန်နဲ့ အဆင်ပြေနေသယောင်ဆောင်ပြီး ကျွန်းသစ်လုံးတွေကို ဖရက်ဒရစ်က ပုံမှန်ထက် ၁၂ ပေါင်တောင် ပိုပေးအောင် လုပ်သွားခဲ့တာပါ။ တကယ်တော့ ဉာဏ်ရည်အင်မတန် မြင့်တဲ့ နပိုလီယံဟာ ဘယ်သူ့ကိုမှ အလွယ်တကူ မယုံကြည်ကြောင်း စကွီလာက ဆိုပါတယ်။ ကုန်ကုန်ပြောရရင် ကျွန်းသစ်လုံးတွေ ရောင်းလိုက်တဲ့ ဖရက်ဒရစ်ကိုလည်း မယုံပါဘူး။ မစ္စတာ ဖရက်ဒရစ်က ကျွန်းသစ်လုံးတွေ အတွက် ပေးရမယ့် ငွေကို ချက်လက်မှတ်နဲ့ ပေးဖို့ စီစဉ်ပါတယ်။ ဒီလို စာရွက်တစ်ရွက်ပေါ်မှာ ဟိုခြစ်ဒီခြစ်ထားတဲ့ ဟာနဲ့ ပေးဖို့ လုပ်တာကို အရမ်းပါးနပ်တဲ့ နပိုလီယံက လက်မခံဘဲ ၅ ပေါင်တန် ငွေစက္ကူတွေနဲ့သာ ပေးချေဖို့နဲ့ ငွေပေးချေပြီးမှသာ သစ်လုံးတွေကို ရွေ့ခွင့်ပြုမှာဖြစ်ကြောင်း တောင်းဆိုပါတယ်။ ခုတော့ ဖရက်ဒရစ်ကလည်း ပေးစရာရှိတဲ့ငွေကိုလည်း
ပေးပြီးပြီ ဒီငွေနဲ့ လေဒဟတ်အတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ ဝယ်ဖို့လည်း လုံလောက်သွားပါပြီ။
သစ်လုံးတွေကိုလည်း လှည်းတွေနဲ့ ခပ်သုတ်သုတ်ရွေ့နေကြပါပြီ။ သစ်လုံးတွေ အကုန်ပြောင်သွားတဲ့အချိန်မှာ ဖရက်ဒရစ်ပေးသွားတဲ့ ငွေစက္ကူတွေကို တိရိစ္ဆာန်တွေ ကြည့်ရူဖို့ နောက်ထပ် အထူးအစည်းအဝေးတစ်ခု ထပ်လုပ်ပါတယ်။ နပိုလီယံက ဆုတံဆိပ်နှစ်ခုကို ချိတ်ဆွဲထားပြီး မိန့်မိန့်ကြီး ပြုံးနေပါတယ်။ ဘေးမှာလည်း ငွေစက္ကူတွေကို တရုတ်ကြွေပန်းကန် အကောင်းစားတစ်ခုထဲမှာ အထပ်လိုက် ထပ်ထားပါတယ်။ တိရိစ္ဆာန်တွေက ငွေစက္ကူထည့်ထားတဲ့ ကြွေပန်းကန်ကို ဖြေးဖြေးချင်း စီတန်းပြီး ကြည့်ရူကြပါတယ်။ ဘောက်ဆာကဆို ငွေစက္ကူတွေကို နှာခေါင်းနဲ့ နှမ်းရူံ့ကြည့်လိုက်ပါသေးတယ်။
၃ ရက်အကြာမှာတော့ အကုန်အုပ်ဩသောင်းနင်း ဖြစ်စရာကိစ္စကြီး ပေါ်လာပါတော့တယ်။ မျက်နှာဖြူဖတ်ဖြူရော် ဖြစ်နေတဲ့ မစ္စတာ ဝင်ပါတစ်ယောက် စက်ဘီးကို ကမန်းကတမ်း စီးကာ ခြံထဲကို တစ်ဟုန်ထိုး ဝင်သွားပြီး လယ်တောအိမ်ထဲ တန်းဝင်သွားပါတယ်။ သိပ်မကြာခင်မှာပဲ နပိုလီယံဆီက ကြောက်မက်ဖွယ် အသံဆိုးကြီး ပေါ်ထွက်လာပါတော့တယ်။ ဘာဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းစကားဟာ တောမီးလို တမဟုတ်ခြင်း ပြန့်နှံ့သွားပါပြီ။ ငွေစက္ကူတွေဟာ အတုတွေဖြစ်နေခဲ့တာပါ။ ဖရက်ဒရစ်ဟာ ကျွန်းသစ်လုံးတွေကို တစ်ပြားမှ မပေးဘဲ မ သွားခဲ့ပါပြီ။
နပိုလီယံက တိရိစ္ဆာန်တွေအားလုံးကို အရေးတကြီး စုရုန်းလိုက်ပြီး မစ္စတာ ဖရက်ဒရစ်ကို သေဒဏ် သတ်မှတ်ကြောင်း ကြေညာပါတယ်။ တကယ်လို့များ သူ့ကို ဖမ်းမိရင် အရှင်လတ်လတ် ရေနွေးအိုးထဲ ပစ်ထည့်မယ်လို့ ဆိုတယ်။ တချိန်ထဲမှာပဲ မစ္စတာ ဖရက်ဒရစ်ဟာ ဒီလို အကြံပက်စက်တဲ့ အလုပ်ကြီး လုပ်ပြီးတဲ့နောက်တော့ ပိုဆိုးတာတွေ လုပ်လာနိုင်တယ်။ ဖရက်ဒရစ်နဲ့ သူ့လူတွေဟာ အချိန်မရွေး ခြံကို တိုက်ခိုက်လာနိုင်တယ်လို့ သုံးသပ်ကြတယ်။ ခြံထဲကို ဝင်လာလို့ ရတဲ့နေရာတွေတိုင်းမှာ ကင်းစောင့်မျှော်စင်တွေ ချထားလိုက်ပါတယ်။ မစ္စတာ ဖီလ်ကင်တန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ဖို့ သံခင်းတမန်ခင်း ကိစ္စတွေ ဆောက်ရွက်ရန် အလို့ငှာ ဝက်လေးကောင်ကိုလည်း ဖောက်ဝုဒ်ခြံဘက် လွှတ်လိုက်ပါတယ်။
နောက်နေ့ မနက်စောစောမှာပဲ ထင်ထားတဲ့အတိုင်း ခြံကို တိုက်ခိုက်ခံရပါတော့တယ်။ တိရိစ္ဆာန်တွေ မနက်စာ စားနေတုန်းမှာပဲ ကင်းစောင့်တာဝန်ကြသူတွေ အမောတကော ပြေးဝင်လာပြီး မစ္စတာ ဖရက်ဒရစ်ဟာ ဂိတ်ပေါက်မကြီးကနေ ဝင်လာပြီဖြစ်ကြောင်း သတင်းပေးပါတယ်။ တိရိစ္ဆာန်တွေကလည်း သတ္တိရှိရှိ ရင်ဆိုင်ဖို့ အသင့်ပါပဲ။ ဒါပေမယ့် ဒီတစ်ခေါက်ကတော့ နွားတင်းကုပ် တိုက်ပွဲတုန်းကလို လွယ်လွယ်ကူကူနဲ့ အနိုင်ရဖို့ မရှိပါဘူး။ မစ္စတာ ဖရက်ဒရစ် အပါအဝင် လူသတ္တဝါ ၁၅ ယောက်လောက် ရှိပြီး သေနတ် ၆ လက်လောက်လည်း ပါလာပါတယ်။ ကိုက် ၅၀ အတွင်း ဝင်လာသမျှ သူတို့က ပစ်ခတ်နေတော့တာပါ။ နပိုလီယံနဲ့ ဘောက်ဆာတို့ အင်တိုက်အားတိုက် ဦးဆောင်ပေမယ့် ဆူညံမူနဲ့ သေနတ်ပေါက်ကွဲသံတွေကို တိရိစ္ဆာန်တွေက ခံနိုင်ရည်မရှိလို့ လှည့်ပြေးနေရပါတယ်။ တော်တော်များများလည်း ဒဏ်ရာတွေ ရကုန်ကြပါပြီ။ သူတို့အားလုံး ခြံထဲက အဆောက်အဦးတွေထဲ ပြေးဝင်ပြီး အပြင်ကို ချောင်းကြည့်နေရတဲ့ အဆင့်ဖြစ်သွားပါတယ်။ စားကျက်မြေကြီးတစ်ခုလုံးနဲ့ လေဒဟတ် အဆောက်အဦးဟာ ရန်သူ လူသတ္တဝါတွေလက်ထဲ ရောက်နေပါပြီ။ ဒီလိုအချိန်မှာ နပိုလီယံတောင် ဆောက်တည်ရာမရ ဖြစ်နေပါတယ်။ ရှေ့နောက် ခေါက်တုန့်ခေါက်ပြန် ပြေးလွှားနေပြီး အမြီးကလည်း ထုံးစံအတိုင်း ဂဏာမငြိမ်တော့ပါ။ ခဏအကြာမှာတော့ ဖောက်ဝုဒ်ခြံဘက်ကို အကြံအစည် တစ်ခုခုရှိနေပုံမျိုးနဲ့ မျှော်ကြည့်လိုက်ပါတယ်။ တကယ်လို့များ မစ္စတာ ဖီလ်ကင်တန်နဲ့ သူ့လူတွေသာ ကူညီရင် ဒီနေ့တိုက်ပွဲက အနိုင်ရနိုင်သေးတယ်။ ဖောက်ဝုဒ်ခြံကို သွားခဲ့တဲ့ ဝက်လေးကောင်လည်း ပြန်ရောက်လာပါပြီ။ ဝက်တစ်ကောင်ကတော့ မစ္စတာ ဖီလ်ကင်တန် ပေးလိုက်တဲ့ စာတစ်စောင်ကို ယူလာပါတယ်။ ရေးထားတာကတော့ “ကိုယ်ဖြစ်ကိုယ်ခံ” ပါတဲ့။
တချိန်ထဲမှာ ဖရက်ဒရစ်တို့ လူစုဟာ လေဒဟတ်အဆောက်အဦးနားမှာ ရပ်လိုက်ကြပါတယ်။ တိရိစ္ဆာန်တွေကတော့ ငေးကြည့်ရင်း တိတ်တဆိတ် ညည်းတွားရေရွတ်နေကြတာပေါ့။ လူသတ္တဝါ နှစ်ယောက်က သံတူရွင်းတွေ ပေါင်တူတွေ ထုတ်လိုက်ပါတယ်။ သူတို့ လေဒဟတ် အဆောက်အဦးကို ဖြိုချတော့မှာပါ။ “မဖြစ်နိုင်ဘူး” ငိုယိုရင်း နပိုလီယံက “ ငါတို့ ဒီနံရံတွေကို အခိုင်အမာ တည်ဆောက်ထားတာမို့ ပေါင်တူတွေ တံရွင်းတွေနဲ့ကတော့ တစ်ပတ်လောက် ဖြိုတောင် ဒါကို ဖြိုနိုင်စရာမရှိဘူး၊ သတ္တိရှိကြ ရဲဘော်တို့ “ လို့ ပြောတယ်။
မြည်းအိုကြီး ဘင်ဂျမင်ကတော့ လူတွေ ဘာလုပ်နေလဲဆိုတာ သေချာ စူးစမ်းနေတယ်။ လူတွေဟာ ပေါင်တူတွေ တံရွင်းတွေ သုံးပြီး လေဒဟတ်အောက်ခြေ နေရာမှာ အပေါက်တစ်ခုကို ဖောက်နေကြတာပါ။ ခေါင်းတငြိမ့်ငြိမ့်နဲ့ အတွေးပေါက်သွားတဲ့ ဘင်ဂျမင်ဟာ ကျေနပ်နေတဲ့ လေသံနဲ့
“ ငါလည်း အဲ့လို ထင်ပါတယ်၊ ဟိုမှာ မတွေ့ဖူးလား သိပ်မကြာခင် သူတို့ အဲ့ဒီအပေါက်ထဲကို ယမ်းမှုန့်တွေ ထိုးထည့်တော့မှာ” လို့ ခပ်ရွတ်ရွတ်ကလေး ပြောလိုက်တယ်။ ကြောက့်လန့်နေကြပြီဖြစ်တဲ့ တိရိစ္ဆာန်တွေဟာ စောင့်ကြည့်ယုံသာ တတ်နိုင်ပါတော့တယ်။ ဒီချိန်ရောက်မှတော့ သူတို့ ပုန်းခိုနေတဲ့ အဆောက်အဦထဲက ထွက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ခဏအကြာမှာတော့ လူသတ္တဝါတွေက လေဒဟတ်နားကနေ ဝေးရာကို ပြေးထွက်သွားကြပါတယ်။ မကြာခင်မှာပဲ နားကွဲမတတ် ကြောက်မက်ဖွယ် မြည်ဟီးသံကြီးတစ်ခုလည်း ထွက်လာပါတယ်။ ခိုတွေ အလန့်တကြား ထ ပျံသွားကြပြီ။ နပိုလီယံက လွဲလို့ ကျန်တဲ့ တိရိစ္ဆာန်တွေ ခေါင်းမဖော်ရဲတော့ဘဲ ဝပ်နေကြပါတယ်။ သူတို့ ထ ကြည့်တဲ့အချိန်မှာတော့ လေဒဟတ် အဆောက်အဦ ရှိရာအရပ်မှာ မီးခိုးလုံးကြီးတစ်ခု ဖြစ်နေပါတယ်။ ဘေးကနေ တိုက်ခတ်လာတဲ့ လေနဲ့အတူ မီးခိုးတွေ လွှင့်စင်သွားချိန်မှာတော့ လေဒဟတ်ကြီး တစ်ခုလုံး မရှိတော့ပါဘူး။
ဒီ မြင်ကွင်းကို မြင်လိုက်ရတဲ့အချိန်မှာတော့ တိရိစ္ဆာန်တွေအားလုံးမှာ သတ္တိတွေ အလိုလို ပြန်ရှိလာပါတယ်။ မကြာမတင်ကမှ ရှိခဲ့တဲ့ ကြောက်စိတ်နဲ့ ဝမ်းနည်းစိတ်ပျက်မူတွေ အကုန်လုံးကို ဒေါသက ဝါးမျိုသွားပါပြီ။ လက်တုန့်ပြန်ဖို့ ကြွေးကြော်သံတွေ ညံသွားပြီး သကာလ ဘယ်သူမှ အမိန့်ပေးစရာမလိုဘဲ ရန်သူ လူသတ္တဝါတွေရှိရာဆီကို ပြေးထွက်သွားကြပါတယ်။ ဒီတစ်ခါတော့ အန္တရာယ်ပေးနိုင်တဲ့ ကျည်တောင့်တွေကို မိုးရေစက်တွေလောက်တောင် သူတို့ မမူတော့ပါဘူး။ တကယ့် ဆိုးရွားတဲ့ တိုက်ပွဲပါပဲ။ လူသတ္တဝါတွေက သေနတ်နဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး တိရိစ္ဆာန်တွေ သူတို့နဲ့ မလှမ်းမကမ်းထိ ရောက်လာတဲ့ အခါမှာတော့ ခြေထောက်တွေနဲ့ ကန်ကြောက်ပြီး ပါလာတဲ့ ဒုတ်တွေနဲ့ ရိုက်နှက်ကြပါတယ်။ နွားတစ်ကောင်၊ သိုးသုံးကောင်နဲ့ ငန်း နှစ်ကောင် ကျဆုံးသွားခဲ့ပါတယ်။ တိရိစ္ဆာန်အားလုံး နီးပါး ဒဏ်ရာ ရကြပါတယ်။ နောက်နားကနေ ညွှန်ကြားတဲ့ နပိုလီယံတောင် မလွတ်ပါဘူး။ ကျည်တစ်တောင့်က သူ့အမြီးကို ရှပ်မှန်ထားပါတယ်။ လူသတ္တဝါတွေလည်း အထိအခိုက် မရှိဘဲ မနေပါဘူး။ ၃ ယောက်လောက်က ဘောက်ဆာရဲ့ ခွာစာမိပြီး ခေါင်းဟက်တက်ကွဲသွားပါတယ်။ နောက်တစ်ယောက်က နွားဂျိုနဲ့ အခွေ့ခံရပြီး ဗိုက်ပေါက်သွားတယ်။ နောက်တစ်ယောက်ကတော့ ဝတ်လာတဲ့ ဘောင်းဘီစုတ်ပြဲသွားတဲ့ထိ ဂျက်ဆီနဲ့ ဘလူးဘဲလ် လက်ချက်မိသွားတာပေါ့။ နောက်တော့ တိုက်ပွဲတစ်လျှောက်လုံးမှာ ပုန်းနေဖို့ နပိုလီယံ အမိန့်ပေးထားတဲ့ ခွေးဆိုးကြီး ၉ ကောင်ပြန်ထွက်လာပြီး လူတွေဘေးပတ်ပတ်လည်ကနေ ထိုးဟောင်တဲ့အခါ အကုန် ထိန့်လန့်ကုန်ကြပါတယ်။ လူသတ္တဝါတွေဟာ သူတို့ ပတ်ပတ်လည် ဝိုင်းခံရတော့မယ်ဆိုတာ သတိထားမိသွားပြီး အခွင့်အရေးရတုန်း ငကြောက်တွေလို အသက်လု ပြေးကုန်ပါတော့တယ်။ တိရိစ္ဆာန်တွေကလည်း နောက်က လိုက်မောင်းကြပြီး ခွာတွေနဲ့ နောက်ဆုံးအကြိမ် မရအရ ကန်ကြောက်ကြတာ ခြံစည်းရိုးတန်းနား ရောက်တဲ့ထိပါပဲ။
ဒီတစ်ချီမှာလည်း တိရိစ္ဆာန်တွေ အနိုင်ရခဲ့ကြပေမယ့် အရမ်းကို ပင်ပန်းနေကြပြီး ဒဏ်ရာအနာတရတွေလည်း များခဲ့ပါပြီ။ ခြံထဲကို ထော့နင်း ထော့နင်းနဲ့ ပြန်ဝင်လာကြချိန်မှာတော့ မြက်ပင်ရိုင်းတွေကြားမှာ သေဆုံးနေကျတဲ့ သူတို့ရဲ့ ရဲဘော်ရဲဘက် အလောင်းတွေကို မြင်မိကြပြီး မျက်ရည်ကျနေကြပါတယ်။ လေဒဟတ် အဆောက်အဦး ရှိခဲ့ဖူးတဲ့ မြေနေရာမှာ သူတို့ ကြေကြေကွဲကွဲ ရပ်နေခဲ့ကြပါတယ်။ လေဒဟတ်ကြီး မရှိတော့ပြန်ပါဘူး။ သူတို့ လုပ်အားတွေ အများကြီးသုံးပြီး ကြိုးစားရုန်းကန်ခဲ့ကြရတယ်ဆိုတဲ့ သက်သေဆိုလို့ အစရှာမရ ဘာမှမကျန်သလောက်ပါပဲ။ အောက်ခြေ ဖောင်ဒေးရှင်းကြီးတောင် ပျက်စီးသွားခဲ့ရတာပါ။ အရင်တစ်ခေါက် ပြန်ဆောက်တုန်းကလို ဖရိုဖရဲဖြစ်နေတဲ့ ကျောက်တုံးတွေကို ပြန်စုယူပြီး ဆောက်ဖို့ရာလည်း မဖြစ်နိုင်တော့ပါ။ ကျောက်တုံးတွေဟာလည်း တစ်စစီ ပျက်စီးသွားပါပြီ။ ဒိုင်းနမိုက်ရဲ့ ပေါက်ကွဲအားက ကျောက်တုံးတွေကို ကိုက် ရာချီ အတော်ဝေးဝေး လွှင့်စင်ထွက်သွားစေခဲ့ပါပြီ။ လေဒဟတ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အရာတစ်ခု ဖြစ်သွားပါပြီ။
