ဆင်တစ်ကောင်ကို ပစ်သတ်လိုက်ခြင်း (ဂျော့အိုဝဲလ် ၁၉၃၆ )

SHOOTING AN ELEPHANT ( George Orwell 1936 )
ဆင်တစ်ကောင်ကို ပစ်သတ်လိုက်ခြင်း (ဂျော့အိုဝဲလ် ၁၉၃၆ )
=============================================
အောက်မြန်မာပြည် ၊ မော်လမြိုင်မှာ ကျွန်တော့်ကို လူတော်တော်များများက မုန်းကြပါတယ် ၊ တစ်သက်မှာတစ်ခါ လူအများ ဝိုင်းမုန်းခံရလောက်အောင် အရေးပါ အရာရောက်ခဲ့ရတာမျိုးပါ။ ဆိုးဆိုးရွားရွား မဟုတ်ပေမယ့် ဥရောပသားတွေဆို မျက်မုန်းကျိုး မကြည်မလင် အဆိုးမြင်နေတဲ့ အဲ့ဒီ မြို့ရဲ့ ရဲအရာရှိအဖြစ် ကျွန်တော် တာဝန်ယူခဲ့ရချိန်ပေါ့ ။ ဘယ်သူမှ ဆူပူအုံကြွ သူပုန်ထရဲလောက်တဲ့ သတ္တိမျိုး မရှိပေမယ့် ဥရောပတိုက်သူ အမျိုးသမီးတစ်ဦး ဈေးထဲကို တစ်ယောက်တည်း လျှောက်လာတာမျိုးဆိုရင်တော့ ဂါဝန်ကို ကွမ်းတံထွေးနဲ့ လှမ်းထွေးတာမျိုး လုပ်ခံရဖို့ သေချာသလောက်ပဲ။ ရဲ အရာရှိဖြစ်တဲ့ ကျွန်တော့်မှာတော့ ပိုဆိုးတာပေါ့ဗျာ အခွင့်အရေးရတိုင်း ဗျင်းဖို့ ပစ်မှတ်ထားခံနေရတဲ့ သားကောင် တစ်ကောင်လို ခံစားနေရတယ်။ တခါတလေ ဘောလုံးပွဲမှာ ခပ်သွက်သွက် ဗမာတစ်ယောက်က ကျွန်တော့်ကို ခြေထိုးခံလိုက်ပြီး လဲကျသွားအောင် လုပ်လိုက်တာမျိုးဆို ဒိုင်(သူလည်းဗမာပဲ) က မမြင်ချင်ယောင်ဆောင် တခြားဘက် လှည့်သွားတာမျိုးလည်း ကြုံရတယ် ။ ဘေးက ပွဲကြည့်ပရိတ်သတ် ဗမာတွေကလည်း ဟက်ဟက်ပက်ပက် လှောင်ပြောင် ရီမောကြတော့တာပေါ့ခင်မျာ။ ဒါမျိုးက တစ်ကြိမ်တစ်ခါမကဘူး။ ဒီ အဝါရောင် မျက်နှာနဲ့ လူတွေရဲ့ တွေ့သမျှနေရာ စော်ကားမော်ကား အော်ဟစ်လှောင်ပြောင်တာ ခံရဖန်များတော့ လူက ရူးချင်သလိုတောင် ဖြစ်ဖြစ်လာတယ်။ အဲဒီထဲမှာ ရဟန်းပျိုတွေက အဆိုးဆုံးပဲ။ မြို့မှာ အရေအတွက် ထောင်ချီပြီး ရှိမယ့် ဒီရဟန်းတွေက တွေ့သမျှ လမ်းထောင့်တွေမှာ ရပ်ပြီး ဥရောပတိုက်သားတွေကို လှောင်ပြောင်နေတာကလွဲလို့ ဘာအလုပ်မှ မယ်မယ်ရရ ရှိပုံမပေါ်ဘူး ။
ဒီအခြေအနေကြီးက
ကျွန်တော့်အတွက် နားလည်ရခက် အူတိအူကြောင်နဲ့ အတော်စိတ်ပျက်စရာပဲ။ တကယ်တမ်းတော့ ကျွန်တော်ဟာ
တိုင်းပြည်တပြည်က တခြားတိုင်းပြည်တစ်ခုကို နိုင်လိုမင်းထက် အနိုင်ကျင့် လွှမ်းမိုး
အုပ်ချုပ်တဲ့ ကိုလိုနီစနစ်ကြီးကို မကောင်းဆိုးရွားတစ်ကောင်လို
ရွံရှာမုန်းတီးနေပြီး ဒီအလုပ်က မြန်မြန်ထွက်နိုင်လေ ငါ့အတွက်ကောင်းလေလို့