တိရိစ္ဆာန်တွေ ခြံဘက်ကို တရွေ့ရွေ့လာနေတုန်း သူတို့ရှိရာဆီကို တိုက်ပွဲအတွင်းမှာ ဘယ်ပျောက်နေတယ်မသိတဲ့ စကွီလာက အမြီးတရမ်းရမ်း ကျေနပ်အားရနေတဲ့ ပုံစံမျိုးနဲ့ ခုန်ပေါက်ပြီး လာနေပါတယ်။ ခဏကြာတော့ ခြံ အဆောက်အဦးတွေဘက်ကနေ သေနတ်ပစ်ဖောက်သံ တစ်ချက်ကြားလိုက်ကြရပါတယ်။
“ ဘာကိစ္စနဲ့ သေနတ်ပစ်ဖောက်နေတာလဲ “ ဘောက်ဆာကို မေးတယ်။
မျက်ရည်တွေဝဲနေတဲ့ စကွီလာက “ ငါတို့ အောင်ပွဲအတွက် အောင်ပွဲခံတာလေ” လို့ ဆိုတယ်။
“ ဘာ အောင်ပွဲလဲ” ဘောက်ဆာက ထပ်မေးတယ်။ သူ့ ဒူးတစ်ဖက်က သွေးတွေ ထွက်နေပြီး ၊ မြင်းခွာတစ်ဖက်က မရှိတော့တဲ့အပြင် ခွာကလည်း နှစ်ခြမ်းကွဲနေတယ်။ သူ့နောက်ခြေထောက်မှာလည်း ကျည် ၁၂ တောင့်လောက် မှန်ထားသေးတယ်။
“ ဘာ အောင်ပွဲလဲ ဟုတ်လား ၊ ငါတို့ ခုပဲ ရန်သူတွေကို ငါတို့ရဲ့ မြင့်မြတ်ခမ်းနားလှတဲ့ တိရိစ္ဆာန်ဘုံထဲက မောင်းထုတ်နိုင်ခဲ့တာ မဟုတ်ဘူးလား” စကွီလာက ပြောတယ်။
“ ဒါပေမယ့် ငါတို့ ၂ နှစ်လောက် ရုန်းကန်တည်ဆောက်ခဲ့တဲ့ လေဒဟတ်ကို သူတို့ ဖျက်စီးသွားတယ်လေ”လို့ ဘောက်ဆာက တုန့်ပြန်တယ် ။
စကွီလာက “ အဲ့ဒါ ဘာအရေးလဲ ငါတို့ နောက်တစ်ခု ပြန်ဆောက်မှာပေါ့။ ငါတို့ ဆောက်ချင်ရင် ၆ ခုလောက် ဆောက်ချင်လည်း ရတယ်။ မင်းက ငါတို့ တကယ့် အောင်ပွဲကြီး ရခဲ့တာကို မကျေနပ်နိုင်ဘူးလား။ ဒီနေရာကို ရန်သူက သိမ်းပိုက်ထားခဲ့တဲ့အချိန်မှာ ငါတို့ ခေါင်းဆောင်ကြီး နပိုလီယံရဲ့ ကျေးဇူးနဲ့ တစ်လက်မ မကျန် အကုန်ပြန်ရခဲ့ပြီမဟုတ်လား “ လို့ဆိုတယ်။
နပိုလီယံဆိုတဲ့ အသံကြားလိုက်တာနဲ့ “ ဒီလိုဆိုရင်တော့ ဟုတ်တယ် ငါတို့ အားလုံး ရစရာရှိတာ အကုန်ပြန်ယူလိုက်နိုင်တယ်” လို့ ဘောက်ဆာက ကျေကျေနပ်နပ် ပြောတယ်။
“ အဲ့ဒါ ငါတို့ရဲ့ အောင်ပွဲပဲပေါ့ကွ” စကွီလာက အားရဝမ်းသာပြောလိုက်တယ်။
တိရိစ္ဆာန်တွေဟာ ခြံထဲမှာ ထော့နင်းထော့နင်းနဲ့ သွားနေကြတယ်။ ဘောက်ဆာရဲ့ ခြေထောက်ထဲက ကျည်တွေဟာ တော်တော့်ကို ခံရခက် နာကျင်စေပါတယ်။ ဘောက်ဆာ ကတော့ လေဒဟတ် ပြန်လည်တည်ဆောက်ရေးမှာ သူ ပါဝင်ရမယ့် အရေးကို ကြိုတွေးပြီး ပြင်ဆင်နေပြီ။ ဒါပေမယ့် သူဟာ အရင်လို ကြွက်သားတွေ တောင့်တောင့်ခိုင်ခိုင်နဲ့ သာမန်တဲ့ မြင်းတစ်ကောင် မဟုတ်တော့ဘဲ အသက် ၁၁ နှစ်အရွယ်ကို ရောက်လာခဲ့ပြီဆိုတာကိုတော့ သတိထားမိနေပါပြီ။
တိရိစ္ဆာန်တွေဟာ သူတို့ရဲ့ အစိမ်းရောင် အလံ လွှင့်ပျံနေတာရယ် ဂုဏ်ပြု သေနတ်သံတွေ ကြားနေရတာရယ် နပိုလီယံက သူတို့အတွက် ဂုဏ်ယူကြောင်း မိန့်ခွန်း ချွေနေတာတွေ ကြားလိုက်ရချိန်မှာတော့ သူတို့ တိုက်ခဲ့တဲ့ ဒီတိုက်ပွဲဟာ တကယ့် အောင်ပွဲပဲလို့ ခံစားလိုက်ကြရပါတယ်။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုခံ အခမ်းအနားနဲ့ သင်္ဂြိုလ်ပေးလိုက်ကြတယ်။ ဘောက်ဆာနဲ့ ကလိုဗာက တခမ်းတနား အလှဆင်ထားတဲ့ နာရေးမြင်းလှည်းကို ဆွဲပါတယ်။ အနောက်မှာတော့ နပိုလီယံက ထိပ်ဆုံးက လိုက်ပါပို့ဆောင်ပါတယ်။ ၂ ရက်ဆက်တိုက် အောင်ပွဲခံ အခမ်းအနား ကျင်းပပြီး သီချင်းဆိုတာတွေ မိန့်ခွန်းပြောတာတွေ သေနတ်ပစ်ဖောက် ဂုဏ်ပြုတာတွေ လုပ်ပါတယ်။ တိရိစ္ဆာန်တွေကိုလည်း အထူးလက်ဆောင်အဖြစ် ပန်းသီး တစ်လုံးစီ ကျွေးပါတယ်။ ငှက်တွေကို ပြောင်းဖူး နှစ်ဖူးစီနဲ့ ခွေးတွေအတွက် ဘီစကစ် ၃ ချပ်စီ ဝေတယ်။ တိုက်ပွဲကို “ လေဒဟတ် တိုက်ပွဲ”လို့ နာမည်ပေးလိုက်ပြီး ဂုဏ်ပြုတံဆိပ် အသစ်တစ်ခုလည်း ထပ်တိုးတီထွင်လိုက်ပါတယ်။ နပိုလီယံက အစိမ်းရောင် သူရဲကောင်းလို့ နာမည်ပေးထားတဲ့ ဂုဏ်ပြုတံဆိပ်အသစ်တစ်မျိုးကို ကြေညာလိုက်ပြီး သူ့ကိုယ်သူ ပေးအပ်လိုက်ပါတယ်။ ယေဘူယျ တစ်ခဏတော့ တိရိစ္ဆာန်တွေအားလုံးဟာ ဒီ အောင်ပွဲအပေါ်မှာပဲ အာရုံရောက်နေကြပြီး ငွေစက္ကူအတု ပြဿနာကို မေ့ကုန်ကြပါလေရော။
ရက်အနည်းငယ် အကြာမှာတော့ ဝက်တွေဟာ အရင်က မျက်စိမှောက်ပြီး မတွေ့ခဲ့တဲ့ ဝီစကီပုလင်းတွေ ထားတဲ့နေရာကို ရှာတွေ့သွားခဲ့ပါတယ်။ တစ်ညမှာတော့ လယ်တောအိမ်ထဲကနေ ဆူဆူညံညံ သီချင်းဆိုသံ အကျယ်ကြီးတွေ ထွက်ပေါ်လာပါတယ် ၊ “အင်္ဂလန်က တိရိစ္ဆာန်ကြီးများ” သီချင်းနဲ့ ဆင်တူသယောင် အသံတွေပါ ကြားလိုက်ရပြီး တိရိစ္ဆာန်တွေတောင် အံ့ဩရတဲ့အထိပါပဲ။ ခဏကြာတော့ မစ္စတာ ဂျူန်းစ်ရဲ့ ဦးထုပ်ကို ဆောင်းထားတဲ့ နပိုလီယံဟာ လယ်တောအိမ် အနောက်တံခါးကနေ ထွက်လာတာ မြင်လိုက်ကြရတယ်။ ခြံထဲကို အချိန်အတန်ကြာ ဟိုဟိုဒီဒီ ပတ်ပြေးနေခဲ့ပြီးမှ အထဲကို ပြန်ဝင်ရောက် ပျောက်ကွယ်သွားတယ် ။ မနက်မိုးလင်းတော့ လယ်တောအိမ်ဘက်က တော်တော်လေးကို တိတ်ဆိတ်ငြိမ်သက်နေတယ်။ ဝက်တစ်ကောင်တမြီးကိုမှလည်း မမြင်ရမကြားရဘူး။ ၉ နာရီ ထိုးခါနီးလောက်မှပဲ စကွီလာ ထွက်လာတယ်။ စိတ်ဓာတ်ကျနေတဲ့ ပုံစံမျိုးနဲ့ ဖြေးဖြေးချင်း လမ်းလျှောက်လာတယ်။ မျက်လုံးတွေကလည်း အသက်မဲ့နေတယ်။ အမြီးကလည်း အောက်ငိုက်စိုက် ကျနေပြီး ဆိုးဆိုးရွားရွား ဖျားနာနေသလို ထင်ရတယ်။ တိရိစ္ဆာန်တွေအားလုံးကို သူက ခေါ်လိုက်ပြီး သတင်းဆိုးကြီးတစ်ခု ပြောစရာရှိတယ်လို့ ဆိုတယ်။ သူပြောတာက ခေါင်ဆောင်ကြီး နပိုလီယံ သေလုမြောပါးဖြစ်နေတဲ့အကြောင်းပါ။
တိရိစ္ဆာန်တွေအားလုံး အော်ကြီးဟစ်ကျယ် ငိုကြွေးကုန်ကြတယ်။ လယ်တောအိမ်ရဲ့ တံခါးရှေ့မှာ ကောက်ရိုးတွေခင်းထားပါတယ်။ အဲ့ဒီအပေါ်မှာ မျက်ရည်တွေ ဝဲနေတဲ့ တိရိစ္ဆာန်တွေက ခြေဖျားထောက်လျှောက်ကြပြီး တစ်ကောင်နဲ့ တစ်ကောင် တီးတိုးစကားဆိုနေပါတယ်။ ခေါင်းဆောင်ကြီးသာ မရှိတော့ရင် သူတို့ ဘယ်လိုရှေ့ဆက်ရမလဲ ဆိုပြီးတော့ပေါ့။ စနိုးဘောက နပိုလီယံ စားမယ့် အစာထဲ အဆိပ်ခတ်လိုက်တာဆိုတဲ့ ကောလဟာလကလည်း ထွက်ပေါ်နေပါတယ်။ နေ့လည် ၁၁ နာရီထိုးတဲ့ အချိန်မှာတော့ စကွီလာက နောက်ထပ် ကြေညာချက် တစ်ခု ထပ်ထုတ်ပါတယ်။ ခေါင်းဆောင်ကြီး နပိုလီယံရဲ့ နောက်ဆုံး ညွှန်ကြားချက် အနေနဲ့ အရက်သောက်ခြင်းကို သေဒဏ်အပြစ်ပေး အရေးယူမယ် ဆိုတာပါ။ ညနေစောင်းလောက်မှာတော့ နပိုလီယံဟာ မည်သို့မည်ပုံ နေပြန်ကောင်းသွားတယ် မသိ မြင်ကွင်းရှေ့ ပြန်ထွက်လာပါတယ်။ နောက်နေ့ မနက်မှာတော့ စကွီလာက ခေါင်းဆောင်ကြီး ပြန်သက်သာ နလန်ထစ ပြုနေပြီလို့ ပြောပြန်ပါတယ်။ ညနေစောင်းတော့ နပိုလီယံက ပုံမှန်အတိုင်း အလုပ်လုပ်နေပါပြီ။
နောက်ရက်မှာတော့ နပိုလီယံဟာ မစ္စတာ ဝင်ပါကို ဝယ်လင်တန်ကနေ အရက်ချက်နည်း စာအုပ်တွေ မှာနေတာ မြင်လိုက်ကြရပါတယ်။ တစ်ပတ်လောက်ကြာတော့ နပိုလီယံဟာ အငြိမ်းစား တိရိစ္ဆာန်တွေအတွက် သီးသန့်ဖယ်ထားတဲ့ သစ်ပင်တန်းတွေဘေးက စားကျက်နေရာကို ထွန်ယှက်ခိုင်းလိုက်ပါတယ်။ စားကျက်ကွင်းက မကောင်းတော့ဘဲ ပြန် စိုက်ပျိုးဖို့ လိုနေပြီလို့ အကြောင်းပြပါတယ်။ တကယ်တမ်းက အရက်ချက်ရာမှာ အသုံးတဲ့ မုယောစပါးတွေ စိုက်ပျိုးဖို့ဆိုတာ နောက်မှ သိကြရတာပါ။
အဲ့ဒီအချိန်လောက်မှာပဲ တိရိစ္ဆာန်တွေ အားလုံးနီးပါး အူကြောင်ကြောင်နဲ့ နားမလည်နိုင်တဲ့ မတော်တဆဖြစ်ရပ် တစ်ရပ် ဖြစ်ပွားခဲ့ပါသေးတယ်။ ည ၁၂ နာရီလောက်ကြီး ပညတ်တော်တွေ ရေးထားတဲ့ အဆောက်အဦးဘက်ကနေ တစ်ခုခု ကျိုးသွားတဲ့ အသံအကျယ်ကြီး ထွက်လာတာပါ။ တိရိစ္ဆာန်တွေလည်း အိပ်ယာထဲက ပြေးထွက်ပြီး အဆောက်အဦးရှိရာဘက် လာခဲ့ကြပါတယ်။ အဲ့ဒီနေ့က လပြည့်ည တစ်ညပါ။ ပညတ်တော် ၇ ပါး ရေးထားတဲ့ နံရံအောက်ခြေလောက်မှာ လှေကား တစ်စင်းက ထက်ပိုင်းကျိုးနေပါတယ်။ အဲ့ဒီဘေးမှာတော့ မူးဝေနေတဲ့ စကွီလာတစ်ကောင် ကို့ရိုးကားယားဖြစ်နေပါတယ်။ မနီးမဝေးမှာတော့ မီးအိမ်ရယ်၊ ဆေးသုတ်တံရယ်၊ မှောက်နေတဲ့ ဆေးအဖြူပုံး တစ်ပုံး တွေ့လိုက်ကြရပါတယ်။ ခွေးဆိုးတွေက ချက်ခြင်းပဲ စကွီလာကို ဝန်းရံပေးထားလိုက်ကြပြီး သူ လမ်းလျှောက်နိုင်နိုင်ခြင်းပဲ လယ်တောအိမ်ဘက် ခြံရံခေါ်ထုတ်သွားကြတယ်။ ဘယ်တိရိစ္ဆာန်မှ ဘာတွေဖြစ်နေတယ်ဆိုတာ နားမလည်နိုင်ကြပေမယ့် အခြေအနေအားလုံးကို ရိပ်စားမိပုံရတယ့် မြည်းအိုကြီး ဘင်ဂျမင်ကတော့ ခေါင်းလေး တငြိမ့်ငြိမ့် လုပ်နေခဲ့တယ်။ ဒါပေမယ့် သူ ဘာမှ မပြောခဲ့ပါဘူး။
သိပ်မကြာခင်ရက်ပိုင်းမှာပဲ ဆိတ်ကြီး မြူရီရယ်ဟာ ပညတ်တော် ၇ ပါးကို ဖတ်မိနေခဲ့တယ်။ အဲ့ဒီတော့မှပဲ တိရိစ္ဆာန်တွေ အမှတ်မှားနေတဲ့ နောက်ထပ် ပညတ်တော် တစ်ပါးကို သတိထားမိသွားလေရဲ့။
သူတို့ ထင်ထားခဲ့တာက ငါးကြောင်းမြောက် ပညတ်တော်ဟာ “ ဘယ်တိရိစ္ဆာန်မှ အရက်မသောက်ရ” လို့ ရေးထားတာလို့ မှတ်သားခဲ့ရတာ။ တကယ်တမ်းက နောက်ထပ် စာလုံးနှစ်လုံးကို မေ့လျော့နေခဲ့ကြတာပဲ။
တကယ်တမ်း ရေးထားတာက “ ဘယ်တိရိစ္ဆာန်မှ အလွန်အကျွံ အရက်မသောက်ရ” ဖြစ်နေတာကိုးးး. ။
အခန်း(၉)
-----------
ဘောက်ဆာရဲ့ နှစ်ခြမ်းကွဲသွားတဲ့ ခွာက ပြန်သက်သာဖို့ အချိန်အတော်လေး ယူရတော့မှာ။ လေဒဟတ် စီမံကိန်းကလည်း အောင်ပွဲခံ အားလပ်ရက် ၂ ရက်ပြီးတာနဲ့ ပြန်စနေပြီ။ ဘောက်ဆာက တစ်ရက်ကလေးမှ မနားဘဲ အလုပ်ဆက်လုပ်နေတယ်။ နာကျင်တဲ့ ခံစားမူ တစ်စုံတစ်ရာမပြဘဲ အလုပ်လုပ်ပြနေတာကိုက ဂုဏ်ယူစရာလို့ သူ သတ်မှတ်ထားတယ်။ ညနေစောင်း အလုပ်သိမ်းရင်တော့ ကလိုဗာဆီကို သွားပြီး သူ့ခွာက အရမ်းနာနေကြောင်း ရင်ဖွင့်လေ့ရှိပါတယ်။ ကလိုဗာကလည်း ဘောက်ဆာရဲ့ ဒဏ်ရာအတွက် ဆေးမြစ်စုံတွေကို ကိုယ်တိုင်ပါးစပ်နဲ့ ဝါးပြီး အုံပေးလေ့ရှိတယ်။ ဘင်ဂျမင်နဲ့ ကလိုဗာက ဘောက်ဆာကို အလုပ်လျော့လုပ်ဖို့ တိုက်တွန်းပေမယ့် ဘယ်တော့မှ နားမထောင်ဘူး။ ဘောက်ဆာ အမြဲပြောတာက သူ အငြိမ်းစားသွားရမယ့် အရွယ်မတိုင်ခင် ဒီ လေဒဟတ်ကြီး အောင်အောင်မြင်မြင် လည်ပတ်နေတာကို မြင်ချင်တယ်လို့ ပြောလေ့ရှိတယ်။
အစတုန်းက တိရိစ္ဆာန်ဘုံမှာ အငြိမ်းစားယူရမယ့် အသက်တွေ သတ်မှတ်တဲ့အခါ မြင်းနဲ့ ဝက်တွေအတွက် အသက် ၁၂ နှစ်၊ နွားအတွက်က ၁၄ နှစ် ၊ ခွေးက ၉ နှစ်၊ သိုးတွေက ၇ နှစ်နဲ့ ကြက်တွေ ငန်းတွေက ငါးနှစ်လို့ သတ်မှတ်ထားတယ်။ အငြိမ်းစား ခံစားခွင့်တွေကိုလည်း ရက်ရက်ရောရော သတ်မှတ်ထားတယ်။ ခြံက တိရိစ္ဆာန်တွေထဲမှာ အငြိမ်းစား ယူထားတာ တစ်ကောင်မှ မရှိသေးပေမယ့် ဒီကိစ္စကို ခပ်စိပ်စိပ် ဆွေးနွေးလာကြပါပြီ။ သစ်ပင်တန်းဘေးက ယခင် အငြိမ်းစား စားကျက်ကွင်းကိုလည်း မုယောစပါးတွေ စိုက်လိုက်ပြီဆိုတော့ တခြား ပိုကြီးတဲ့ စားကျက်ကွင်းတစ်ခုရဲ့ ထောင့် တစ်နေရာကို ကန့်သတ်ပြီး သက်ကြီး ပင်စင်စားတွေအတွက် နေရာ စီစဉ်မယ်လို့လည်း အသံတွေထွက်နေပါတယ်။ မြင်းတစ်ကောင် အငြိမ်းစားယူရင် တစ်ရက်ကို ပြောင်းဖူး ငါးပေါင် ၊ ဆောင်းတွင်းမှာဆို ကောက်ရိုး ဆယ့်ငါးပေါင်၊ အခါကြီးရက်ကြီး ပိတ်ရက်တွေမှာ ပန်းသီးတစ်လုံး ဒါမှမဟုတ် ခါကြက်ဥ တစ်လုံး ခွဲတမ်းရမယ်လို့ ဆိုပါတယ်။ ဘောက်ဆာရဲ့ ၁၂ နှစ်ပြည့် မွေးနေ့ကလည်း လာမယ့် နွေနှောင်းပိုင်းဆို ရောက်ပြီ။
ထုံးစံအတိုင်း အခြေအနေတွေက ဆိုးနေတုန်းပါပဲ။ ဒီနှစ်ဆောင်းကလည်း မနှစ်တုန်းကလိုပဲ ရက်ရက်စက်စက် အေးနေခဲ့ပြီး အစာရေစာက မနှစ်ကထက်ကို ရှားပါးလာနေပါတယ်။ ဝက်တွေနဲ့ ခွေးတွေရဲ့ ခွဲတမ်းကလွဲလို့ တခြား တိရိစ္ဆာန်တွေရဲ့ ရိက္ခာခွဲတမ်းကို ထပ်လျော့လိုက်ပါတယ်။ ရိက္ခာခွဲတမ်းကို မပြုမပြင် လှေနံဓားထစ် တိတိကျကျ ခွဲတာကလည်း တိရိစ္ဆာန်ဝါဒ နဲ့ ဆန့်ကျင်သလို ဖြစ်သွားနိုင်တယ်လို့ စကွီလာက ရှင်းပြတယ်။ တကယ့်လက်တွေ့မှာ ဘယ်လောက် စားနှပ်ရိက္ခာ ရှားပါးနေပါစေ တိရိစ္ဆာန်တွေကို ရိက္ခာမပြတ်လပ်ပါဘူးလို့ နားဝင်အောင် စကွီလာက လှည့်ပတ်ပြောဆိုတတ်တယ်။ အချိန်ကြာလာတာနဲ့အမျှ ရိက္ခာခွဲတမ်းကို ပြန်လည်ပြင်ဆင်မူလုပ်ဖို့ လိုအပ်တယ်ဆိုတာ သိလာခဲ့ကြောင်း ဆိုပါတယ်။ စကွီလာက စကားပြောတိုင်း ခွဲတမ်း လျော့ချမူလို့ ဘယ်တော့မှ မသုံးပါ ပြန်လည်ပြင်ဆင်မူလို့ပဲ သုံးပါတယ်။ ဘယ်လိုပဲ ခွဲတမ်းတွေ လျော့ချနေပါစေ မစ္စတာ ဂျူန်းစ် လက်ထက်တုန်းကထက်တော့ အများကြီး သာတယ်လို့ ပြောလေ့ရှိတယ်။ မစ္စတာဂျူန်းစ် လက်ထက်ကထက် မုယောစပါးတွေ ဂျုံတွေ မုန်လာဥတွေ ပိုထွက်ရှိကြောင်း ကိန်းဂဏန်း အချက်အလက်တွေကို ခပ်သွက်သွက် ခပ်ကျယ်ကျယ် အော်ဖတ်ပြတတ်တယ်။ မစ္စတာ ဂျူန်းစ်လက်ထက်ကထက် အလုပ်ချိန် ပိုတိုပြီး ပိုသန့်ရှင်းတဲ့ ရေကို သောက်ရတဲ့အတွက် အသက်ပိုရှည်ကြကြောင်း။ ရင်သွေးတွေ အသက်ဆုံးရှုံးမူ နှူန်းလည်း အင်မတန် နည်းကြောင်းနဲ့ အိပ်ယာခင်းတွေအတွက် ကောက်ရိုးတွေ ပိုပေးနိုင်လို့ ပိုးမွှား ပြဿနာလည်း အတော်နည်းသွားကြောင်း နှိုင်းယှဉ်ပြလေ့ရှိတယ်။ တိရိစ္ဆာန်တွေကလည်း စကွီလာပြောသမျှ ယုံကြပါတယ်။ တကယ်တမ်းကတော့ မစ္စတာ ဂျူန်းစ် လက်ထက် ဘယ်ပုံဘယ်သို့ သူတို့ နေခဲ့ကြရတယ်ဆိုတာကို သူတို့ မှတ်ဉာဏ်ထဲမှာ မရှိကြတော့ပါဘူး။ သူတို့ သိတာက လက်ရှိ နေနေရတဲ့ အခြေအနေကလည်း ခက်ခဲကြမ်းတမ်းတယ် ဆိုတာရယ် မကြာခဏ ဆာလောင်နေကြရပြီး ရာသီဥတုကလည်း မခံမရပ်နိုင်လောက်အောင် အေးခဲနေတာရယ်ပါပဲ။ အိပ်ချိန်ကလွဲရင် ကျန်တဲ့အချိန်တွေဟာ အလုပ်ချိန်တွေ ဖြစ်နေပါပြီ။ ဒါပေမယ့်လည်း မစ္စတာ ဂျူန်းစ် လက်ထက်က ဒီထက်ပိုဆိုးတယ်ဆိုတာ သံသယမရှိကြပါဘူး။ ဒီလို ယုံကြည်နေရတာကိုက ဂုဏ်ယူစရာပဲလေ။ မစ္စတာ ဂျူန်းစ် လက်ထက်တုန်းက သူတို့ဟာ လူသတ္တဝါတွေရဲ့ ကျွန်တွေသာ ဖြစ်ပြီး ခုလို လွတ်လပ်တဲ့ တိရိစ္ဆာန်တွေ မဟုတ်ဘူးဆိုတဲ့အချက်က အတော်လေး ကြီးမားတဲ့ ကွားခြားချက်ဆိုတာ စကွီလာက အမြဲတမ်း မမေ့မလျော့ ထောက်ပြလေ့ရှိတယ်။
တိရိစ္ဆာန်ဘုံမှာ ကျွေးစရာပါးစပ်ပေါက်တွေလည်း တိုးလာခဲ့ပြီ။ ဝက်မလေးကောင်က တစ်ပြိုင်နက်ထဲနီးပါး သားပေါက်လိုက်ကြတာ အားလုံးပေါင်းရင် ဝက်ကလေး ၃၁ ကောင်တောင် မွေးလာပါတယ်။ ဝက်ကလေးတွေက အရောင်အသွေးစုံ ဆိုပေမယ့် ခြံမှာ ဝက်သိုးဆိုလို့ နပိုလီယံ တစ်ကောင်သာရှိတာမို့ သူတို့ အဖေ ဘယ်သူလည်း ဆိုတာ စဉ်းစားရ မခက်လှပါဘူး။ သိပ်မကြာခင်မှာ ခြံအတွင်း စာသင်ကျောင်း ဆောက်ဖို့အတွက် အုတ်နဲ့ ကျွန်းသစ်တွေ ဝယ်လိုက်တဲ့အကြောင်း ကြေညာပါတယ်။ လောလောဆယ်တော့ မီးဖိုချောင်ထဲမှာပဲ နပိုလီယံက ဝက်ကလေးတွေကို ကိုယ်တိုင် သင်ကြားနေပါတယ်။ ခြံထဲက ဥယျာဉ်ထဲမှာ သူတို့ ကစားကြပြီး တခြား တိရိစ္ဆာန်တွေနဲ့ ရောနှောမကစားဖို့ ကန့်သတ်ထားပါတယ်။ ဒီအချိန်လောက်မှာပဲ နောက်ထပ် ဥပဒေတစ်ခု ထပ်ထွက်လာပါတယ်။ တကယ်လို့ လမ်းမှာ တခြားတိရိစ္ဆာန်တွေနဲ့ ဝက်တွေ ထိပ်တိုက်တွေ့တဲ့အခါ တခြား တိရိစ္ဆာန်များက လမ်းဘေးကို ဆင်းပြီး ဖယ်ပေးရမယ်ဆိုတဲ့ ဥပဒေပါ။ နောက်ပြီး ဘယ်ဝက်နေနေ တနင်္ဂနွေနေ့တိုင်းမှာ အစိမ်းရောင်ဖဲကြိုးကို သူတို့ အမြီးမှာ ဝတ်ဆင်ခွင့်ရှိကြောင်း ဆုံးဖြတ်ပါတယ်။
ခြံက သီးနှံထွက်နှူန်းက သိပ်မဆိုးတဲ့ နှစ်ဆိုပေမယ့် ငွေစက္ကူကတော့ အတော်လေး လိုအပ်ချက်ရှိနေတယ်။ စာသင်ကျောင်းဆောက်ဖို့ လိုအပ်တဲ့ အုတ်တွေ သဲတွေ ထုံးတွေ ဝယ်ရအုံးမယ်။ လေဒဟတ်အတွက် စက်ပစ္စည်းတွေလည်း ကြိုတင်စုဆောင်းရအုံးမယ်။ မီးခွက်တွေအတွက် ရေနံဆီ နဲ့ ဖယောင်းတိုင်တွေလည်း လိုတယ်။ နောက်တော့ နပိုလီယံ စားဖို့ သကြား ( တခြား ဝက်တွေကိုတော့ အဝလွန်စေမှာမို့ သကြား စားတာ ခွင့်မပြုထားဘူး )။ ပုံမှန်လိုအပ်နေတဲ့ ပစ္စည်းအသုံးအဆောင်တွေဖြစ်တဲ့ လယ်ယာသုံးပစ္စည်းတွေ၊ သံ ၊ ကြိုး၊ မီးသွေး၊ ဝါယာကြိုး၊ သံအတိုအစ တွေနဲ့ ခွေးတွေ စားဖို့ ဘီစကစ် စသည်အားဖြင့် ဖြည့်ဆည်းရမှာတွေက အများကြီးပါ။ ကောက်ရိုးနဲ့ အာလူးတစ်ချို့ ထုတ်ရောင်းလိုက်တဲ့အပြင် ကြက်ဥရောင်းချတဲ့ စာချုပ်ကိုလည်း တစ်ပတ် ၄၀၀ နှူန်းကနေ ၆၀၀ အထိ ရောင်းချဖို့ ပြင်ဆင်လိုက်တဲ့အတွက် ကြက်မတွေခင်မျာ သူတို့ ကြက်ဦးရေကို ထိန်းသိမ်းဖို့ အလျင်မီအောင် မဝပ်နိုင်ကြတော့ပါ။ ရိက္ခာတွေကို ဒီဇင်ဘာလမှာ လျော့လိုက်ပါတယ်။ ဖေဖော်ဝါရီမှာ တစ်ခါ ထပ်လျော့ပါတယ်။ အိပ်ယာခင်းတွေမှာ ပေးထားတဲ့ မီးအိမ်တွေကိုလည်း ရေနံဆီ ချွေတာရန် အလို့ငှာ ပိတ်ပင်လိုက်တယ်။ ဒါပေမယ့်လည်း ဝက်တွေကတော့ အနေအစားချောင်နေပုံရပြီး ဝ သထက် ဝလာနေကြပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်းမှာတော့ အရသာရှိပြီး အာဟာရပြည့်ဝမယ့်ပုံပေါ်တဲ့ အနံ့တစ်ခု ခြံထဲမှာ သင်းနေပါတယ်။ ဒီအနံ့မျိုး သူတို့ တစ်ခါမှ မရဖူးပါဘူး။ မစ္စတာ ဂျူန်းစ်လက်ထက်ထဲက မသုံးဘဲထားတဲ့ မီးဖိုချောင်အနောက်က အခန်းထဲကနေ ထွက်လာတာပါ။ ဒါ မုယောစပါးတွေ ကြိုချက်နေတာ ဖြစ်နိုင်တယ်လို့ တစ်ကောင်က ထ ပြောတယ်။ သူတို့ဟာ မုယောစပါးနှံ့ သင်းနေတဲ့လေကို ဆာဆာလောင်လောင် အနံ့ခံရူရှိုက်နေကြရင်းနဲ့ သူတို့ကိုကျွေးမယ့် ညနေစာထဲမှာများ ဒီ မုယောစပါးတွေ ပါလာလေမလား မျှော်လင့်နေကြတယ်။ ဒါပေမယ့်လည်း ပါမလာခဲ့ပါဘူး။ တနင်္ဂနွေနေ့မှာတော့ မုယောစပါးတွေဟာ ဝက်တွေအတွက် သီးသန့်ဖယ်ထားရမယ့် သီးနှံဖြစ်ကြောင်း ကြေညာပါတယ်။ နှစ်ရှည်ပင်တန်းနားက စိုက်ကွင်းတစ်ခုလုံးလည်း မုယောစပါးတွေ အလျှံပယ် စိုက်ပျိုးထားပါပြီ။ ဝက်တွေက ခုကစပြီး ဘီယာတစ်ဗူးစီ ခွဲတမ်းနေ့တိုင်း ရယူနေကြောင်းလည်း သတင်းထွက်လာပါပြီ။ နပိုလီယံကတော့ ဂါလံဝက်လောက် ယူပြီး ဘီယာကို ဟင်းရည်သောက်တဲ့ တန်ဖိုးကြီး တော်ဝင် ကြွေခွက်နဲ့ ထည့် သောက်ပါသတဲ့။
တိရိစ္ဆာန်တွေအတွက်တော့ ဘဝက ခဲခဲရင်းရင်း ရုန်းကန်နေကြရပေမယ့် ခုခေတ်ကာလက ယခင် မစ္စတာ ဂျူန်းစ် ခေတ်ကထက် သာတယ်ဆိုတာနဲ့တင် ဂုဏ်သိက္ခာရှိရှိ ကျေနပ်နှစ်သိမ့် နေနိုင်ကြပါတယ်။ အရင်ကထက် သီချင်းတွေ ပိုများတယ်၊ မိန့်ခွန်းတွေများတယ်၊ အဖွဲ့လိုက် လှုပ်ရှားရတာတွေ များပါတယ်။ နပိုလီယံက တစ်ပတ်တစ်ခါ အင်အားပြ အခမ်းအနားတစ်ခု လုပ်ဖို့လည်း ညွှန်ကြားပါတယ်။ တိရိစ္ဆာန်ဘုံရဲ့ ကြိုးပမ်းမူတွေနဲ့ နိုင်ပွဲတွေအတွက် အောင်ပွဲခံ သဘောမျိုးပါ။ သတ်မှတ်ထားတဲ့အချိန်မှာ တိရိစ္ဆာန်တွေဟာ သူတို့ လုပ်လက်စတွေကို ရပ်ပြီး စစ်တပ်ပုံစံ ဖွဲ့စည်းပုံမျိုးနဲ့ ခြံထဲမှာ လှည့်လည်ရပါတယ်။ ဝက်တွေက ရှေ့ကဦးဆောင်ပြီး မြင်း၊ နွား၊ သိုးနဲ့ ကြက်တွေက အစဉ်လိုက် တန်းစီ လိုက်ကြရပါတယ်။ ခွေးဆိုးတွေက ဘေးက ခြံရံပြီး အားလုံးရဲ့ ရှေ့ဆုံးမှာတော့ နပိုလီယံရဲ့ အခါတော်ပေး ကြက်မဲက ဦးဆောင်ပါတယ်။ ကလိုဗာနဲ့ ဘောက်ဆာ နှစ်ကောင်က ခွာနဲ့ ဂျို တံဆိပ်တွေ ခတ်နှိပ်ထားပြီး “ ခေါင်းဆောင်ကြီး နပိုလီယံ သက်တော်ရာကျော် ရှည်ပါစေ” လို့ရေးထားတဲ့ အစိမ်းဆောင် ဆိုင်းဘုတ်ကို သယ်ရပါတယ်။ ပြီးရင်တော့ ခေါင်းဆောင်ကြီး နပိုလီယံရဲ့ ဂုဏ်ပုဒ်တွေကို ဖော်ညွှန်းထားတဲ့ ကဗျာရွတ်ဆိုပွဲတွေရှိတယ်။ နောက်တော့ စကွီလာရဲ့ သီးနှံရိက္ခာတွေ မည်သို့မည်ပုံ အထွက်တိုးကြောင်း ဟောပြောတာတွေနဲ့အတူ သေနတ်တစ်ချက် ပစ်ဖောက်လေ့ရှိတယ်။ သိုးတွေကတော့ ဒီ အင်အားပြ အခမ်းအနားတွေကို အတော်သဘောကျတဲ့ အဖွဲ့တွေပေါ့။ တချို့ တိရိစ္ဆာန်တွေက ဝက်တွေ ခွေးတွေ အနားမှာ မရှိတဲ့အချိန်ဆို ဒီ အခမ်းအနားတွေဟာ သပ်သပ် အချိန်ဖြုန်းခြင်းဖြစ်ကြောင်းနဲ့ အေးခဲနေတဲ့ ရာသီမှာ အချိန်အကြာကြီး ရပ်နေရတဲ့အတွက် အဆင်မပြေကြောင်း စောဒကတက်ကြတိုင်း သိုးတွေက “ခြေလေးချောင်းကောင်း၊ ခြေနှစ်ချောင်းမကောင်း” လို့ အပြင်းအထန် အော်ဟစ်နှောင့်ယှက်ပြီး အသံတိတ်သွားအောင် လုပ်တော့တာပဲလေ။ တချို့ တိရိစ္ဆာန်အများစုကျတော့လည်း ဒီအခမ်းအနားတွေကို ကျေနပ် သဘောကျကြပါတယ်။ ဒီအခမ်းအနားတွေက သူတို့ဟာ သူတို့ကိုယ်တိုင်ရဲ့ ဆရာသခင်တွေပဲ ဖြစ်တယ် ၊ ပင်ပင်ပန်းပန်း လုပ်ထားရသမျှဟာ ကိုယ့်အကျိုးအတွက်ပဲ ဖြစ်တယ်ဆိုတာကို အမှတ်ရစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သီချင်းသံတွေရယ် ၊ အခမ်းအနားရယ်၊ စကွီလာရဲ့ မစားရဝခမန်း ကိန်းဂဏန်းတွေရယ်၊ အခါတော်ပေး ကြက်မဲရဲ့ တွန်ကြူးသံ၊ ဂုဏ်ပြုသေနတ် ပစ်ဖောက်သံ နဲ့ တလူလူ လွှင့်နေတဲ့ အလံတော်ဟာ သူတို့ ဝမ်းခေါင်ခေါင် ဘဝနဲ့ ငတ်နေတာကို ခဏပဲဖြစ်ဖြစ် မေ့လျော့နေစေပါတယ်။