သဘောထားနေတဲ့အချိန်ဗျာ။ သဘောတရား ရေးရာအရ ဗမာတွေဟာ သူတို့ကို ဖိနှိပ်နေတဲ့
အင်္ဂလိပ်တွေကို ဆန့်ကျင့်တာ မှန်တယ်လို့ တိတ်တိတ်လေး ထောက်ခံနေတဲ့အချိန်ပေါ့ဗျာ။
ကျွန်တော် လုပ်နေရတဲ့ အလုပ်ကိုတော့ ကျွန်တော် ရှင်းပြတတ်တာထက် ပိုမုန်းတီးတယ်။
ကျွန်တော့်အလုပ်က ဒီ နေမဝင် အင်ပါယာကြီးရဲ့ နိုင်လိုမင်းထက် လုပ်တာတွေကို
အနီးကပ်မြင်ရတဲ့ နေရာမျိုးလေ။ ဖိနှိပ်ညင်းဆဲခံထားရတဲ့ အချုပ်သားတွေ နံစော်နေတဲ့ အချုပ်ခန်းထဲမှာ
ပြွတ်သိပ် တိုးဝှေ့နေရတာကို မြင်တဲ့အခါ၊ ဝါးခြမ်းပြားနဲ့ ရိုက်နှက်ခံထားရလို့
အမာရွတ်အထပ်ထပ်နဲ့ တင်ပါးတွေကို မြင်ရတဲ့အခါ ကိုယ့်ကိုကိုယ် မလုံမလဲ
အပြစ်ရှိတယ်ဆိုတဲ့ ဖိအားကြီးကြီးမားမားကို မချိမဆန့် ခံစားနေရတာပါ။
ကိုယ်ရောက်နေတဲ့ နေရာကို ဘယ်လို နားလည်လက်ခံရမလဲဆိုတာ မဝေခွဲတတ်အောင်ပဲ။
ကျွန်တော်ဟာ ငယ်ရွယ်ပြီး ပညာရည် မတောက်တခေါက်ဘဲရှိနေတုန်းမှာ အရှေ့တိုင်းကို ရောက်လာကြတဲ့
အင်္ဂလိပ်လူမျိုးတွေ ဖြစ်နေကြအတိုင်းပဲ ကိုယ့်ပြဿနာတောထဲက ကိုယ်ထွက်ဖို့
တိတ်တဆိတ်ပဲ ကြိတ်မှိတ် ဖြေရှင်းနေခဲ့ရပါတယ်။ ကျွန်တော်ဟာ ဗြိတိသျှ နေမဝင်
အင်ပါယာကြီး ပြိုလဲနေပြီဆိုတာကိုတောင် မသိသလို ဒီထက် ပိုဆိုးမယ့် အင်ပါယာ
အသစ်လေးတွေ ပေါ်လာတော့မယ်ဆိုတာလည်း သတိမထားမိခဲ့ပါဘူး။ ကျွန်တော်သိတာကတော့ ကိုယ်
တာဝန်ထမ်းဆောင်နေရတဲ့ အင်ပါယာကြီးအပေါ် မုန်းတီးမူရယ် ၊ ကျွန်တော့် အလုပ်တွေ
ကောင်းကောင်းလုပ်မရအောင် ဆန့်ကျင်နေကြတဲ့ ဉာဉ်မကောင်းသော အနှီ သတ္တဝါလေးတွေကို
ထွက်တဲ့ ဒေါသ နှစ်ခုကြားမှာ ကျွန်တော် ကြားညှပ်နေတာကိုပါပဲ။ တဖက်မှာ ဒေသခံလူထုကို
ဖိနှိပ်ကျွန်ပြုထားတဲ့ ဒီ စက်ဆုပ်စရာ အင်ပါယာကြီးကို မနှစ်မြို့သလို တဖက်မှာလည်း
ဒီရဟန်းပျိုတွေက် သေနတ်ထိပ်က ဘက်နက်(Bayonet)နဲ့ ထိုးခွဲလိုက်ရတာ အတော်
စိတ်ကျေနပ်စရာကောင်းမှာပဲလို့ တွေးမိတဲ့အထိ ဖြစ်နေခဲ့ရတယ်။ ဒါဟာလည်း ကိုလိုနီ
စနစ်ဆိုးရဲ့ မထူးဆန်းတဲ့ အဖြစ်လို့ မှတ်ရမှာပါပဲ။ ခင်များ တွေ့တဲ့ အရာရှိ
တစ်ယောက်ယောက်ကို တာဝန်ချိန်ပြင်ပမှာ မေးစမ်းကြည့် ဒီသဘောပဲ ပြောလိမ့်မယ်။
တစ်ရက်တော့ မထင်မှတ်တဲ့
အဖြစ်အပျက်တစ်ခုကနေ ခေတ်ရဲ့ အခြေအနေမှန်ကို ပိုပြီး သိသာမြင်သာ ရိပ်စားမိဖို့
ဖြစ်လာခဲ့တယ်။ မတော်တဆ အဖြစ်အပျက် သေးသေးလေး တစ်ခုကပဲ ဒီ ကိုလိုနီ စနစ်ဆိုးကြီးနဲ့
အစိုးရဆိုးတွေ ဘာကြောင့် ဘယ်လို ဖိနှိပ် လည်ပတ်နေသလဲဆိုတာကို အနီးကြည့်
ထိတွေ့ခွင့်ရလိုက်တာမျိုးပါ။ တစ်နေ့ မြို့တစ်ဖက်ခြမ်း ရဲစခန်းက အထောက်တော်
တစ်ယောက်က ကျွန်တော့်ဆီကို ဖုန်းဆက်လာပြီး ရပ်ကွက်ဈေးတစ်ခုမှာ ဆင် တစ်ကောင်
သောင်းကျန်းနေကြောင်း သတင်းပို့တယ်။ ကျွန်တော့်ကို လာကြည့်ပြီး တစ်ခုခု
လုပ်ပေးနိုင်မလားလို့လည်း ပြောလာတယ်။ ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ သေချာမသိပေမယ့်
အခြေအနေကို သိချင်လာတာကြောင့် မြင်းစီးပြီး ထွက်လာခဲ့ပါတယ်။ ဆင်တစ်ကောင်ကို
အသေပစ်ဖို့ မဖြစ်နိုင်ပေမယ့် ခြောက်လန့်ဖို့လောက်တွေးပြီး ဝင်ချက်စတာ ရိုက်ဖယ်
အဟောင်းတစ်လက်ကိုလည်း ယူလာခဲ့တယ်။ လမ်းမှာတွေ့တဲ့ ဗမာတွေကလည်း ကျွန်တော့်ကို
သောင်းကျန်းသွားတဲ့ ဆင်အကြောင်း ပြောကြပါတယ်။ တကယ်တော့ ဆင်က တောဆင်ရိုင်းမဟုတ်ဘဲ အယဉ်ဖြစ်ပြီး
စိတ်ဖောက် မှုန်ယိုသောင်းကျန်းတဲ့ သဘောမျိုး သိလိုက်ရတယ်။ ရှေ့တစ်ရက် ညကဘဲ ဆင်ဟာ
ချိန်းကြိုးချီထားတဲ့ ကြားက လွတ်ထွက်သွားခဲ့လို့ ဆင်ဦးစီးက လိုက်ရှာနေခဲ့ပေမယ့် နေရာမှား
ရှာမိတာကြောင့် ခုဆို ၁၂ နာရီလောက် သွားရတဲ့ထိ ဝေးတဲ့ နေရာရောက်နေချိန် ဆင်က
မြို့ထဲမှာ ပြန်ပေါ်လာပါလေရာ။ ဗမာတွေဆီမှာ ဘာလက်နက်မှ မရှိတော့ ကူကယ်ရာမယ့်နေချိန်
ဆင် က ဝါးတဲ တစ်တဲကို ဖျက်ဆီးပြီးပြီ။ ဈေးထဲက သစ်သီးတန်းကိုလည်း မွှေ၊ ရှိသမျှ
အသီးအနှံ အကုန်စားပြီးတဲ့အပြင် အမှိုက်သိမ်းကားမောင်းတဲ့လူ ထွက်ပြေးတဲ့အချိန်
ကျန်ခဲ့တဲ့ ကားကိုလည်း ပြောင်းပြန်လှန် ကောင်းကောင်း သောင်းကျန်းပြီးနေပြီ။
ဆင်
ကိုတွေ့လိုက်တယ်ဆိုတဲ့ ရပ်ကွက်ထဲမှာ ဗမာအထောက်တော်နဲ့ အိန္ဒိယ ရဲတပ်သားတွေက
ကျွန်တော့်ကို စောင့်နေခဲ့ကြတာပေါ့။ အတော်လေးကို ဆင်းဆင်းရဲရဲ ရပ်ကွက်လေးတစ်ခုပါ။
အတော်အတန်မတ်တဲ့ တောင်စောင်းလေးမှာ ထန်းလက်မိုး ဝါးတဲလေးတွေ ကြပ်ညပ် ကွေ့ဝိုက်ပြီး
ဝင်္ကပါလိုဖြစ်နေတဲ့ အရပ်လို့ပြောရမယ်။ အဲ့ဒီနေ့က မိုးရာသီရဲ့ အစမို့ တိမ်ထူထူနဲ့
ညို့မှိုင်းမှိုင်းဖြစ်နေတာတော့ မှတ်မိတယ်။ ကျွန်တော်တို့ အဖွဲ့က ဆင် ဘယ်ဘက်ကို
သွားလိုက်သလဲလို့ လိုက်မေးတဲ့အချိန် ထုံးစံအတိုင်းပဲ မရေမရာအဖြေတွေပဲ ပြန်ရခဲ့ပါတယ်။
ဒါကလည်း အရှေ့တိုင်းမှာ ဖြစ်ရိုးဖြစ်စဉ်ပါပဲဗျာ။ အဖြစ်အပျက် တစ်ခုခုဖြစ်ရင်