ဧပြီလမှာတော့ တိရိစ္ဆာန်ဘုံကို တိရိစ္ဆာန်ပြည်သူ့ သမ္မတ နိုင်ငံအဖြစ် ကြေညာလိုက်တဲ့အခါ သမ္မတ တစ်ယောက် ရွေးချယ်ဖို့ လိုအပ်လာပါတယ်။ ရွေးချယ်ခံဖို့ စာရင်းသွင်းတာ တစ်ဦးထဲသာ ဖြစ်ပြီး နပိုလီယံကိုပဲ အားလုံးက တညီတညွတ်တည်း ရွေးချယ်လိုက်ကြပါတယ်။ တစ်နေ့ထဲမှာပဲ စနိုးဘောနဲ့ မစ္စတာ ဂျူန်းစ် ပူးပေါင်းဆောင်ရွက်ထားတဲ့ သက်သေ အထောက်အထား စာရွက်စာတမ်းတွေ ထပ်တွေ့တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ တကယ်တမ်း စနိုးဘောဟာ လူတွေဘက်က ခေါင်းဆောင်ဖြစ်ပြီး နွားတင်းကုပ် တိုက်ပွဲမှာ တိရိစ္ဆာန်တွေ ရှုံးအောင် လုပ်ယုံတင် မကဘဲ လူတွေဘက်ကပါ “ လူသတ္တဝါတွေ သက်တော်ရာကျော် ရှည်ပါစေ”လို့ နှုတ်က အော်ဟစ် တိုက်ပွဲဝင်ခဲ့တာ ဖြစ်ကြောင်းပါ။ တိရိစ္ဆာန်တွေ တော်တော်များများ အမှတ်ရနေတဲ့ စနိုးဘောရဲ့ ကျောကုန်းက ဒဏ်ရာဟာလည်း နပိုလီယံရဲ့ သွားတွေ လက်ချက်ဖြစ်ပါသတဲ့။
နွေလယ်ရောက်တော့ နှစ်အတန်ကြာ ပျောက်နေတဲ့ ကျီးကန်းကြီး မိုးစက် ခြံမှာ ပြန်ပေါ်လာပါတယ်။ သူက အရင်အတိုင်းပဲ ဘာမှ မပြောင်းလဲပါဘူး။ ဘာအလုပ်မှ မလုပ်သလို ထုံးစံအတိုင်း သကြားတောင်တန်း နိုင်ငံအကြောင်းပဲ ပြောနေဆဲပါ။ နားထောင်မယ့်သူသာ ရှိနေရင် သစ်ငုပ်တိုပေါ်မှာ နားနေရာကနေ သူ့အတောင်တွေကို လေထဲမှာ ခတ်နေရင်းနဲ့ နာရီနဲ့ချီ စကားပြောနိုင်သေးတယ်။ “ ဟိုးး အပေါ်မှာ ရဲဘော်တို့ ၊ အပေါ်မှာ မင်းခုမြင်နေရတဲ့ တိမ်မဲမဲတွေရဲ့ ဟိုဘက်ခြမ်းလေးမှာတင် သကြားတောင်တန်းကြီး တစ်ခု ရှိနေတယ် ငါတို့ သနားစရာ တိရိစ္ဆာန်တွေ ပင်ပင်ပန်းပန်း အလုပ်လုပ်ကြပြီးရင် ထာဝရ အနားယူရမယ့် နေရာပေါ့”လို့ ကောင်းကင်ကို လက်ညိုးထိုး ပြောလေ့ရှိတယ်။ ဘယ်လောက်တောင်ပြောလည်းဆို တစ်ခါက သူ အမြင့်ကြီး ပျံကြည့်ရင်းနဲ့ သကြားတောင်တန်း နိုင်ငံကို ရောက်သွားတဲ့အကြောင်းနဲ့ အဲ့ဒီမှာ မြက်ပင်နုတွေ ၊ ကိတ်မုန့်တွေ သကြားခဲတွေ မနည်းမနော ရှိနေတာ တွေ့ခဲ့တယ်လို့ ပြောတယ်။ တိရိစ္ဆာန်အများစုက သူပြောတာကို ယုံကြဆဲပါ။ ခုလောလောဆယ်ဘဝမှာ သူတို့ ဆာလောင်နေရတဲ့ကြားထဲက ကြိုးစားအလုပ်လုပ်နေရတာမို့ တစ်နေရာရာမှာတော့ ဒီထက်ကောင်းတဲ့ ကမ္ဘာတစ်ခု ရှိသင့်တယ် မဟုတ်ဘူးလား။ မရှင်းတာက ဝက်တွေရဲ့ မိုးစက်အပေါ် သဘောထားပဲ ။ ဝက်တွေက မိုးစက်ပြောသမျှဟာ အလိမ်အညာတွေလို့ ကြွေးကြော်ထားကြပေမယ့် ခြံထဲမှာ သူ့ကို နေခွင့်ပေးထားယုံမက အလုပ်မခိုင်းတဲ့အပြင် ဘီယာ ခွဲတမ်းပါ ပေးထားသေးတယ်။
ဘောက်ဆာက သူ့ခွာလည်း ပြန်ကောင်းသွားရော အလုပ်ကိုအရင်ကထက်ကို ပိုလုပ်တော့တာပဲ။ ဒါပေါ့ တခြား တိရိစ္ဆာန်တွေလည်း ဘယ်နေရလိမ့်မလဲ တစ်နှစ်လုံး ကျွန်လို ရုန်းကြရပြန်တာပေါ့။ ပုံမှန်လုပ်နေကြ လယ်ယာအလုပ်တွေရယ်၊ လေဒဟတ်ဆောက်တာအပြင် ဝက်ကလေးတွေအတွက် စာသင်ကျောင်း ဆောက်တဲ့ ကိစ္စပါ ပိုလာပြီလေ။ စားစရာ ရိက္ခာမလောက်ဘဲ အချိန်အကြာကြီး နေရတာ အရမ်းခက်ခဲပေမယ့် ဘောက်ဆာက ဘယ်တော့မှ အရှုံးမပေးပါဘူး။ သူ့မှာ အရင်လို ခွန်အားမျိုး မရှိတော့ဘူးဆိုတာကို နှုတ်ကလည်း ဘယ်တော့မှ မဖွင့်ဟသလို အမူအရာလည်း မပြပါဘူး။ ဒါပေမယ့် သူ့ ခန္ဓာကိုယ် သွင်ပြင်ကတော့ ပြောင်းလဲလာပါပြီ။ သူ့ အသားအရည်က မွဲခြောက်ခြောက်နဲ့ တောက်တောက်ပပ မရှိတော့သလို နောက်ခြေနှစ်ချောင်းနဲ့ ခန္ဓာကိုယ် နောက်ပိုင်းကလည်း အရင်လို မသန်မာတော့ဘဲ ပိန်လှီလာနေပါပြီ။ တချို့ကလည်း လာမယ့် နွေဦး မြက်တွေပေါက်မယ့် အချိန်လောက်ဆို ဘောက်ဆာ တစ်ကောင် ဝဝဖြိုးဖြိုးနဲ့ ပြန်ကျန်းမာလာမယ်လို့ ထင်ကြေးပေးကြပါတယ်။ ဒါပေမယ့် နွေဦးသာ ရောက်လာတယ် ဘောက်ဆာ တစ်ကောင်က ဝဖြိုးမလာတော့ပါဘူး။ ကျောက်တုံးကြီးတွေကို တောင်ကုန်းပေါ် ဆွဲတင်သွားတိုင်း သူ့ခွန်အားရှိသမျှ ညစ်ထည့်နေရပြီး စိတ်သာ ရှိတော့တာ မြင်နေရပါတယ်။ သူ့နှုတ်ခမ်းတွေကလည်း “ ငါ ဒီထက်ပို အလုပ်ကြိုးစားမယ်” ဆိုတဲ့စကားမျိုးကို အသံမထွက်နိုင်တော့ဘဲ ရေရွတ်တာမျိုးလောက်သာ တတ်နိုင်ပါတော့တယ်။ ထုံးစံအတိုင်း ကလိုဗာနဲ့ ဘင်ဂျမင်က ကျန်းမာရေး ဂရုစိုက်ဖို့ပြောတာကိုလည်း ဘောက်ဆာက ဘယ်တော့မှ နားမဝင်ပါဘူး။ သူ့ရဲ့ ၁၂ နှစ်ပြည့် မွေးနေ့ကလည်း နီးလာပါပြီ။ ဒီအချိန်မှာ သူ အငြိမ်းစားမယူခင် ကျောက်တုံးတွေ လုံလုံလောက် စုဆောင်းမိဖို့ကလွဲပြီး ကျန်တာ ဘာဖြစ်ဖြစ် သူ ဂရုမစိုက်တော့ပါ။
နွေရာသီရဲ့ ညနေခင်း တစ်ခုမှာ ၊ ဘောက်ဆာ တစ်ကောင် တစ်ခုခုဖြစ်နေပြီ ဆိုတဲ့ သတင်း ရုတ်တရက် ခြံထဲမှာ အသံထွက်လာပါတယ်။ သူက လေဒဟတ်ရှိရာဆီကို ကျောက်တုံးတွေသယ်ဖို့ ထွက်သွားခဲ့တာပါ။ ထင်ထားတဲ့အတိုင်း သတင်းက မှန်နေခဲ့ပါပြီ။ အမောတကာ ပျံလာတဲ့ ခို နှစ်ကောင်က သတင်းနဲ့အတူ ခြံကို ပြန်လာပါတယ်။ “ ဘောက်ဆာ လဲသွားပြီ။ သူ ဘေးတစ်ဖက်ကို လဲကျနေပြီး ပြန် မထနိုင်တော့ဘူး” ။
ခြံမှာရှိတဲ့ တိရိစ္ဆာန်တစ်ဝက်လောက် လေဒဟတ်ရှိရာ ကုန်းမို့မို့ဆီ အပြေးအလွှား လိုက်သွားကြပါတယ်။ လဲလျောင်းနေတဲ့ ဘောက်ဆာကို တွေ့ကြရပါပြီ။ ကျောက်သယ်လှည်းရဲ့ တန်းနှစ်ခုကြားမှာ လည်ပင်းက ဆန့်ထွက်နေပြီး ခေါင်းတောင် မထောင်နိုင်တော့ပါဘူး။ သူ့ မျက်လုံးတွေက အသက်မဲ့သလို ဝေဝါးနေခဲ့ပြီ၊ ခန္ဓာကိုယ်တစ်ခုလုံးလည်း ချွေးတွေနဲ့ ပါးစပ်ထဲကလည်း သွေးတချို့ စီးထွက်လာနေတယ်။ ကလိုဗာက ဘောက်ဆာ ဘေးမှာ ဝပ်ချလိုက်ပြီး ငိုတယ်။
“ဘောက်ဆာရေ.. မင်း နေသာရဲ့လား” လို့ ကလိုဗာက ငိုရင်း မေးလိုက်တယ်။
ဘောက်ဆာက “ ငါ့ အဆုတ်က မကောင်းတော့တာပါ၊ ဒါပေမယ့် အရေးမကြီးပါဘူး။ ငါ မပါဘဲ မင်းတို့ လေဒဟတ်ကို ပြီးအောင် ဆောက်နိုင်ကြမှာပါ။ ကျောက်တုံးတွေလည်း အတော်လေး စုဆောင်းမိနေပြီပဲ။ မဟုတ်လည်း ငါ နောက်ထပ် အလုပ်လုပ်နိုင်လှ တစ်လပေါ့။ အမှန်အတိုင်းပြောရရင် ငါ နားဖို့ စဉ်းစားထားပြီးပြီ။ ဘင်ဂျမင်လည်းပဲ အသက်ကြီးလာနေပြီမို့ သူတို့ ငါ့ကို ဘင်ဂျမင်နဲ့ တချိန်ထဲ အနားပေးရင် ငါ့အတွက်လည်း အဖော်ရတာပေါ့” လို့ ရှင်းပြရှာတယ်။
ကလိုဗာက “ငါတို့ အကူအညီ တောင်းဖို့လိုတယ်၊ တစ်ယောက်ယောက် စကွီလာကို ဒီမှာဖြစ်နေတာတွေ ပြေးပြောကြစမ်းပါ “ လို့ပြောတယ်။
တခြား တိရိစ္ဆာန်တွေလည်း ခြံဘက်ကို ပြန်ပြေးသွားကြပြီး စကွီလာကို သွားပြောပြကြတယ်။ ကလိုဗာရယ် မြည်းအိုကြီး ဘင်ဂျမင်ရယ်သာ ဘောက်ဆာဘေးမှာ နေခဲ့ကြတယ်။ ဘင်ဂျမင်ကတော့ ထုံးစံအတိုင်း စကားမပြောဘဲ သူ့အမြီးရှည်ကြီးနဲ့ ဘေးနားက ယင်ကောင်တွေကို မောင်းနေလေရဲ့။ ဆယ့်ငါးမိနစ်လောက်နေတော့ ဘောက်ဆာအတွက် စိတ်ပူပြီး သနားနေတဲ့ မျက်နှာမျိုးနဲ့ စကွီလာ ရောက်လာတယ်။ စကွီလာက ခေါင်းဆောင်ကြီး နပိုလီယံဟာ ခြံမှာ သစ္စာရှိပြီး ကြိုးစားတဲ့ အလုပ်သမားတစ်ယောက် ခုလိုဖြစ်တာကို အလွန် စိတ်မကောင်းဖြစ်နေပြီး ဘောက်ဆာကို ဝယ်လင်တန်က ဆေးရုံတစ်ရုံမှာ ကုသဖို့ စီစဉ်ထားပြီး ဖြစ်တယ်လို့ ဆိုတယ်။ တိရိစ္ဆာန်တွေက ဒီအကြောင်းကြားတော့ စိတ်မသက်မသာဖြစ်ကြတယ်။ ခြံကထွက်သွားတဲ့ မော်လီနဲ့ စနိုးဘောက လွဲပြီး ဘယ်သူမှ ခုလို လူသတ္တဝါတွေကြားထဲ သွားဖူးတာမျိုး မရှိတဲ့အပြင် နေထိုင်မကောင်း ဖြစ်နေတဲ့ ဘောက်ဆာကိုလည်း လူသတ္တဝါတွေ လက်ထဲ ထည့်လိုက်ရမှာမျိုး မတွေးရဲဘူး။ စကွီလာက ထုံးစံအတိုင်း သူတို့ ကျေနပ်အောင် ပြောလိုက်နိုင်ပါတယ်။ ဝယ်လင်တန်က တိရိစ္ဆာန်ဆေးကု ဆရာဝန်က ဘောက်ဆာ့ ကျန်းမာရေးကို ခု ခြံထဲမှာ လုပ်ပေးနိုင်တာထက် အများကြီး ကျေနပ်လောက်အောင် ကုသပေးနိုင်တယ်လို့ နှစ်သိမ့်တယ်။ နာရီဝက်လောက်နေတော့ ဘောက်ဆာ တစ်ကောင် အခြေအနေ အနည်းငယ် ပြန်ကောင်းလာခဲ့ပါတယ်။ သူ့ခြေထောက်ပေါ် ရပ်ဖို့ မနည်းကြိုးစားလိုက်ပြီးတဲ့နောက် ကလိုဗာနဲ့ ဘင်ဂျမင်တို့ ကောင်းကောင်းမွန်မွန် ခင်းပေးထားတဲ့ အိပ်ယာဆီကို ထော့နင်း ထော့နင်းနဲ့ ပြန်သွားနိုင်ပါပြီ။
နောက်ထပ် နှစ်ရက်လောက်ထိ ဘောက်ဆာက သူ့ အိပ်ယာထဲမှာပဲ နေခဲ့ပါတယ်။ ဝက်တွေက ပန်းရောင်ဆေးရည်တွေကို ဘောက်ဆာအတွက် ယူလာခဲ့ပြီး ကလိုဗာက အစာစားပြီးတိုင်း တစ်နေ့ နှစ်ကြိမ် တိုက်ပါတယ်။ ညနေပိုင်းတွေမှာ ကလိုဗာက ဘောက်ဆာဘေးမှာ လာနေပေးပြီး စကားပြောကူပါတယ်၊ ဘင်ဂျမင်ကတော့ ထုံးစံအတိုင်း ဘောက်ဆာ့အနားမှာ ယင်ကောင်တွေ မနားရအောင် မောင်းပေးနေတာပေါ့။ ဘောက်ဆာက ဖြစ်ခဲ့တာတွေအပေါ် သူ့အတွက် ဝမ်းနည်းပူဆွေးမနေဖို့ ပြောတယ်။ တကယ်လို့များ ပြန်ကျန်းမာလာရင် နောက်ထပ် ၃ နှစ်လောက်တော့ သူနေရအုံးမှာမို့ စားကျက်ကွင်းကြီးဘေးက သူတို့ အငြိမ်းစားခြံကွက်မှာပဲ အေးအေးချမ်းချမ်း နေတော့မယ်လို့ ဆိုတယ်။ အဲ့ဒီအချိန်ကျရင်တော့ သူ့မှာ အပန်းဖြေချိန်တွေ ပိုရလာပြီမို့ စာအုပ်စာပေတွေ လေ့လာရင်း သူ့ အသိဉာဏ် ဒီထက် တိုးတက်အောင် လုပ်နိုင်လိမ့်မယ်လို့ ဘောက်ဆာက
ဆိုတယ်။
ကလိုဗာနဲ့ ဘင်ဂျမင်က အလုပ်ချိန် ပြင်ပမှာသာ ဘောက်ဆာ နားကို လာနိုင်ကြတာမျိုးပါ။