သိသိလိုက်ရခြင်း လွယ်မယောင် ရှင်းလင်းသယောင်နဲ့ တကယ် ထဲထဲဝင်ဝင် စုံစမ်းရပြီဆိုရင်
တဖြည်းဖြည်း ရှုပ်ထွေးပြီး ဝေလေဝါးလား ဖြစ်လာတာမျိုး ။ တချို့က ဆင် ဒီဘက်သွားတယ်
ပြောသလို တချို့က ဟိုဘက်လို့ ပြောလိုပြော.. တချို့ဆို ဆင် ဝင်သောင်းကျန်းသွားတာ
သူတို့ဖြင့် မသိလိုက်ဘူး ဆိုတာက ပါသေးတယ်ဗျာ။ ဟိုးခပ်ဝေးဝေးက အဘွားကြီးတစ်ယောက်ရဲ့
အော်ဟစ်သံသာ မကြားလိုက်ရရင် ကျွန်တော်တော့ ဒီ ဆင် သောင်းကျန်းပါတယ်ဆိုတဲ့
ကိစ္စကြီး တစ်ခုလုံးကို အလိမ်အညာ ဇာတ်လမ်းလို့တောင် ထင်မိတော့မှာပါ။ တဲထဲက
တုတ်တစ်ချောင်း ကိုင်ထားတဲ့ အဘွားအို တစ်ယောက် အင်္ကျီဗလာနဲ့ ကလေးတွေကို
ဒေါကြီးမောကြီး မောင်းထုတ်နေတာပါ ။ ကလေးတွေ မမြင်သင့် မကြည့်သင့်တဲ့ ဟာ
တစ်ခုခုရှိနေလို့ " ဒီ နေရာကနေ ခု ထွက်သွားကြစမ်း " ဆိုပြီး
အော်ကြီးဟစ်ကျယ် ပြောဆိုနေတာမျိုးပါ။ ကျွန်တော်လည်း အဲ့ဒီတဲနေရာကို
လှည့်ပတ်ကြည့်လိုက်တော့ လူတစ်ယောက် ရွံထဲမှာ ကို့ယို့ကားယား လဲကျသေဆုံးနေတာ
တွေ့လိုက်ရပါတယ်။ သူက အိန္ဒိယ လူမျိုး ကူလီတစ်ယောက်ဖြစ်ပြီး သေဆုံးသွားတာ
သိပ်မကြာသေးတဲ့ပုံပါပဲ။ အနီးအနားက လူတွေပြောကြတာကတော့ ဆင် ဟာ သူ့တဲနားကို
မထင်မှတ်ပဲ ရောက်ချလာကာ နှာမောင်းနဲ့ ရစ်ပတ်ဆွဲထုတ်ပြီး ကျောကုန်းကို ခြေထောက်နဲ့
နင်းချေသွားပါသတဲ့။ မိုးရာသီမို့ မြေကလည်း ပျော့နေတာမို့ မြေကြီးထဲကို ခေါင်းဟာ တစ်ပေလောက်
နှစ်ဝင်သွားတယ် ဦးခေါင်းကလည်း တစ်ဖက်ကို လည်ထွက်သွားပြီ။ မျက်လုံးကလည်း ပြူးလျက်သား
အံကိုကြိတ်ပြီး တော်တော့ကို မခံမရပ်နိုင် ခံစားသွားရပုံပါပဲ။ သေတဲ့လူက
ငြိမ်းချမ်းသွားပီလို့တော့ ကျွန်တော့်ကို လာမပြောနဲ့ဗျာ ကျွန်တော်မြင်ဖူးသမျှ
မသာတွေ တော်တော်များများကတော့ ပုံပျက်ပန်းပျက်တွေချည်းပဲ ။ တကယ့်ကို
အင်အားကြီးမားတဲ့ ဆင် ခြေထောက်ကြမ်းကြမ်းကြီးက ဆင်နင်းခံရသူရဲ့ ကျောကုန်း
တပြင်လုံးက အရည်ပြားကို ဆွဲဖြဲထားတာများ ယုန်တစ်ကောင်ကို အရည်ခွံခွာထားသလိုပဲ
ဖြစ်နေတော့တာ။ လူ တစ်ယောက်သေတာကို မြင်လိုက်ရပြီးပြီးခြင်းမှာပဲ ကျွန်တော့် တပည့်
တစ်ယောက်ကို မိတ်ဆွေတစ်ယောက်ရဲ့အိမ်ကို လွှတ်လိုက်ပါတယ်။ ဆင်ကို ပစ်လို့ရမယ့်
ရိုက်ဖယ်တစ်လက် ငှားဖို့ပါ။ ဆင်ကို မြင်လို့ လန့်ပြီး ကျောပေါ်က လှန်ချမှာ
စိုးလို့ ကျွန်တော့်မြင်းကိုလည်း ပြန်လွတ်လိုက်ရပါတယ်။
မကြာခင်မှာပဲ တပည့်ဖြစ်သူ ရိုက်ဖယ်တစ်လက် ကျည်
ငါးတောင့်နဲ့ ပြန်ရောက်လာပါတယ်။ ခဏကြာတော့ ဗမာတချို့ရောက်လာပြီး ဆင်ဟာ ဒီကနေ
သိပ်မဝေးတဲ့နေရာက လယ်ကွင်းထဲမှာ ရောက်နေကြောင်း လာ သတင်းပေးကြပါတယ်။
ဆင်ရှိတဲ့နေရာကို ကျွန်တော် စ ထွက်လာတယ်ဆိုရင်ပဲ တစ်ရက်ကွက်လုံးမှာ ရှိတဲ့
လူအုပ်ကြီးက အိမ်တွေထဲကနေ အသီးသီး ပြေးထွက်လာကြပြီး ကျွန်တော့်နောက်ကို လိုက်လာပါရောလားဗျာ။
သူတို့ဟာ ရိုက်ဖယ်ကိုလည်း မြင်ရော ကျွန်တော် ဆင်ကို ပစ်သတ်တော့မယ့်အကြောင်း
စိတ်လှုပ်တရှား ပြောဆိုအော်ဟစ်နေကြတာပါ။ ဆင်က သူတို့ပတ်ဝန်းကျင်က အိမ်တွေကို
ဖျက်ဆီးနေတုန်းကတော့ စိတ်ဝင်တစား မရှိကြပေမယ့် ခုလို ပစ်သတ်ခံရတော့မယ်ဆိုတော့
အားတက်သရော စိတ်ဝင်စားလာကြပုံပါပဲ။ ဒီကိစ္စက သူတို့အတွက် ပျော်ပွဲရွှင်ပွဲလိုများ
ဖြစ်နေတယ်ထင်ပါရဲ့။ ဒီလူအုပ်ကြီးက ဗမာတွေမဟုတ်ဘဲ အင်္ဂလိပ်တွေသာဆိုလည်း ဒီလိုပဲ
ဖြစ်မှာပါ။ နောက်တစ်ခုက သူတို့ ဆင်အသားလိုချင်တာလည်း ပါတာပေါ့။ ဒီအခြေအနေက
ကျွန်တော့်အတွက်တော့ မလူးသာ မလွန့်သာနဲ့ အကြပ်ရိုက်စေပါတယ်ဗျာ။ တကယ်တမ်းက
ကျွန်တော့်မှာ ဆင်ကို ပစ်ဖို့ ရည်ရွယ်ချက် ရှိတာ မဟုတ်ပါဘူး။ ကျွန်တော့်ကိုယ်
ကျွန်တော် ကာကွယ်ဖို့လောက်သာ စဉ်းစားထားတာပါ။ ဒါကိုမှ လူအုပ်ကြီးက
ကျွန်တော့်နောက်က တစ်ကောက်ကောက် လိုက်နေတဲ့ ကိစ္စဟာ တော်တော့်ကို အာရုံနောက်
စိတ်ရှုပ်စရာ ဖြစ်နေရတော့တာပေါ့။ တောင်ဆင်းအတိုင်း ကျွန်တော်
ရိုက်ဖယ်ကိုင်ပြီးဆင်းလာတော့ ဘေးပတ်ပတ်လည်ကနေ တဖြည်းဖြည်း များလာတဲ့ လူအုပ်ကြီး
တိုးဝှေ့ လိုက်လာကြတဲ့အဖြစ်က ကိုယ့်ကိုကိုယ် အရူးတစ်ယောက်လို ပေါကြောင်ကြောင် ခံစားမူကြီး
ရနေတော့တာပါဗျာ။ ဝါးတဲတွေနဲ့ ဝေးရာ တောင်ခြေကိုရောက်တော့ ကျောက်လမ်းမဖြစ်သွားပြီး တစ်ဖက်မှာတော့
မိုးရွာထားလို့ ရွံ့ဗွက်တောဖြစ်နေတဲ့ လယ်ကွင်းပြင်ကျယ်ကြီးရှိနေပါတယ်။
မထွန်ယက်ရသေးတော့ မြက်ရိုင်းတွေ တောထနေပြီး စိုတိစိုဖက် ဖြစ်နေတာပေါ့။ လမ်းကနေ ၂၅
ပေလောက် အကွာမှာ ဆင်ကြီးဟာ အေးအေးလူလူ ရှိနေပါတယ်။ ဆင်ဟာ လူအုပ်ကြီး သူ့အနား
ကပ်လာတာကိုတောင် သတိထားမိပုံမပေါ်ပါဘူး။ မြက်ရိုင်းတွေကို နှာမောင်းနဲ့ သိမ်းယူ
သူ့ခြေထောက်နဲ့ ရိုက်ချသန့်စင်ပြီး ပါးစပ်ထဲ ထိုးသွပ်စားနေတာ မြင်နေရပါတယ်။
ကျွန်တော် လမ်းမပေါ်မှာပဲ