တစ်ရက်မှာတော့ ကုန်တင်လှည်း တစ်စီးက နေ့ခင်း အလုပ်ချိန်အတွင်းမှာပဲ ခြံထဲ ဝင်လာပြီး ဘောက်ဆာကို အိပ်ယာထဲက ခေါ်ထုတ် သွားလိုက်ကြပါပြီ။ ဘင်ဂျမင်တစ်ကောင် လယ်တောခြံဘက်ကနေ အသံကျယ်ကြီးနဲ့ အော်ဟစ် ကဆုန်ပေါက်ပြီး ပြေးထွက်လာတာကို မြင်လိုက်ကြရတဲ့အချိန်မှာ တိရိစ္ဆာန်တွေအားလုံးက ဝက်တွေရဲ့ ညွှန်ကြားမူအောက်မှာ မုန်လာခင်းကို ပေါင်းနှုတ်နေကြရတာပါ။ သူတို့ အနေနဲ့ ဘင်ဂျမင် ခုလို ပြေးလွှားပြီး လှုပ်လှုပ်ရှားရှားဖြစ်နေတာကို မြင်ဖူးကြတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ “ မြန်မြန် လာကြ ခု ချက်ခြင်းလာကြ သူတို့ ဘောက်ဆာကို ခေါ်သွားကြပြီ” လို့ ဘင်ဂျမင်က အော်ဟစ်ပြောလိုက်တယ်။ ဝက်တွေရဲ့ အမိန့်ပေးတာကို စောင့်မနေကြတော့ဘဲ တိရိစ္ဆာန်တွေက လုပ်လက်စ အလုပ်တွေပစ်ပြီး ခြံဘက်ကို ပြန်ပြေးထွက်လာကြတယ်။ ထင်တဲ့အတိုင်းပါပဲ မြင်းနှစ်ကောင်ဆွဲတဲ့ အလုံပိတ် ကုန်တင်လှည်းကြီး တစ်စီး ခြံထဲမှာ ရပ်ထားပါတယ်။ လှည်းဘေးမှာ စာတွေရေးထားပြီး စိတ်မသိုးမသန့် ဖြစ်စရာကောင်းတဲ့ အသွင်အပြင်နဲ့ လူတစ်ယောက်က လှည်းထိပ်မှာ ဦးထုပ်ဝိုင်းတစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းပြီး ထိုင်နေပါတယ်။ ဘောက်ဆာ့ အိပ်ယာမှာတော့ ဘာမှ မရှိတော့ပါ။
တိရိစ္ဆာန်တွေက ကုန်တင်လှည်းကြီးကို ဝိုင်းလိုက်ကြပြီး “ ဂွတ်ဘိုင် ဘောက်ဆာရေ ၊ ဂွတ်ဘိုင်” လို့ နှုတ်ဆက်နေကြတယ်။
“ အရူးကောင်တွေ အရူးတွေ” ဘင်ဂျမင်က မြေကို ခွာနဲ့ ခပ်နာနာ ပေါက်ပြီး အော်တယ် “ အရူးကောင်တွေ လှည်းဘေးမှာ ရေးထားတာ မင်းတို့ မတွေ့ကြဘူးလား “။
အဲ့ဒီတော့မှပဲ တိရိစ္ဆာန်တွေက ခဏတုံ့ဆိုင်းသွားကြတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်။ မြူရီရယ်က စာလုံးတွေကို ဖတ်ဖို့ပြင်တယ်။ ဘင်ဂျမင်က သူ့ကို ဘေးကိုတွန်းဖယ်လိုက်ပြီး တိတ်ဆိတ်နေတဲ့အချိန်မှာ စာကို ဖတ်ပြတယ်။
“ အဲဖရက် ဆင်မ်မွန် , မြင်းသတ်သမား ၊ ကော်ရည်ကျို လုပ်ငန်း ၊ ဝယ်လင်တန်။ သားရည် နှင့် အရိုးမှုန့်မြေဩဇာ၊ တိရိစ္ဆာန်ခြံ ဆောက်လုပ်ရေးအပိုပစ္စည်း “ တဲ့ကွ.. “မင်းတို့ ဒါဘာလည်း နားလည်လား သူတို့ ဘောက်ဆာကို သားသတ်ရုံကို ပို့ဖို့ လုပ်နေတာကွ” ။
အဲ့ဒီတော့မှပဲ ကြောက်ရွံ့တုန်လှုပ်ပြီး ငိုယိုနေတဲ့ အသံတွေ လျှံကြလာတော့တာပေါ့။ ဒီအချိန်မှာပဲ လှည်းဦးမှာ ထိုင်နေတဲ့ လူသတ္တဝါက ကြာပွတ်ကို ဝှေ့ယမ်းပြီး မြင်းနှစ်ကောင်ကို ရိုက်ချလိုက်ချိန်မှာတော့ ကုန်တင်လှည်းက ခပ်သွက်သွက်ပဲ ခြံထဲက ထွက်ခွာသွားပါတယ်။ တိရိစ္ဆာန်တွေ အားလုံးလည်း သံကုန်အော်ဟစ်ပြီး လှည်းနောက်က လိုက်ကြပါတယ်။ ကလိုဗာက အတင်းတွန်းတိုက်ပြီး အမောတကော ပြေးလိုက်နေတဲ့ တိရိစ္ဆာန်အုပ်ရဲ့ ရှေ့ဆုံးကို ရောက်လာပါတယ်။ ကုန်တင်လှည်းကလည်း တော်တော်လေး အရှိန်ရနေပါပြီ။ ကလိုဗာက သူ့ အစွမ်းရှိသမျှ ပြေးလိုက်ဖို့ ကြိုးစားပေမယ့် ထင်သလောက် မမြန်နိုင်ပါဘူး။
“ဘောက်ဆာရေ.. ဘောက်ဆာ.. ဘောက်ဆာ…ဘောက်ဆာ….” လို့ နောက်က အော်ဟစ်ငိုယိုရင်း ကလိုဗာက ပြေးလိုက်တယ်။ သူ့ကို ခေါ်နေတဲ့ ကျယ်ကျယ်လောင်လောင် အသံတွေ ကြားလိုက်ပုံရတဲ့ ဘောက်ဆာဟာ အလုံပိတ် ကုန်တင်လှည်း အနောက်ဘက်က မှန်ကွက်ကလေးမှာ မျက်နှာထွက်ပြရှာပါတယ်။ နှာခေါင်းမှာလည်း အဖြူရောင် အဆင်းလေးနဲ့ပေါ့။
ကြောက်ရွံ့တုန်လှုပ်နေတဲ့ အသံနဲ့ ကလိုဗာက “ ဘောက်ဆာရေ… ထွက်ခဲ့.. မြန်မြန် ထွက်ခဲ့တော့ သူတို့မင်းကို သတ်ကြတော့မယ် “လို့ အော်ဟစ်နေတယ်။ ကျန်တဲ့ တိရိစ္ဆာန်တွေကလည်း ဘောက်ဆာကို “ ထွက်ခဲ့ ဘောက်ဆာရေ.. ထွက်ခဲ့ဟ.. “လို့ ငိုယိုတောင်းပန်နေကြတယ်။ ဒါပေမယ့်လည်း ကုန်တင်လှည်းဟာ အရှိန်တော်တော် ရနေပြီမို့ သူတို့နဲ့ တဖြည်းဖြည်း အလှမ်းဝေးလာနေပါပြီ။ ကလိုဗာ အော်ဟစ်နေတာတွေ ဘောက်ဆာက ကြားလိုက်သလား မသေချာပါဘူး။ ဒါပေမယ့် ခဏအကြာမှာတော့ ဘောက်ဆာဟာ မှန်ကွက်ထဲက မြင်ကွင်းကနေ ပျောက်ကွယ်သွားပြီး ခွာတွေနဲ့ ထုရိုက်ကန်ကြောက်နေတဲ့ အသံတွေ ကုန်တင်လှည်းထဲက ထွက်ပေါ်လာပါတယ်။ အပြင်ကို ထွက်လို့ရဖို့ သူ ရုန်းကန်နေတာပါ။ တစ်ခါတရံ သူ ကန်ကျောက်နေပုံက ကုန်တင်လှည်း တစ်စီးလုံး မီးခြစ်ဆံလုပ်တဲ့ သစ်သားမျှင်တွေလောက် ဖြစ်သွားမယ့်ပုံ ထင်ရတယ်။ ဒါပေမယ့်လည်း သူ့ ခွန်အားတွေက အရင်လိုမှ မဟုတ်တော့ဘဲ။ မကြာမတင်မှာပဲ ကုန်တင်လှည်းထဲက ထုရိုက်သံတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတော့တယ်။ နောက်ဆုံးတော့ တိရိစ္ဆာန်တွေက ကုန်တင်လှည်းကို ဆွဲနေတဲ့ မြင်းနှစ်ကောင်ကို တောင်းပန်တိုးလျှိုးကြပါတယ်။ “ ရဲဘော် တို့ ရဲဘော်တို့ မင်းတို့နဲ့ ဘဝတူ ညီအစ်ကိုတစ်ယောက်ကို သူ့ သေတွင်း တွန်းမပို့ပါနဲ့လား” လို့ ငိုယို တောင်းပန်ကြတယ်။ ဒါပေမယ့်လည်း ဘယ်အခြေအနေ ရောက်နေတယ်ဆိုတာ မသိနားမလည်တဲ့ ငတုံးနှစ်ကောင်က သဘောမပေါက်ပါဘူး။ သူတို့ နားရွက်တွေကို နောက်တွန့်လိုက်ပြီး အလန့်တကြား အရှိန်မြင့် ပြေးထွက်သွားကြပါတယ်။ နှာခေါင်းမှာ အဖြူစင်းကြောင်းနဲ့ အူကြောင်ကြောင် ဘောက်ဆာရဲ့ မျက်နှာဟာ. မှန်ကွက်မှာ ပြန်ပေါ်မလာတော့ပါဘူး။ ခြံရဲ့ ဂိတ်တံခါးကို သွားပိတ်လိုက်ဖို့ကလည်း စဉ်းစားနေတုန်းမှာပဲ အရမ်းနောက်ကျသွားခဲ့ပါပြီ။ ကုန်တင်လှည်းဟာ ခြံ ဂိတ်တံခါးကို ခပ်သွက်သွက်ပဲ ဖြတ်ကျော်သွားခဲ့ပါပြီ။ အဲ့ဒီ အချိန်က စပြီး ဘောက်ဆာကို ဘယ်တော့မှ ထပ်မတွေ့ရတော့ပါ။
သုံးရက်အကြာမှာ ဝယ်လင်တန်က ဆေးရုံမှာပဲ သေချာ ဂရုတစိုက် ကုသပေးနေတဲ့ကြားက ဘောက်ဆာ သေဆုံးသွားကြောင်း ကြေညာချက် ထွက်လာပါတယ်။ စကွီလာက ဒီသတင်းကို ကြေညာပါတယ်။ သူက ဘောက်ဆာရဲ့ နောက်ဆုံးအချိန်ထိ ဘေးမှာ ရှိနေခဲ့တယ်လို့လည်း ဆိုတယ်။
ငိုယိုနေရင်း မျက်ရည်တွေကို သုတ်လက်စ နဲ့ စကွီလာက “ တကယ်ကို စိတ်မကောင်းစရာ မြင်ကွင်းပါဘဲ၊ ငါ သူ့အိပ်ယာဘေးမှာ နောက်ဆုံးအချိန်ထိ အတူရှိနေခဲ့ပါတယ်။ နောက်ဆုံးအချိန်မှာ သူဟာ စကားပြောဖို့တောင် အားမရှိတော့ဘူး၊ သူ ငါ့ကို လေသံလေးနဲ့ အားတင်းပြီး ပြောသွားတာက လေဒဟတ်ကို ပြီးစီးအောင် မဆောက်လုပ်ပေးနိုင်ခဲ့တာကို အရမ်းဝမ်းနည်းတယ် ဆိုတာပဲ “ ရှေ့ကိုသွားကြ ရဲဘော်တို့ တော်လှန်ရေး ခေါင်းစဉ်အောက်ကနေ ရှေ့ဆက်ကြ၊ တိရိစ္ဆာန်ဘုံ သက်တော်ရာကျော် ရှည်ပါစေ၊ ခေါင်းဆောင်ကြီး နပိုလီယံ သက်တော်ရာကျော် ရှည်ပါစေ၊ ခေါင်းဆောင်ကြီး နပိုလီယံ အမြဲတမ်း မှန်တယ်” အဲ့ဒီစကားတွေဟာ သူ့ရဲ့ နောက်ဆုံးထွက်သာ နှုတ်ထွက်စကားတွေပဲ ရဲဘော်တို့” လို့ ပြောတယ်။ စကွီလာရဲ့ အမူအရာက ပြောနေရင်းပဲ ရုတ်ချည်းပြောင်းလဲသွားတယ်။ သူ ပြောလက်စ စကားတွေ ခဏရပ်လိုက်ပြီး ပရိတ်သတ်ထဲကို အကြံတစ်ခုခုရှိပုံမျိုးနဲ့ ဝေ့ဝိုက်ကြည့်လိုက်တယ်။ ဘောက်ဆာကို ဆေးရုံပို့တဲ့ ကိစ္စနဲ့ ပက်သက်ပြီး တကယ်ကို ဆိုးရွားပက်စက်တဲ့ ကောလဟလ တစ်ခု ပြန့်နေတာ သူ ပြန်ကြားရကြောင်း ပြောတယ်။ တိရိစ္ဆာန် အတော်များများက ဘောက်ဆာကို သယ်သွားတဲ့ လှည်းဟာ သားသတ်ရုံက လှည်းလို့ ရေးထားတာကို မြင်ထားကြတာမို့ သားသတ်ရုံကိုပဲ ပို့လိုက်ပြီလို့ ထင်နေကြပါတယ်။ သားသတ်ရုံ ပို့တယ်ဆိုတာကို ယုံတဲ့ မိုက်မိုက်မဲမဲ တိရိစ္ဆာန်တွေလည်း ရှိသေးတာပဲလားလို့ စကွီလာက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်တယ်။ ခေါင်းဆောင်ကြီး နပိုလီယံကို အဲ့လောက် ယုတ်ညံ့မယ် အဲ့ဒီ အဆင့်အတန်းပဲ ထင်သလားလို့ မေးခွန်းထုတ်တယ်။ အဖြေက ရှင်းရှင်းလေးပါ။ ကုန်တင်လှည်းက အရင်က သားသတ်ရုံက ပိုင်တာ မှန်ပေမယ့် တိရိစ္ဆာန် ဆရာဝန်က တဆင့် ပြန်ဝယ်ထားတာ ဖြစ်ပြီး နာမည်အဟောင်းကို မဖျက်ရသေးလို့ ခုလို အထင်မှားစရာတွေ ဖြစ်ကုန်တာလို့ စကွီလာက ရှင်းပြတယ်။
ဒီလိုရှင်းပြတာကို ကြားလိုက်မှပဲ တိရိစ္ဆာန်တွေ အားလုံးရဲ့ ရင်ထဲက အလုံးကြီး ကျသွားတော့တယ်။ နောက်ဆက်တွဲ အနေနဲ့ စကွီလာက ဘောက်ဆာ မသေခင် နောက်ဆုံး သက်တောင့်သက်သာ နေသွားရပုံ၊ အားကျစရာကောင်းတဲ့ ဆေးကုသမူ ခံယူရပုံ၊ ဈေးအရမ်းကြီးတဲ့ ဆေးတွေကို ခေါင်းဆောင်ကြီး နပိုလီယံက ဘယ်လောက်ကုန်ကုန် ဆိုပြီး ဝယ်ပေးခဲ့ပုံ စသည်အားဖြင့် မြင်သာထင်သာရှိအောင် ရှင်းပြတဲ့အခါ တိရိစ္ဆာန်တွေက ကျေနပ်သွားကြပါတယ်။ အနည်းဆုံးတော့ သူတို့ ရဲဘော်ရဲဘက်ကြီး ဘောက်ဆာဟာ မသေခင်မှာ သက်တောင့်သက်သာ ပျော်ပျော်ရွှင်ရွှင် သေသွားတာပဲလို့ မှတ်ယူလိုက်ကြပြီး ဝမ်းနည်းနေသမျှ ပျောက်ကုန်ကြပါတယ်။
တနင်္ဂနွေနေ့ရောက်တော့ နပိုလီယံက ဘောက်ဆာနဲ့ ပတ်သက်ပြီး ဂုဏ်ပြုမိန့်ခွန်းပြောပါတယ်။ ဘောက်ဆာရဲ့ ကျန်ရစ်တဲ့ ခန္ဓာကိုယ်ကို ပြန်သယ်ဖို့ မဖြစ်နိုင်ကြောင်းနဲ့ အဲ့ဒီအစား ခြံထဲက ထွက်တဲ့ ပန်းတွေနဲ့ အလှချယ်ထားတဲ့ ပန်းစည်းကို ဘောက်ဆာ အုတ်ဂူမှာ သွားထားဖို့ စီစဉ်ပေးထားကြောင်း ဆိုပါတယ်။ မကြာမတင်မှာပဲ ဝက်တွေက ဘောက်ဆာကို ဂုဏ်ပြုတဲ့ စားသောက်ပွဲတစ်ပွဲ ကျင်းပခဲ့ဖို့ စီစဉ်ထားကြောင်းဆိုပါတယ်။ နောက်တော့ နပိုလီယံက သူ့မိန့်ခွန်းကို ဘောက်ဆာရဲ့ ဆောင်ပုဒ်နှစ်ခု အကြောင်းပြောပြပြီး အဆုံးသတ်လိုက်တာပါ။ ဘောက်ဆာ အမြဲပြောနေကြ “ ငါ ဒီထက် ပိုအလုပ်ကြိုးစားမယ်” ဆိုတာရယ် “ခေါင်းဆောင်ကြီး နပိုလီယံ အမြဲမှန်တယ်” ဆိုတဲ့ တစ်ကိုယ်ရည် ပညတ်တော် နှစ်ခုဟာ တခြား တိရိစ္ဆာန်တွေလည်း လိုက်နာကျင့်သုံးသင့်တယ်လို့ သူက တိုက်တွန်းလိုက်တာပါ။