ရပ်လိုက်ပါတယ်။ အေးအေးလူလူ အစာစားနေတဲ့ ဆင်ကို မြင်မြင်ခြင်းမှာပဲ
မပစ်သင့်ဘူးဆိုတာ သေချာသွားပါတယ်။ အလုပ်လုပ်နေတဲ့ ဆင်ကို ပစ်သတ်ရတယ်ဆိုတာ လွယ်တဲ့
ကိစ္စတစ်ခု မဟုတ်ပါဘူး။ အလွန် တန်ဖိုးကြီးတဲ့ စက်ယန္တာယားကြီး တစ်ခုကို
ဖျက်စီးရတာနဲ့ အတူတူပါပဲ။ ရှောင်လွဲလို့ရတဲ့ ကိစ္စဆို မဖြစ်မနေ ရှောင်လွဲသင့်တဲ့
ကိစ္စဆိုတာ ထင်ရှားနေပါတယ်။ ခပ်ဝေးဝေးကနေ လှမ်းကြည့်ရသလောက် အေးအေးဆေးဆေး
အစာစားနေတဲ့ ဆင်ကြီးကို ကြည့်ရတာ နွားတစ်ကောင်လောက်တောင် ပို
အန္တာရယ်ရှိတယ်လို့ကို မမြင်မိတော့ပါဘူး. ။ ကျွန်တော် တွေးထားတာက ဒီဆင်ကြီးဟာ
မှုန်ယိုနေတာတွေ ပြေပျောက်သလောက် ဖြစ်သွားပါပြီ။ ဆင်ဦးစီး လာတဲ့အထိ ဟိုနားဒီနား
လှည့်ပတ်သွားတာလောက်ပဲ ရှိတော့မှာမို့ ခဏတဖြုတ် စောင့်ဆိုင်းကြည့်ပြီး အခြေအနေ
တည်ငြိမ်သွားခဲ့ရင် ကျွန်တော် အိမ်ပြန်ဖို့ပဲ စဉ်းစားထားတာပါ။
ဒါပေမယ့်
ကျွန်တော့်ဘေးဘီကို ကြည့်လိုက်တော့ လူအုပ်ကြီးဟာ အင်မတန်ကြီးမားနေပါပီ။ လူ ၂
ထောင်ထက်မနည်းတဲ့ လူအုပ်ကြီးဟာ တဖြည်းဖြည်း ပိုပို တိုးလာနေတယ့်အပြင် လမ်း ဟိုဘက်
ဒီဘက် နှစ်ဖက်စလုံးကို ပိတ်ဆို့ပြီးသားဖြစ်နေတဲ့အထိပါပဲ။ အရောင်အသွေးစုံ
ပြောင်လက်လက် အဝတ်အစားတွေနဲ့ ဒီ မျက်နှာဝါ လူပင်လယ်ကြီးက ကျွန်တော် ဆင်ကို ပစ်သတ်တော့မယ်ဆိုတာ
သေချာနေတဲ့ ပုံစံမျိုးနဲ့ စိတ်လှုပ်ရှား ပျော်မြူးနေကြတာပါ။ ကျွန်တော့်ကိုလည်း
မျက်လှည့်ပြကွက်ဆန်း တစ်ခုခုကို ပြတော့မယ့် မျက်လှည့်ဆရာတစ်ယောက်ကို ကြည့်သလို
ဝိုင်းအုံ ကြည့်နေခဲ့ကြပါတယ်။ သူတို့ ကျွန်တော့်ကို မနှစ်မြို့ကြပါဘူး။ ဒါပေမယ့်
လက်ထဲမှာ ကိုင်ထားတဲ့ အံ့ဖွယ် မှော် ရိုက်ဖယ်ကြီးနဲ့ ကျွန်တော်က ခဏတဖြုတ်
ဝိုင်းအုံ ကြည့်ရူချင်စရာလေး ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော်ဟာ ဒီ
ဆင်ကြီးကို ပစ်သတ်လိုက်သင့်တယ်ဆိုတဲ့အတွေး ရုတ်တရက် ပေါက်သွားပါတော့တယ်။
ဒီလူအုပ်ကြီးက ဆင်ကို ပစ်သတ်ဖို့ မျှော်လင့်နေသလို ကျွန်တော်ကလည်း မဖြစ်မနေ
လုပ်ရမယ့်ကိန်း ဆိုက်နေပါပြီ ။ ဒီလူနှစ်ထောင်လောက်ရဲ့ စိတ်ဆန္ဒဇောတွေက
ကျွန်တော့်ကို မလှန်နိုင်အောင် ဖိသိပ်တွန်းထိုးနေသလို ခံစားနေရပါပြီ ။ ဒီအချိန်
ဒီအခိုက်အတန့်မှာပဲ ရိုက်ဖယ်ကို လက်ထဲမှာ ကိုင်ထားရင်းတန်းလန်း ကျွန်တော်ဟာ
ပထမဆုံးအကြိမ် ဟာလာဟင်းလင်း အဓိပ္ပာယ်မဲ့တဲ့ ခံစားမူမျိုး မြည်းစမ်းလိုက်ရပါတယ်။
လူဖြူတွေရဲ့ ခနော်နီခနော်နဲ့ အရှေ့တိုင်းက ကိုလိုနီ ယန္တယားစုတ်ကြီးပေါ့ ။ ဒီမှာ
ကျွန်တော်တစ်ယောက် ၊ သေနတ်ကိုင်ထားတဲ့ လူဖြူတစ်ယောက် လက်နက်မရှိတဲ့
ဒေသခံလူတွေရှေ့မှာ မားမားရပ်လို့နေပါတယ်။ လတ်တလော ဖြစ်ပျက်နေတဲ့ ကိစ္စမှာ အဓိက
ဇာတ်ဆောင်လို့ ထင်ရတဲ့ လူပေါ့ဗျာ တကယ်တမ်းအဖြစ်မှာတော့ ဒီမျက်နှာဝါ လူအုပ်ကြီးရဲ့
ဆန္ဒအတိုင်း ကျွန်တော်က ရှေ့တိုးနောက်ဆုတ် လုပ်ပေးရမယ့် အူကြောင်ကြား ရုပ်သေးရုပ် ဖြစ်နေခဲ့တာပါ။
အဲ့ဒီ တဒင်္ဂမှာ ကျွန်တော် သိလိုက်ရတာကတော့ လူဖြူတွေရဲ့ အနိုင်ကျင့်
ဗိုလ်ကျစိုးမူမှာ သူတို့ကိုယ်တိုင်ရဲ့ လွတ်လပ်ပေါ့ပါးမူတွေ
ပျက်သုဉ်းပေးဆပ်လိုက်ရတယ် ဆိုတာပါပဲ။ ဘာမှ အဓိပ္ပာယ်မရှိတဲ့ ခံစားချက်မဲ့
ရုပ်သေးရုပ်လို ပုံစံသွင်း ခံထားရတဲ့ ဗြိတိသျှ အရာထမ်း တစ်ယောက်ပေါ့ဗျာ။ သူ
ကိုယ်တိုင် ပြဌာန်းထားတဲ့ ဥပဒေအောက်မှာပဲ သူ့ဘဝက ဒေသခံတွေ အထင်ကြီးအောင် နေပြရဖို့
အရိုအသေတန်အောင်နေဖို့ တာဝန်ရှိနေသလို ဖြစ်သွားခဲ့ပြီ။ ဘယ်လိုအခြေအနေမျိုးမှာ မဆို
ဒေသခံတွေ သူ့ဆီက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ဖို့ မဖြစ်မနေ
ရုန်းကန်လှုပ်ရှားပြရတော့မှာပဲ။ ကျွန်တော် ဆင်ကို ပစ်ရပါတော့မယ်။ ရိုက်ဖယ်ကို
ငှားလိုက်မိကတည်းက ဒီကိစ္စကို ကျွန်တော် မဖြစ်မနေလုပ်ရဖို့ လွန်ကျူးမိလျက်သား
ဖြစ်သွားခဲ့ပါပြီ။ ဗြိတိလျှ အရာထမ်းတစ်ယောက်က အရာထမ်းလို ကျင့်ကြံရတော့မယ်။
ကိုယ်လုပ်မယ့်အလုပ်ကို ကိုယ် ပြတ်ပြတ်သားသား သိပြီး မယိမ်းမယိုင်
လုပ်ပြမယ့်ပုံမျိုး ပေါက်နေဖို့လည်း လိုသေးတယ်။ ဒီလောက်ကြီး လာခဲ့ပြီးမှတော့ ၊ လက်ထဲမှာလည်း
ရိုင်ဖယ်ကြီး ကိုင်လာပြီးမှတော့၊ လူ နှစ်ထောင်လောက် ကိုယ့်နောက်ကနေ အားတက်သရော
လိုက်လာခဲ့ပြီးမှတော့၊ ဘာမှ မယ်မယ်ရရ လုပ်မပြခဲ့ဘူး ဆိုတာမျိုးကြီးက
ဘယ်လိုလုပ်ဖြစ်ပါ့မလဲ။ ကျွန်တော့်ကို လူအုပ်ကြီးက ဝိုင်းရီကြတော့မှာပေါ့။ အရှေ့တိုင်းကို
ရောက်လာကြတဲ့ လူဖြူတွေမှာက ဘဝတစ်လျှောက်လုံး အဟား မခံရဖို့အရေး မနည်း
ရုန်းကန်နေခဲ့ကြရတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်
ဆင်ကို မပစ်ချင်ခဲ့ပါဘူး ။ သူ မြက်တွေကို ရိုက်ချပြီး စားနေပုံက အေးအေးဆေးဆေး
ငြင်ငြင်သာသာပဲ ။ ဒီလိုအနေအထားကို ပစ်ရမယ်ဆိုရင် ဒါဟာ မလိုအပ်ဘဲ လုပ်တဲ့ တကယ့်