ဘောက်ဆာ့အတွက် ဂုဏ်ပြု စားပွဲသောက်ပွဲ ကျင်းပမယ့်နေ့ရောက်တဲ့အခါ ဝယ်လင်တန်က ကုန်တင်ကားတစ်စီး ရောက်လာပြီး သစ်သား သေတ္တာ အကြီးကြီး တစ်ခု လာချသွားပါတယ်။ အဲ့ဒီညမှာ အလွန်ကျယ်လောင်တဲ့ ကြွေးကြော်သံတွေ သီချင်းသံတွေနဲ့ ဖန်ခွက်ခြင်း တိုက်သံတွေ ည ၁၁ နာရီထိ ညံနေပါတယ်။ နောက်နေ့ နေ့လည်ကျော်တဲ့ထိ ဘယ် တိရိစ္ဆာန်မှ မနိုးကြသေးပါဘူး။ ဝက်တွေကတော့ သူတို့သောက်ဖို့ နောက်ထပ် ဝီစကီအရက်တွေကို ဘယ်ကဘယ်လို ရမှန်းမသိတဲ့ ပိုက်ဆံတွေနဲ့ ဝယ်လိုက်ကြပြန်ပြီ ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။
အခန်း ၁၀
--------------
နှစ်လတွေ ကြာသွားခဲ့ပါပြီ။ ရာသီတွေလည်း အခါခါ ပြောင်းခဲ့ပြီ။ သက်တမ်းတိုတိုသာ နေကြရတဲ့ တိရိစ္ဆာန်တွေလည်း အများစု မရှိကြတော့ဘူး။ ကလိုဗာ၊ ဘင်ဂျမင် ၊ ကျီးကန်းကြီး မိုးစက်နဲ့ ဝက်တချို့ကလွဲလို့ တော်လှန်ရေးကြီး မတိုင်ခင်က အဖြစ်အပျက်တွေကို သိမှီမှတ်မိတဲ့ တိရိစ္ဆာန်တွေ မရှိတော့ဘူး။
ဆိတ်ကြီး မြူရီရယ် သေသွားပြီ။ ဘလူးလဲ၊ ဂျက်ဆီ နဲ့ ပင့်ချာ တို့လည်း သေပြီ။ နောက်ဆုံး မစ္စတာ ဂျူန်းစ်လည်း သေသွားခဲ့ပြီ။ အင်္ဂလန်ပြည်ရဲ့ တစ်ဘက်ခြမ်းက အရက်ဖြတ်တဲ့ ဂေဟာတစ်ခုမှာပဲ ဆုံးသွားခဲ့တာပါ။ စနိုးဘောကို ဘယ်သူမှ မသိတော့ဘူး။ ဘောက်ဆာကို ကိုယ်တိုင် သိမှီသူတွေကလွဲလို့ အားလုံးက မသိကြတော့ဘူး။ ကလိုဗာဟာ အရိုးအဆစ်တွေ မကောင်းတော့တဲ့ မြင်းအိုမကြီး တစ်ကောင်ဖြစ်သွားပါပြီ။ မျက်လုံးတွေကလည်း မျက်ရည်တွေ အမြဲဝေ့ဝဲနေပြီး အမြင်အာရုံတွေ မကောင်းတော့ဘူး။ ကလိုဗာဟာ အငြိမ်းစားယူရမယ့် နှစ်ကိုလည်း ၂ နှစ်ကျော်လာပါပြီ ၊ ဒါပေမယ့် ဘယ်တိရိစ္ဆာန်မှ အငြိမ်းစားမရကြသေးပါဘူး။ အငြိမ်းစား တိရိစ္ဆာန်တွေအတွက် သီးသန့် စားကျက်မြေနေရာ စီစဉ်ဖို့ ကိစ္စကိုလည်း စကားထဲတောင် ထည့်မပြောကြတော့ဘဲ အမေ့ခံထားလိုက်ကြပါပြီ။ နပိုလီယံဟာ ပေါင်ချိန် ၃၀၀ ကျော် ဝက်သိုးကြီးတစ်ကောင် ဖြစ်လာပါပြီ။ စကွီလာဟာ အင်မတန် ဝ လာပြီးတဲ့နောက် မျက်ပေါက်ကျဉ်းသွားလိုက်တာ သူ့မျက်လုံးတွေက အပြင်ကိုကြည့်ဖို့တောင် ခက်ခက်ခဲခဲ ကြိုးစားနေရပြီ။ ဘင်ဂျမင်တစ်ကောင်သာ အမွှေးအမျှင်တွေ မီးခိုးရောင် ပိုသန်းလာတာကလွဲပြီး မပြောင်းမလဲ ရှိနေပါတယ်။ ဘောက်ဆာ သေပြီးသွားကတည်းက ဝမ်းနည်းနေပုံရပြီး တစ်ကိုယ်တည်း တသီးတသန့်နေလေ့ရှိပါတယ်။
ခြံမှာ တိရိစ္ဆာန်အရည်အတွက်က ဟိုးအရင်တုန်းကလောက် မဟုတ်ပေမယ့် တိုးတက်လာပါတယ်။ တိရိစ္ဆာန် တော်တော်များများက တော်လှန်ရေးပြီးမှ မွေးလာတာမို့ တော်လှန်ရေးကြီး အကြောင်းကို စကားနဲ့သာ လက်ဆင့်ကမ်း မှိန်ပြပြ ကြားဖူးကြပါတယ်။ တချို့ တိရိစ္ဆာန်တွေက တခြားနေရာက ဝယ်ထားတဲ့ ကောင်တွေမို့ ကြားတောင် မကြားဖူးကြပါဘူး။ ခြံမှာ ခုဆို ကလိုဗာအပြင် မြင်းသုံးကောင် ရှိနေပါပြီ။ သူတို့က တကယ် သာမန်တဲ့ ကောင်ကြီးတွေပါ။ အလုပ်လည်း လုပ်ချင်စိတ်ရှိပြီး ရဲဘော်ရဲဘက် ကောင်းတွေပါပဲ ဒါပေမယ့် အရမ်း တုံးကြပါတယ်။ အင်္ဂလိပ် စာလုံးတွေကို အေ ဘီ နှစ်လုံးထက် ပိုသင်လို့မရပါဘူး။ တော်လှန်ရေး နဲ့ ပတ်သက်ပြီး ပြောသမျှ တိရိစ္ဆာန်ဝါဒနဲ့ ပတ်သက်ပြီး ကြားသမျှအကုန် သူတို့ လက်ခံကြပါတယ်။ အထူးသဖြင့် သူတို့ အမေအိုကြီးလို လေးစားရတဲ့ ကလိုဗာ ပြောတာတွေကိုပေါ့။ ကလိုဗာ ပြောသမျှ နားလည်လား မလည်လားတော့ တပ်အပ်မပြောနိုင်ပါဘူး။
ခြံက အရင်ကထက် ပိုအဆင်ပြေ စည်ပင်ဝပြောလာသလို ပိုပြီးလည်း စနစ်ကျလာခဲ့ပါပြီ။ မစ္စတာ ဖီလ်ကင်တန်ဆီကနေ စိုက်ကွင်းကျယ်ကြီး နှစ်ကွင်းကို ဝယ်ယူခဲ့ပြီး ခြံကို ထပ်ချဲ့ထားပါတယ်။ လေဒဟတ်ဟာ နောက်ဆုံးတော့ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပြန်ပါပြီ။ ခြံမှာ ခုဆို ရိတ်သိမ်းစက်တွေအပြင် ကောက်ရိုးထုံးတွေ သယ်ပို့နိုင်တဲ့ စက်တွေပါ ပိုင်ဆိုင်လာပါပြီ။ အဆောက်အဦး အသစ်တွေလည်း အများကြီး တိုးလာပါတယ်။ မစ္စတာ ဝင်ပါက နောက်ထပ် မြင်းလှည်းတစ်စီး ထပ်ဝယ်ထားပါတယ်။ လေဒဟတ်ကတော့ မူလ စီစဉ်ထားသလို လျှပ်စစ်ထုတ်လုပ်တဲ့ နေရာမှာ မသုံးပဲ ပြောင်းဖူးတွေ အမှုန့်ကြိတ်တဲ့ နေရာမှာ အသုံးချလိုက်တာ အမြတ်အစွန်း တော်တော်ကျန်ပါတယ်။ တိရိစ္ဆာန်တွေကတော့ နောက်ထပ် လေဒဟတ် တစ်လုံး ထပ်ဆောက်တဲ့ နေရာမှာ အလုပ်ကြမ်းတွေနဲ့ ရုန်းကန်ကြရပြန်ပါတယ်။ ဒီတစ်လုံးပြီးရင်တော့ ဒိုင်နမိုတွေတပ်မယ် ပြောတာပါပဲ။ ဒါပေမယ့်လည်း စနိုးဘော အရင်က ပြောခဲ့သလို လေဒဟတ်ပြီးသွားရင် ဇိမ်ကျကျနဲ့ အိပ်ရမယ့် အပူပေးထားတဲ့ အိပ်ယာတွေ အကြောင်း ၊ ရေပူ ရေအေးတွေအကြောင်း၊ တစ်ပတ်လုံးမှ ၃ ရက်ပဲ အလုပ်လုပ်ရမယ် ဆိုတာတွေကိုတော့ ဘယ်သူမှ မပြောကြတော့ပါဘူး။ နပိုလီယံက အဲ့ဒီ အကြံအစည်တွေဟာ တိရိစ္ဆာန်ဝါဒနဲ့ ဆန့်ကျင်နေတယ်လို့ သတ်မှတ်လိုက်လို့ပါ။ တကယ့် ပျော်ရွှင်မူ အစစ်က အလုပ်ကို ကြိုးကြိုးစားစားလုပ်ကြပြီး ချွေချွေတာတာ နေတဲ့ ဘဝနေနည်းသာ ဖြစ်တယ်လို့ သူက ပြောတယ်။
ဘယ်လိုနေနေ ခြံထဲက တိရိစ္ဆာန်တွေကသာ မကြီးပွားလာတာ တိရိစ္ဆာန်ဘုံကြီးကတော့ တဖြည်းဖြည်း ကြွယ်ဝလာနေတာတော့ အမှန်ပဲ။ ခွေးတွေ ဝက်တွေ အတွက်ဆို ပိုမှန်မယ်။ ခွေးတွေ ဝက်တွေ အရမ်းများနေတာကြောင့်လည်း တခြား တိရိစ္ဆာန်တွေ မကြီးပွားတာ တစ်ကြောင်းပေါ့။ ဒီကောင်တွေက အလုပ်မလုပ်ကြတာတော့ မဟုတ်ပါဘူး။ စကွီလာဆိုရင် တခြားတိရိစ္ဆာန်တွေကို ရှင်းပြရတဲ့အလုပ်ကို မရပ်မနားလုပ်တယ်၊ ခြံမှာ အစုအဖွဲ့တွေ စုပြီး ညွှန်ကြားတဲ့ အလုပ်ကိုလည်း သူက လုပ်တယ်။ သူ လုပ်တဲ့ အလုပ်တော်တော်များများက တခြား တိရိစ္ဆာန်တွေ ဉာဏ်မမှီတဲ့ အလုပ်မျိုးတွေပေါ့။ ဥပမာ ဝက်တွေအနေနဲ့ ဖိုင်တွဲတွေ အစည်းအဝေး မှတ်တမ်းမှတ်ရာတွေ အစီရင်ခံစာတွေ ရေးတဲ့ အလုပ်မှာ အားစိုက်လုပ်ကြရမယ်လို့ ဆိုတယ်။ ဒါတွေက စာရွက်အရှည်ကြီးတွေပေါ်မှာ သေသေချာချာ စာရေးသားရတဲ့ အလုပ်ပေါ့။ ဒီစာရွက်တွေမှာ စာတွေနဲ့ ပြည့်သွားပြီဆိုရင်တော့ မီးရှို့ ဖျက်ဆီးလိုက်ကြပြန်ရော။ ဒီအလုပ်ဟာ ခြံထဲက အလုပ်တွေထဲမှာ အရေးအကြီးဆုံး အလုပ်ဖြစ်တယ်လို့ စကွီလာ ပြောတယ်။ ဘယ်လိုနေနေ အရည်အတွက် အများကြီးရှိနေတဲ့ ခွေးတွေနဲ့ ဝက်တွေဟာ ခြံရဲ့ စားနပ်ရိက္ခာထုတ်လုပ်မူမှာ ကိုယ်တိုင် ပါဝင်တာ ဘာမှ မရှိဘဲ စားကောင်း သောက်ကောင်းတွေတော့ စားနိုင်ကြတယ်။
တခြား တိရိစ္ဆာန်တွေအတွက်တော့ သူတို့ဘဝတွေက ဘယ်တုန်းကမှ အပြောင်းအလဲမရှိခဲ့ဖူး။ အရင်လိုပဲ သူတို့ ဆာလောင်နေကြရတယ်။ ကောက်ရိုးခင်းမှာ အိပ်ရတယ်။ သောက်ရေကန်မှာပဲ ရေသွားသောက်ရတယ်။ စိုက်ခင်းတွေထဲမှာ သူတို့ လုပ်အား အကုန်သုံးရတယ်။ ဆောင်းမှ သေလုမတတ် အေးခဲပြီး နွေမှာကြ ယင်ကောင်တွေက ဒုက္ခပေးပြန်ရော။
အသက်အကြီးဆုံး တိရိစ္ဆာန်တွေက လက်ရှိ အခြေအနေဟာ တော်လှန်ရေး အစ မစ္စတာ ဂျူန်းစ်ကို မောင်းထုတ်လိုက်တုန်းက အခြေအနေထက် ပိုကောင်းသလား ဆိုးသလားဆိုတာကို နှိုင်းယှဉ်ကြည့်တယ်။ သူတို့ မှတ်ဉာဏ်ထဲ ပေါ်သမျှ ဖြစ်ညှစ် ကြိုးစား အဖြေရှာကြည့်ကြသေးတယ်။ သူတို့ မမှတ်မိတော့ပါဘူး။ သူတို့မှက စကွီလာ အလျင်းသင့်သလို ထုတ်ထုတ်ပြတတ်တဲ့ စာရင်းဇယား အကောင်းစားကြီးတွေက လွဲလို့ နှိုင်းယှဉ်စရာ မှတ်တမ်းမှတ်ရာတွေ မရှိပါဘူး။ ဒီ အခြေအနေကို တိရိစ္ဆာန်တွေက ဘယ်လိုမှ မကျော်လွှားနိုင်ကြပါ။ ဒီ စာရင်းဇယားတွေကို သုံးသပ်နေဖို့လည်း သူတို့မှာ အချိန်မရှိကြပါဘူး။ မြည်းအိုကြီး ဘင်ဂျမင် တစ်ကောင်သာ သူ့ဘဝ အရှည်ကြီးကို အစအဆုံး မှတ်မိပါတယ်။ ဘင်ဂျမင်ကတော့ သူတို့ ဘဝတွေဟာ အရင်တုန်းကထက်လည်း မဆိုးသလို ပိုလည်း ကောင်းမလာဘူးလို့ ဆိုတယ်။ ဆာလောင်တာ ၊ ပင်ပန်းဆင်းရဲ အလုပ်လုပ်ရတာနဲ့ စိတ်ပျက်အားငယ်ရတာတွေကိုက ဘဝရဲ့ ပြောင်းလဲလို့ မရတဲ့ နိယာမတွေတဲ့။
ဒါပေမယ့်လည်း တိရိစ္ဆာန်တွေက သူတို့ မျှော်လင့်ထားတဲ့ ဘဝကို အားမလျော့ကြသေးပါဘူး။ ခုချိန်ထိ တိရိစ္ဆာန် ဘုံမှာ နေရတဲ့ ဘဝဟာ ဂုဏ်သိက္ခာ ရှိတဲ့ ဘဝလို့ သူတို့ ခံစားရပါတယ်။ တိရိစ္ဆာန်တွေ ကိုယ်တိုင် အုပ်ချုပ်စီမံတဲ့ ဒီလိုနေရာမျိုး အင်္ဂလန်ပြည်ကြီး တစ်ခုလုံးမှာ တိရိစ္ဆာန်ဘုံ တစ်ခုသာ ရှိပါတယ်။ သူတို့အပြင် ခြံမှာ ခုမှ မွေးတဲ့ အကောင်ပေါက်တွေ ၊ မိုင်နှစ်ဆယ် ဝေးတဲ့ နေရာကနေ မနေ့တနေ့ကမှ ဝယ်လာတဲ့ကောင်တွေက အစ ဒီအတိုင်းပဲ ခံယူကြပါတယ်။ အလံတိုင်က အစိမ်းရောင် အလံတလူလူ လွင့်ပြီး သေနတ် ပစ်ဖောက်သံ ကြားလိုက်ရချိန်တိုင်းမှာ သူတို့ ခေါင်းတွေကို မော့ပြီး ဂုဏ်သိက္ခာ ရှိရှိ နေရတဲ့ ဘဝကို ခံစားကြရပါတယ်။ ပြီးရင်တော့ ယခင် ရွှေထီးဆောင်းခဲ့တဲ့ နေ့တွေအကြောင်း စမြုံပြန်ကြတော့တာပဲ ။ မစ္စတာ ဂျူန်းစ်ကို မောင်းထုတ်လိုက်နိုင်တဲ့ အကြောင်းတွေ ပညတ်တော် ၇ ပါး ရေးထိုးနိုင်ခဲ့တဲ့ နေ့တွေနဲ့ ကျူးကျော်သူ လူသတ္တဝါတွေကို အနိုင်ရခဲ့တဲ့ တိုက်ပွဲကြီးတွေ အကြောင်းပေါ့။ သူတို့ အိမ်မက်ကို သူတို့ ဘယ်တော့မှ မစွန့်လွတ်နိုင်ကြပါဘူး။ အိုးမေဂျာ ကြိုတင် နမိတ်ဖတ်ခဲ့တဲ့ တိရိစ္ဆာန်ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်မယ့် အိမ်မက်ပေါ့။ အင်္ဂလန်ပြည်ကြီး တစ်ခွင်လုံးက အစိမ်းရောင် စိုက်ကွင်းတွေတိုင်းမှာ လူသတ္တဝါတွေရဲ့ ခြေရာလက်ရာ လုံးဝမရှိတဲ့ နိုင်ငံတော်ကြီးပေါ့။ တစ်ရက်မဟုတ် တစ်ရက်တော့ ဖြစ်ရမယ်။ သူတို့ သက်တမ်းမှာ မတွေ့လိုက် မမှီလိုက်ရရင်တောင် ဖြစ်တော့ ဖြစ်ရမယ်။ သူတို့က "အင်္ဂလန်က တိရိစ္ဆာန်ကြီးများ
" သီချင်းကိုတောင် ဟိုနား ဒီနား တိုးတိုးတိတ်တိတ် ညည်းနေကြပြီ။ ဘယ်သူမှလည်း အကျယ်ကြီး မဆိုရဲဘူးလေ။ သူတို့ ဘဝတွေက ခက်ခဲကောင်း ခက်ခဲမယ် မျှော်လင့်သလောက် မဖြစ်လာသေးတာလည်း ရှိကောင်းရှိမယ် ဒါပေမယ့် သူတို့က တခြား ခြံက တိရိစ္ဆာန်တွေလို မဟုတ်ဘူး။ သူတို့ ဆာလောင်နေရင်တောင်မှ လူသတ္တဝါတွေက စီမံခန့်ခွဲလို့ မဟုတ်တော့ဘူး သူတို့ ကြိုးစားသလောက် သူတို့အတွက်ပဲ။ ဘယ်တိရိစ္ဆာန်မှာ ခြေ နှစ်ချောင်းနဲ့ မသွားသလို ဘယ်သူ့ကိုမှလည်း ဆရာခေါ်စရာ မလိုဘူး။ တိရိစ္ဆာန်တွေ အားလုံးက ညီတူမျှတူပဲ။
နွေဦးရာသီရဲ့ နေ့တစ်နေ့မှာ စကွီလာက သိုးတွေအားလုံး သူနောက်လိုက်ခဲ့ဖို့ ခေါ်တယ်။ နောက်တော့ ဘုဇပတ်ပင်တွေ တောထနေတဲ့ အရိုင်းမြေနေရာကို ဦးဆောင်သွားခဲ့တယ်။ စကွီလာရဲ့ ညွှန်ကြားမူ အောက်မှာ သိုးတွေက တစ်နေလုံး အဲ့ဒီအပင်က အရွက်တွေကို စားနေခဲ့ကြတယ်။ ညနေစောင်းတော့ စကွီလာ လယ်တောအိမ်ဘက်ကို ပြန်လာခဲ့ပြီး သိုးတွေကိုတော့ ရာသီဥတုက နွေးနွေးလေးမို့ ရောက်နေတဲ့ နေရာမှာပဲ နေခဲ့ကြဖို့ မှာတယ်။ ဒီလိုနဲ့ သိုးတွေလည်း တခြားတိရိစ္ဆာန်တွေရဲ့ မြင်ကွင်းထဲက ပျောက်နေခဲ့ကြပြီး တစ်ပတ်လုံး ဘုဇပတ်တောမှာ နေခဲ့ကြတယ်။ စကွီလာကလည်း တစ်နေလုံးနီးပါး သူတို့နဲ့အတူတူ ရှိနေခဲ့တယ်။ သိုးတွေကို သီချင်းအသစ်သင်ပေးဖို့ လုံခြုံရေးကောင်းပြီး သီးသန့်ဆန်တဲ့ နေရာလိုအပ်တယ်လို့ စကွီလာက ရှင်းပြတယ်။
တခြားတိရိစ္ဆာန်တွေ စိုက်ကွင်းထဲကနေ အလုပ်သိမ်းပြီး ခြံကို ပြန်လာကြတဲ့ ညနေခင်းမှာပဲ သိုးတွေလည်း ပြန်ရောက်လာကြတယ်။ တချိန်ထဲမှာပဲ မြင်းတစ်ကောင်ဆီက ကြောက်လန့်နေတဲ့ ဟီသံကို ကြားလိုက်ကြရတော့ တိရိစ္ဆာန်တွေအားလုံး တုန့်ဆိုင်းသွားကြတယ်။ ဟီသံက ကလိုဗာဆီက ထွက်လာတာပါ။ ကလိုဗာက နောက်တစ်ကြိမ် အလန့်တကြား ထ ဟီလိုက်ပြန်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တိရိစ္ဆာန်တွေအားလုံး ခြံထဲကို ကဆုန်ပေါက်ပြေးဝင်သွားကြပြီး ကလိုဗာ တွေ့ထားတဲ့ အရာကို တွေ့လိုက်ကြရပါတယ်။ ဝက်တစ်ကောင်က ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေတာပါ။
ဟုတ်ပါတယ် အဲ့ဒါ စကွီလာပါ။ လေးဖင့်နေတဲ့ သူ့ ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို ခြေနှစ်ချောင်းထဲနဲ့ ထိန်းနေရတာ အူကြောင်ကြောင်နိုင်ပေမယ့် ခြံထဲမှာ ဟန်ချက်ညီညီ လမ်းလျှောက်သွားနိုင်နေပါတယ်။ ခဏကြာတော့ လယ်တောအိမ်ထဲက တံခါးပေါက်ကနေ ဝက်တွေ ခြေနှစ်ချောင်းပေါ် လမ်းလျှောက်ပြီး တန်းစီ ထွက်လာပါတယ်။ တချို့ ဝက်တွေက တစ်ကောင်ထက် တစ်ကောင် အပြိုင် သူ့ထက်ငှာ ကြည့်ကောင်းအောင် လျှောက်နိုင်ကြပါတယ်။ တချို့ကျတော့ ယိမ်းထိုးနေပြီး အကူ တုတ်ချောင်းရှိရင် ကောင်းမှာလို့ တွေးနေပုံပါပဲ။ နောက်ဆုံးမှာတော့ ကြောက်မက်ဖွယ် ခွေးဆိုးကြီးတွေရဲ့ အသံ၊ အခါတော်ပေး ကြက်မဲရဲ့ တွန်သံတွေ အပြီးမှာ နပိုလီယံ ကိုယ်တိုင် ခန့်ခန့်ညားညားကြီး မတ်တပ်ရပ် ထွက်လာပါတယ်။ ပတ်ဝန်းကျင် ဘယ်ညာကို အာဏာပါဝါအပြည့်ရှိတဲ့ အကြည့်မျိုးနဲ့ ကြည့်ပြီး ထွက်လာတာပါ။ ခွေးဆိုးကြီးတွေကတော့ သူ့ဘေးမှာ ကျေနပ် ခုန်ပေါက်နေကြပါတယ်။
နပိုလီယံက သူ့လက်ထဲမှာ ကြာပွတ်တစ်ချောင်း ညှပ်ထားတယ်။
တချိန်ထဲမှာ တိရိစ္ဆာန်တွေအားလုံး ကြက်သေ သေနေခဲ့ကြတယ်။ အံ့ဩခြင်း၊ ထိန့်လန့်ခြင်းတွေနဲ့ တစ်ကောင်နဲ့တစ်ကောင် ပူးကပ်နေကြပြီး ဝက်တွေ ခြံထဲမှာ ဖြေးဖြေးနှေးနှေး လမ်းလျှောက်သွားနေတာကို ကြည့်နေကြရတယ်။ ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလားလို့တောင် သူတို့ တွေးနေနိုင်ပါတယ်။ အံ့ဩမှင်သက်နေတာတွေ အရှိန်ပြေသွားတဲ့အချိန်မှာ တသက်လုံး ခွေးဆိုးကြီးတွေကို ကြောက်တဲ့စိတ်နဲ့ ဘာဖြစ်ဖြစ် စောဒက မတတ် မဝေဖန်ဘဲ နှစ်ရှည်လများ နေခဲ့ကြပေမယ့် ဒီတစ်ချီမှာတော့ မကျေနပ်ကြောင်း ပြောဖို့ သူတို့ အသံထွက်လုဆဲဆဲ ဖြစ်နေခဲ့ပါပြီ။ ဒါပေမယ့်လည်း အချက်ပေးသံ တစ်ခုအဆုံးမှာ သိုးတွေဆီက ကြောက်ခမန်းလိလိ ကြုံးဝါးသံကြီး ထွက်ပေါ်လာခဲ့ပါပြီ။
“ ခြေလေးချောင်းကောင်း၊ ခြေနှစ်ချောင်းဆို ပိုလို့ကောင်း ၊ ခြေလေးချောင်းကောင်း၊ ခြေနှစ်ချောင်းဆို ပိုလို့ကောင်း ၊ ခြေလေးချောင်းကောင်း၊ ခြေနှစ်ချောင်းဆို ပိုလို့ကောင်း ၊ ခြေလေးချောင်းကောင်း၊ ခြေနှစ်ချောင်းဆို ပိုလို့ကောင်း “
ဒါကို ငါးမိနစ်လောက် မရပ်မနား အော်ဟစ်နေကြတာပါ။ သိုးတွေ အော်ဟစ်လို့အပြီး တခြားတိရိစ္ဆာန်တွေ မကျေနပ်ကြောင်း ပြောတော့မယ့် အချိန်ကျတော့ ဝက်တွေက လယ်တောအိမ်ထဲ ပြန်ဝင်သွားလိုက်ကြပါပြီ။
ဘင်ဂျမင်က သူ့လက်မောင်းကို တစ်ကောင်ကောင် နှာခေါင်းနဲ့ လာတို့တာကို ခံစားမိလိုက်ပါတယ်။ လှည့်ကြည့်လိုက်တော့ ကလိုဗာ ပါ။ ကလိုဗာရဲ့ မျက်လုံးတွေက ထင်ထားတာထက် ရီဝေမှုန်ဝါးနေခဲ့ပြီ။ ကလိုဗာက ဘာစကားမှ မပြောဘဲ ဘင်ဂျမင်ကို လည်ပင်းကနေ အသာအယာ ဆွဲခေါ်သွားပြီး ပညတ်တော် ၇ ပါး ရေးထားတဲ့ နံရံဘက်ကို ထွက်လာခဲ့တယ်။ မီးခိုးစွဲနေတဲ့ နံရံမှာ အဖြူရောင် စာလုံးနဲ့ ရေးထားတာတွေကို တစ်မိနစ် နှစ်မိနစ်လောက် သူတို့ ငေးကြည့်နေကြတယ်။
“ ငါ့မျက်လုံးတွေက မကောင်းတော့ဘူး”လို့ ကလိုဗာက ပြောတယ်။ “ငါ ငယ်ငယ်တုန်းကတောင် အဲ့ဒီနံရံမှာ ဘာတွေရေးထားလဲ မဖတ်နိုင်ဘူး၊ ဒါပေမယ့် ငါ့အထင်တော့ နံရံက စာတွေက အရင်နဲ့မတူသလိုပဲ။ ပညတ်တော် ၇ ပါးက အရင်လို မပြောင်းမလဲ ရှိသေးရဲ့လား ဘင်ဂျမင်” လို့ မေးတယ်။
ဘယ်တုန်းကမှ စာဖတ်ပြလေ့မရှိတဲ့ ဘင်ဂျမင်က ဒီတစ်ကြိမ်တော့ သူ့အကျင့်ကို ချိုးဖျက်လိုက်ပြီး နံရံပေါ်ကစာတွေကို ကလိုဗာအတွက် ဖတ်ပြပေးတယ်။ နံရံပေါ်မှာ ပညတ်ချက် ၁ ပါးက လွဲရင် ကျန်တာတွေက မရှိတော့ပါဘူး။ ရေးထားတာက -
“ တိရိစ္ဆာန်အားလုံးဟာ ညီတူညီမျှပဲ ၊ ဒါပေမယ့် တချို့တိရိစ္ဆာန်တွေက တခြားတိရိစ္ဆာန်တွေထက် ပိုပြီး ညီတူညီမျှရှိကြတယ် ” ဟူ၏။
အဲ့ဒီနောက်တော့ ခြံထဲမှာ ဝက်တွေ ကြာပွတ်ကိုင်ပြီး အမိန့်ပေးနေကြတဲ့ မြင်ကွင်းဟာ ထူးဆန်းတဲ့ ကိစ္စမဟုတ်တော့ပါဘူး။ ဝက်တွေ ရေဒီယိုတစ်လုံး ဝယ်လိုက်တယ်ဟေ့ ဆိုတာကလည်း မထူးဆန်းတော့ဘူး။ ဝက်တွေ ရုပ်မြင်သံကြားစက် တစ်လုံး ဝယ်လိုက်တာလည်း မထူးဆန်းတော့ဘူး။ “ ဂျွန်ဘူးလ်” ၊” တစ်ဘစ် နဲ့ ဒေးလီးမေရာ သတင်းစာ မဂ္ဂဇင်းတွေ လပေးယူလိုက်တာလည်း ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး။ ခေါင်းဆောင်ကြီး နပိုလီယံ ခြံထဲမှာ ဆေးတံကြီးခဲပြီး လျှောက်သွားနေတာလည်း မထူးဆန်းဘူး။ မစ္စတာ ဂျူန်းစ်ရဲ့ အဝတ်ဗီဒိုထဲက အဝတ်တွေကို ဝက်တွေ ထုတ်ဝတ်တာလည်း ဘာထူးဆန်းတော့လို့လဲ။ ခေါင်းဆောင်ကြီး နပိုလီယံဆိုရင် ကုတ်အင်္ကျီအမည်းရောင်နဲ့ အမဲလိုက် သားရည်ပတ် ဘောင်းဘီရှည်နဲ့ ၊ သူ အရေးပေးတာခံရတဲ့ ဝက်မတွေဆိုရင်လည်း မစ္စတာ ဂျူန်းစ် အမျိုးသမီးရဲ့ ပိုးထည်တွေ ဝတ်လို့ ပေါ့။
တစ်ပတ်လောက်နေတော့ ၊ ညနေခင်းတစ်ခုမှာ မြင်းလှည်းတချို့ ခြံထဲ ဝင်လာတယ်။ အနီးအနားခြံတွေက လူသတ္တဝါတွေကို ဖိတ်ကြားထားတာဖြစ်ပြီး တိရိစ္ဆာန်ဘုံရဲ့ အခြေအနေတွေကို လှည့်လည်ပြသဖို့ ဖြစ်ပါတယ်။ ခြံတစ်ခုလုံးကို လှည့်လည်ပြသပြီးတဲ့နောက်တော့ လူသတ္တဝါတွေက ခြံကို အလွန်သဘောကျနေပုံရပြီး ချီးမွမ်းခန်း ဖွင့်နေကြပါတယ်။ အထူးသဖြင့် လေဒဟတ်ကိုပေါ့။ ခြံထဲက တိရိစ္ဆာန်တွေကတော့ မုန်လာဥခင်းထဲမှာ ခေါင်းမဖော်တမ်း အလုပ်ကို ကုန်းရုန်းလုပ်နေကြရတုန်းပါ။ ဝက်တွေကိုပဲ ကြောက်ရမလား လာလည်တဲ့ လူသတ္တဝါတွေကိုပဲ ကြောက်ရမလားဆိုတာတောင် သူတို့ ဝေခွဲမရတော့ပါဘူး။
အဲ့ဒီ ညနေခင်းမှာ လယ်တောအိမ်ထဲကနေ ကျယ်ကျယ်လောင်လောင် ရီမောနေသံတွေ သီဆိုအော်ဟစ်နေသံတွေ ကြားနေရပါတယ်။ ရုတ်တရက် လူတွေနဲ့ ဝက်တွေရဲ့ ရောထွေးနေတဲ့ စကားပြောသံတွေကို ကြားလိုက်ရတော့ ခြံထဲက တိရိစ္ဆာန်တွေမှာ စူးစမ်းချင်စိတ် ဖြစ်နေခဲ့ပါပြီ။ လူသတ္တဝါတွေနဲ့ တိရိစ္ဆာန်တွေ ပထမဆုံးအကြိမ် တန်းတူရည်တူ တွေ့ဆုံနေကြတဲ့နေရာမှာ ဘာတွေဖြစ်ပျက်နေလည်း သူတို့ သိချင်ကြပါတယ်။ တိရိစ္ဆာန်တွေအားလုံး တညီတညွတ်ထဲ လယ်တောအိမ် ရှိရာဆီကို ခြေသံလုံလုံနဲ့ တိတ်တဆိတ် ချဉ်းကပ်လာကြပါတယ်။
လယ်တောအိမ် ခြံစည်းရိုးထိပ်ရောက်တော့ သူတို့ ရပ်လိုက်ကြပါတယ်။ တချို့က အထဲဝင်ဖို့ ကြောက်လန့်နေပေမယ့် ကလိုဗာက ဦးဆောင်ပြီး ဝင်လာခဲ့ပါတယ်။ လယ်တောအိမ်ရှိရာဆီကို ခြေသံခပ်ဖွဖွနဲ့ ချဉ်းကပ်ပြီး ထမင်းစားခန်း ပြတင်းပေါက်နားထိ ရောက်လာကြပါပြီ။ အထဲမှာတော့ စားပွဲရှည် တစ်ခုမှာ ဝိုင်းဖွဲ့ ထိုင်နေတဲ့ လူသတ္တဝါ လယ်သမားတွေနဲ့ ဝက်တွေကို မြင်ရပါတယ်။ နပိုလီယံကတော့ စားပွဲရှည်ရဲ့ ထိပ်ဆုံးက ခေါင်းဆောင်တွေ ထိုင်တဲ့ နေရာမှာ မိန့်မိန့်ကြီး ထိုင်နေပါတယ်။ ဝက်တွေဟာ သူတို့ ထိုင်ခုံတွေပေါ်မှာ သက်တောင့်သက်သာပဲ ထိုင်နေကြပုံပါ။ သူတို့အားလုံး ဖဲကို ပျော်ရွှင်ပြီး ကစားနေကြတုန်းမှာပဲ ခွက်တိုက်ကြဖို့ ခဏ ရပ်လိုက်ကြပါတယ်။ ဘီယာ အပြည့်ထည့်ထားတဲ့ ခရားအိုးကြီး တစ်လုံးနဲ့ လှည့်ပတ်ပြီး မက်ခွက်တွေထဲကို လိုက်ဖြည့်နေပါတယ်။ ဘယ်သူမှ ပြတင်းပေါက်ကနေ အံ့ဩတကြီး ကြည့်နေကြတဲ့ တိရိစ္ဆာန်တွေကို မြင်ကြပုံမရပါဘူး။
ခဏနေတော့ လက်ထဲမှာ ခွက်ကိုင်ထားတဲ့ မစ္စတာ ဖီလ်ကင်တန်က မတ်တပ် ထ ရပ်လိုက်ပါတယ်။ အဲ့ဒီနောက် လက်ရှိ မိတ်ဆုံစားပွဲကို တက်ရောက်လာကြသူတွေနဲ့ ဂုဏ်ပြု ယမကာခွက်တွေ မတိုက်ခင် သူ စကား နည်းနည်းပြောဖို့လိုတယ်လို့ ခံစားရကြောင်း ဆိုပါတယ်။
မစ္စတာ ဖီလ်ကင်တန်က လက်ရှိအချိန်မှာ သူ ကျေနပ်ပျော်ရွှင်မိကြောင်း သူ့လိုပဲ ကျန်တဲ့ သူတွေအားလုံးလည်း ဒီသဘောအတိုင်းပဲ ရှိမယ်လို့ ယုံကြည်ကြောင်း ၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ကာလကြာရှည် မယုံကြည်မူတွေ နားလည်မူလွဲတာတွေဟာ အဆုံးသတ်သွားပြီလို့ ခံစားရကြောင်း ဆိုပါတယ်။ အရင်တစ်ချိန်က ဒီလို စိတ်မျိုး မထားနိုင်ခဲ့ကြောင်း၊ ဘေး အနီးအနားခြံတွေရဲ့ လူသားတွေက တိရိစ္ဆာန်ဘုံ အုပ်ချုပ်သူတွေကို ရန်သူလို သဘောမထားပေမယ့် မယုံသင်္ကာ သံသယစိတ်မျိုးတော့ ထားခဲ့မိကြောင်း။ ကံမကောင်းစွာနဲ့ပဲ မတော်တဆ ဖြစ်ရပ်တွေနဲ့ နားလည်မူလွဲစရာတွေ ဖြစ်ခဲ့ရကြောင်း။ ဝက်တွေ ချုပ်ကိုင်စီမံလည်ပတ်တဲ့ ဘက်စုံစိုက်ပျိုးမွေးမြူရေး ခြံဆိုတာ သူတို့လိုလူတွေအတွက် ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေပြီး ဘေးအနီးအနားက ခြံတွေအပေါ် မလိုလားအပ်တဲ့ သက်ရောက်မူရှိလိမ့်မယ်လို့ စိုးရိမ်ခဲ့ကြကြောင်း။ လယ်သမား တော်တော်များများက သေချာမစုံစမ်းပဲ တိရိစ္ဆာန်ဘုံဟာ စည်းပျက်ကမ်းပျက် စရိုက်နဲ့ လည်ပတ်နေတာလို့ အမှတ်မှားခဲ့ကြကြောင်း။ အဲ့ဒါကြောင့်လည်း လယ်သမားတွေဟာ သူတို့ခြံထဲက အလုပ်သမားတွေနဲ့ တိရိစ္ဆာန်တွေအပေါ်မှာ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှာကို စိတ်ပူနေခဲ့ကြကြောင်း။ ခုတော့ အဲ့ဒီလို စိုးရိမ်မူမျိုး မရှိတော့ကြောင်း။ ဒီနေ့တော့ သူနဲ့အတူ လူသတ္တဝါ လယ်သမားတွေဟာ တိရိစ္ဆာန်ဘုံကို ခေါင်းအစ ခြေအဆုံး လိုက်လံကြည့်ရူပြီးတဲ့နောက် မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာဆိုလို့ ခေတ်မီတဲ့ နည်းပညာတွေရယ်၊ အနယ်နယ်အရပ်ရပ်က လယ်သမားတွေအားလုံး အတုယူသင့်တဲ့ စည်းကမ်းစနစ်ကျမူ အမိန့်နာခံမူတွေ တွေ့ရကြောင်း ဆိုပါတယ်။ သူ့အနေနဲ့ တိရိစ္ဆာန်ဘုံက အခြေခံလုပ်သား အောက်တန်း တိရိစ္ဆာန်တွေဟာ တခြားဘေးခြံတွေကထက် အလုပ်ပိုလုပ်ရပြီး ရိက္ခာခွဲတမ်းရတာ ပိုနည်းကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ သူနဲ့ အတူ ပါလာတဲ့ လယ်သမားတွေဟာလည်း တိရိစ္ဆာန်ဘုံကနေ လေ့လာစရာ နည်းစနစ်တွေ အများကြီး ရရှိခဲ့ကြောင်းနဲ့ သူတို့ ခြံတွေမှာ ချက်ခြင်းအသုံးချဖို့ စိတ်ကူးထားကြောင်း ဆိုပါတယ်။
မစ္စတာ ဖီလ်ကင်တန်က သူ့ မိန့်ခွန်းကို တိရိစ္ဆာန်ဘုံနဲ့ လူသတ္တဝါတွေကြား ခုလိုပဲ မိတ်ဆွေစိတ်နဲ့ ရင်းရင်းနှီးနှီး ရှေ့ဆက်သွားကြဖို့ နောင်မှာလည်း မေတ္တာမပျက်ကြဖို့ အသေးစိတ် ပြောကြားရင်း အဆုံးသတ်ပါတယ်။ လူတွေနဲ့ ဝက်တွေကြားမှာ အကျိုးအမြတ်အတွက် ထိပ်တိုက်တွေ့စရာ မလိုအပ်ကြောင်း။ နှစ်ဖွဲ့စလုံးအတွက် ရုန်းကန်နေရတဲ့ အခက်အခဲက အတူတူသာဖြစ်ကြောင်း။ လုပ်သားပြဿနာ ဆိုတာ ဘယ်ခြံနေနေ ကြုံနေရတဲ့ အခက်အခဲပဲ မဟုတ်လား လို့မေးတယ်။ အဲ့ဒီနောက်တော့ မစ္စတာ ဖီလ်ကင်တန်က သေချာပြင်ဆင်လာပုံရတဲ့ ဟာသတစ်ပုဒ် ပြောဖို့ပြင်နေပုံပါပဲ။ ဒါပေမယ့် အပျော်လွန်ပြီး ပြုံးနေတဲ့ မစ္စတာ ဖီလ်ကင်တန်က ချက်ခြင်း မပြောနိုင်သေးပါဘူး။ အရယ်လွန်နေတဲ့ အတွက် သူ့ရဲ့ အထပ်ထပ်ဖြစ်နေတဲ့ မေးစေ့ကြီး ပြာနှမ်းသွားတဲ့ထိ ချောင်းတွေ ဆိုးပြီးတဲ့နောက်မှပဲ ပြောထွက်ပါတော့တယ်။ “ မင်းတို့ ဝက်တွေမှာလည်း ခေါင်းကိုက်စရာ အခြေခံလုပ်သား အောက်တန်း တိရိစ္ဆာန်တွေနဲ့ ပြဿနာတွေရှိသလို ငါတို့မှာလည်း ခေါင်းခဲစရာ အောက်ခြေလူတန်းစားတွေ ရှိတယ်ကွ” လို့ပြောလိုက်ပါတယ်။ ဒီဟာသက စားပွဲဝိုင်းတစ်ခုလုံးကို ဝက်ဝက်ကွဲ သဘောခွေ့ ရယ်မောစေပါတော့တယ်။ မစ္စတာ ဖီလ်ကင်တန်က ဝက်တွေရဲ့ ရိက္ခာဖြတ်စနစ်၊ အလုပ်ချိန် အကြာကြီး ခိုင်းစေတဲ့စနစ်၊ ဇိမ်ခံအခွင့်အရေးတွေ မပေးဘဲ လိုအပ်သလောက်သာ အခြေခံကျကျ စည်းနဲ့ကမ်းနဲ့ ထားတာတွေကို ထပ်ပြီး ချီးမွှမ်းခန်း ဖွင့်ပါတယ်။
နောက်ဆုံးမှာတော့ မစ္စတာ ဖီလ်ကင်တန်က အားလုံးကို မတ်တပ်ရပ်ဖို့ တောင်းဆိုလိုက်ပြီး ကိုင်ထားတဲ့ ခွက်တိုင်းမှာ ဘီယာတွေ အပြည့်ရှိမရှိ အကဲခတ်ပြီးတဲ့နောက် “ ဂုဏ်သရေရှိ လူကြီးမင်းတို့ မင်းတို့ကို ငါ ဂုဏ်ပြုပါရစေ.. တိရိစ္ဆာန်ဘုံကြီး သာယာဝပြောပါစေ” . လို့ပြောလိုက်တယ်။ ဒီအချိန်မှာပဲ ကြမ်းပြင်ကို ခြေဆောင့်ပြီး အားတက်သရော အောင်ပွဲခံသံတွေ ညံနေပါတော့တယ်။ နပိုလီယံက အကျေနပ်ကြီး ကျေနပ်သွားတော့ ထိုင်ရာက ထလာပြီး မစ္စတာ ဖီလ်ကင်တန်နဲ့ ခွက်ခြင်းတိုက်ခါ အကုန် မော့ချလိုက်ပါတယ်။ ချီးကျူးအောင်ပွဲခံသံတွေ ရပ်သွားချိန်မှာတော့ မတ်တပ်ရပ်နေဆဲ နပိုလီယံက သူလည်း စကားပြောဖို့ရှိကြောင်း ဆိုပါတယ်။
သူ ပြောနေကြ မိန့်ခွန်းတွေလိုပဲ နပိုလီယံက တိုတိုနဲ့ လိုရင်းပဲ ပြောပါတယ်။ သူလည်းပဲ ခုလို နားလည်မူလွဲခဲ့ကြတာတွေ အဆုံးသတ်သွားတဲ့အတွက် ပျော်ရွှင်ရကြောင်း။ ကာလအတော်ကြာ သူနဲ့ပတ်သတ်ပြီး မဟုတ်တမ်းတရား ကောလဟာလတွေကို တချို့ရန်ဘက်တွေက လွှင့်ခဲ့ကြကြောင်း။ သူနဲ့ တိရိစ္ဆာန်တွေဟာ လူတွေကို ဆန့်ကျင်မယ့် တော်လှန်ရေး အတွေးအခေါ်တွေ ရှိသယောင် ပြောဆိုခဲ့ကြကြောင်း။ ဘေးအနီးအနား ခြံက တိရိစ္ဆာန်တွေကိုလည်း ဆန့်ကျင်ဖို့ မြှောက်ပေးတယ်လို့ စွပ်စွဲခံရကြောင်း။ ဒါတွေဟာ အမှန်တရားနဲ့ တခြားစီဖြစ်နေတယ်လို့ နပိုလီယံက ဆိုပါတယ်။ ယခင်ကရော အခုရော သူတို့ ရဲ့ အဓိက လိုလားချက်က ဘေး အနီးအနားခြံတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်ပြီး ပုံမှန်အတိုင်း စီးပွားရေးအရ ဆက်ဆံမူတွေ လုပ်ဖို့ပဲဖြစ်ပါတယ်။ လက်ရှိ သူ စီမံအုပ်ချုပ်နေတဲ့ တိရိစ္ဆာန်ဘုံဟာလည်း အများပိုင်ဖြစ်ကြောင်းဆိုတယ်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ခြံ ပိုင်ဆိုင်မူ စာရွက်စာတမ်းတွေဟာလည်း ဝက်တွေရဲ့ အများပိုင်သာ ဖြစ်ကြောင်း အသိပေးပါတယ်။
နပိုလီယံက ဆက်ပြီး လက်ရှိအချိန်မှာ လူတွေအနေနဲ့ တိရိစ္ဆာန်တွေ အပေါ်မှာ အရင်ကလို သံသယစိတ်တွေ ရှိနေအုံးမယ်လို့ မထင်ကြောင်း။ ဒါပေမယ့်လည်း တိရိစ္ဆာန်တွေအနေနဲ့ ရှိပြီးသား နားလည်ယုံကြည်မူ ပိုအားကောင်းအောင် ခြံက တချို့ဆောင်ရွက်နေကြ ကိစ္စတွေမှာ ပြုပြင်ပြောင်းလဲမူတွေ လုပ်ထားပြီး ဖြစ်ကြောင်းဆိုပါတယ်။ ခုကစပြီး တိရိစ္ဆာန် တစ်ကောင်နဲ့ တစ်ကောင် “ရဲဘော်ရဲဘက်”လို့ ခေါ်နေတဲ့ ကိစ္စကို တားမြစ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ နောက်ထပ် အူတိအူကြောင် အကျင့်တစ်ခုလည်း ဖျောက်လိုက်ပါပြီ။ ဘယ်ကဘယ်လို စ လိုက်မှန်းမသိ တနင်္ဂနွေနေ့တိုင်း အလံတိုင်ဘေးက ဝက် ဦးခေါင်းခွံကို ချီတက် အရိုအသေပေးတဲ့ ကိစ္စပါ။ ဒီကိစ္စကိုလည်း တားမြစ်လိုက်ပြီး ဦးခေါင်းခွံကိုလည်း မြေမြုပ်လိုက်ပါပြီ။ ဧည့်သည်တော်များ အနေနဲ့ အစိမ်းရောင် အလံကိုလည်း သတိထားမိကြမယ်လို့ ထင်ကြောင်း။ သေချာ သတိထားကြည့်ရင် အရင်ကရှိခဲ့တဲ့ အဖြူရောင် ဂျိုနဲ့ ခွာ ပုံကို အလံကနေ ဖယ်ရှားထားပြီမို့ ခုဆိုရင် အစိမ်းရောင် သန့်သန့် အလံပဲ ဆက်လွှင့်တော့မယ်လို့ ဆိုပါတယ်။
နပိုလီယံက မစ္စတာ ဖီလ်ကင်တန်ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ဝေဖန်စရာ တစ်ခုသာ ရှိကြောင်း ဆက်ပြောပါတယ်။ မစ္စတာ ဖီလ်ကင်တန်က သူ့မိန်းခွန်းထဲမှာ ခြံကို တိရိစ္ဆာန်ဘုံလို့သာ ရည်ညွှန်းသွားခဲ့တာကြောင့်ပါ။ တကယ်တော့ နပိုလီယံက တိရိစ္ဆာန်ဘုံဆိုတဲ့ နာမည်ကို ပြောင်းလဲတော့မယ့်အကြောင်း ကြေညာမှာကို သူ မသိခဲ့တာပါဘဲ။ ခုချိန်က စပြီး ခြံရဲ့ နာမည်ကို မူလက ရှိခဲ့တဲ့အတိုင်း “ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံ” လို့ ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။ ဒီ နာမည်ကသာ နဂိုမူလကတည်းက ရှိခဲ့တဲ့ နာမည်လို့ နပိုလီယံက ဆိုပါတယ်။
နပိုလီယံက ဆက်ပြောရာမှာ “ ဂုဏ်သရေရှိ လူကြီးမင်းတို့ ငါလည်း မင်းတို့ကို အရင်တစ်ခါလိုပဲ ဂုဏ်ပြု ယမကာခွက် တိုက်ပါရစေ ဒါပေမယ့် ဒီတစ်ခါတော့ နည်းနည်း အပြောင်းအလဲ ရှိမယ် ၊ မင်းတို့ ခွက်တွေကို ဘီယာ အပြည့်ထည့်ထားလိုက်ပါ ကဲ.. ချလိုက်ကြရအောင် ဘက်စုံ စိုက်ပျိုးမွေးမြူရေး ခြံကြီး သာယာဝပြော ပါစေ” ဟူ၏။
အရင်တစ်ခေါက်လိုပဲ ချီးကျူးထောပနာသံတွေ ညံနေပါတယ်။ ခွက်တွေလည်း အားလုံး အပြောင်ပါပဲ။ အပြင်က ကြည့်နေတဲ့ တိရိစ္ဆာန်တွေအတွက်တော့ အရာရာဟာ ထူးဆန်းနေခဲ့ပါပြီ။ ဝက်တွေရဲ့ မျက်နှာပေါ်မှာ ပြောင်းလဲသွားတဲ့ အရာတွေက ဘာတွေလဲ ။ ကလိုဗာရဲ့ မှုန်ဝါးနေတဲ့ မျက်လုံးအစုံက ဝက်တွေရဲ့ မျက်နှာတွေကို တစ်ကောင်ပြီး တစ်ကောင် လိုက်ကြည့်နေမိတယ်။ တချို့ ဝက်တွေက မေး ငါးထပ် တစ်ချို့ လေးထပ် သုံးထပ် ဖြစ်နေပြီ။ ဒါပေမယ့် ဝက်တွေရဲ့ မျက်နှာပေါ်မှာ တကယ် ပြောင်းလဲသွားတာက ဘာလဲ ? ။ နောက်တော့ ဩဘာပေးသံတွေ ငြိမ်သက်သွားပြီး သူတို့ ကစားလက်စ ဖဲချပ်တွေကို ပြန်ကိုင်လိုက်ကြပါတယ်။ ပြတင်းပေါက်က တိရိစ္ဆာန်တွေလည်း တိတ်တဆိတ် ပြန်လည်ထွက်ခွာလာကြပါတယ်။
လယ်တောအိမ်ကနေ ကိုက် ၂၀ လောက်ပဲ လျှောက်လာရသေးချိန် သူတို့ ပြန် ရပ်တန့်သွားကြပြန်ပါတယ်။ လယ်တောအိမ်ထဲက ကျယ်ကျယ်လောင်လောင် အသံတွေ ပြန်ထွက်လာလို့ပါ။ သူတို့ ပြတင်းပေါက်ဆီကို အပြေးအလွှား ချည်းကပ်သွားကြပြန်ပါတယ်။ အထဲမှာ ရုန်းရင်းဆန်ခတ် ငြင်းခုန်နေကြတာပါ။ အော်ဟစ်သံ ၊ ငြင်းခုန်သံတွေနဲ့ စားပွဲတွေကို ထုရိုက်နေကြပြီး တစ်ယောက်နဲ့ တစ်ယောက် သံသယ မျက်လုံးတွေနဲ့ စူးစူးရဲရဲ ကြည့်နေကြပါတယ်။ ပြဿနာ အရင်းခံက မစ္စတာ ဖီလ်ကင်တန်နဲ့ နပိုလီယံ ဆီက စ တာပါ။ သူတို့ နှစ်ယောက်လုံးက ဖဲထုတ်ထဲမှာ တစ်ချပ်ထဲရှိရမယ့် စပေ့ ၁ ဖဲချပ်ကို တစ်ပြိုင်ထဲ ထုတ်ကစားလိုက်မိကြတာကိုး။
လူသတ္တဝါ ခြောက်ယောက်နဲ့ ဝက် ခြောက်ကောင်က ဒေါသတကြီး အော်ဟစ်ငြင်းခုန်နေကြတာ တစ်ယောက်နဲ့တစ်ယောက် ခွဲခြားမရအောင် တူနေပါတော့တယ်။ ဒီအချိန်မှာတော့ ဝက်တွေရဲ့ မျက်နှာပေါ်က ပြောင်းလဲသွားတဲ့အရာတွေဟာ ဘာတွေလည်းဆိုတာ မေးခွန်းထုတ်စရာ မလိုတော့ပါဘူး။ ပြတင်းပေါက်အပြင်က တိရိစ္ဆာန်တွေဟာ ဝက်တွေကိုကြည့်လိုက် လူသတ္တဝါတွေကိုကြည့်လိုက် ၊ လူတွေကို ကြည့်လိုက် ဝက်တွေကို ကြည့်လိုက်နဲ့ ဖြစ်နေကြပါတယ်။ ဒါပေမယ့် ဘယ်သူက လူသတ္တဝါ ဘယ်သူက ဝက်တိရိစ္ဆာန်ဆိုတာကို ဝေခွဲဖို့တော့ မဖြစ်နိုင်တော့ပါဘူး နောက်ကျသွားခဲ့ပါပြီ။
ပြီးပါပြီ။

Comments
Post a Comment