သတ်ဖြတ်မူကြီးပဲ။ အဲ့ဒီ အသက်အရွယ်မှာ ကျွန်တော်ဟာ အကောင်ဗလောင်တွေ ပစ်ခတ်ဖို့
လက်မတွန့်ပေမယ့် ဆင်တစ်ကောင်ကိုတော့ မပစ်သတ်ဖူးသလို ပစ်လည်း မပစ်ချင်ခဲ့ဘူး။
ဆင်လို အကောင်အကြီးကြီးတွေ သတ်ဖို့ဆိုတာကလည်း တော်တော်ဆိုးဆိုးရွားရွား အတွေ့အကြုံကိုး။
နောက်ပြီး ဆင်ပိုင်ရှင်လည်း ရှိနေပါသေးတယ်။ အသက်ရှိနေတဲ့ ဆင်ဟာ ပေါင် ၁၀၀
လောက်တန်ပေမယ့် သေသွားရင်တော့ သူ့ အစွယ်ဖိုး ၅ ပေါင်လောက်ပဲ တန်တော့မှာပါ။
ကျွန်တော် မြန်မြန်ဆုံးဖြတ်ဖို့ လုပ်ရပါတော့တယ်။ အနီးအနားက အတွေ့အကြုံရှိဟန်တူတဲ့
ဗမာတွေကို တိုင်ပင်တဲ့အခါ ကျွန်တော်ထင်တဲ့အတိုင်းပဲ ဆင်ကြီးရဲ့ အမူအရာက
ဘာကိုမှအန္တရာယ်ပေးဖို့ မရှိတော့ဘူး အနားသာ မကပ်ရင် ဘယ်သူ့ကိုမှတောင်
အာရုံမထားတော့ပဲ အေးအေးလူလူ နေနေတာမျိုးပါ။ အနားကပ်ရင်သာ ပြန် ရန်မူလာနိုင်တယ်လို့
ပြောကြပါတယ်။
ကျွန်တော်လုပ်ရမယ့်
အဖြေကလည်း ရှင်းလင်းသွားခဲ့ပါပြီ။ ကျွန်တော် ဆင်ကြီးအနားကို ဆိုကြပါစို့ ပေ ၇၀ ၈၀
အကွာလောက်မှာ ရပ်ပြီး သူ့အခြေအနေစောင့်ကြည့်လိုက်မယ်။ သူ ကျွန်တော့်ဆီ
ပြေးဝင်လာရင် ကျွန်တော် ပစ်ထည့်လိုက်မယ်။ ကျွန်တော့်ကို အာရုံမထားဘဲ သူ့ဘာသာလေး
နေနေရင်တော့ ဆင်ဦးစီး လာတဲ့အထိ လွှတ်ထားပေလိုက်ယုံပေါ့။ ဒါပေမယ့်လည်း တကယ်တမ်းမှာ
ကျွန်တော် လွှတ်ပေးလို့ မဖြစ်ဘူးဆိုတဲ့ စိတ်ကလည်း တွန်းထိုး လွန်ဆွဲနေပါတယ်။
ကျွန်တော်က
ရိုက်ဖယ်ပစ်တဲ့နေရာမှာ အတော်ညံ့တာပါ။ တကယ်လို့များ ဆင်က ကျွန်တော့်ဆီ
တရကြမ်းပြေးဝင်လာပြီး ကျွန်တော်ပစ်တာသာ လွဲသွားရင် လမ်းကြိတ်စက်အောက်က
ဖားပြုတ်တစ်ကောင် အဖြစ်နဲ့ သိပ်မကွာတဲ့ အခြေအနေဖြစ်သွားမှာပါ။
အဲ့လိုအနေအထားမျိုးမှာတောင် ကျွန်တော် ကိုယ့်အတွက်ကိုယ် မတွေးအားပဲ ဒီမျက်နှာဝါတွေ
သဘောကျလုပ်ဖို့ တွေးမိနေခဲ့ပါတော့တယ်။ တစ်ယောက်ထဲသာဆို ကြောက်စိတ်ရှိနေနိုင်ပေမယ့်
ခုလို လူအုပ်ကြီးရှေ့မှာတော့ မူမှန်စိတ်အတိုင်း မတွေးတောနိုင်တော့ပါဘူး။
ဒေသခံတွေရှေ့မှာ လူဖြူတစ်ယောက်က ဘာအကြောင်းနဲ့မှ ကြောက်လန့်ပြနေစရာ မလိုပါဘူး။
တကယ်လည်း ကြောက်မနေတော့ပါဘူး။ ကျွန်တော် တထစ်ချတွေးထားတာကတော့ တကယ်လို့များ
တစ်ခုခု မှားယွင်းခဲ့ရင်လည်း ဆင်က ကျွန်တော့်ကို တွန်းထိုးနင်းခြေပစ်လိုက်ပြီးရင်
ဟိုတောင်ပေါ်မှာ ဆင်နင်းလို့ သေကျန်ရစ်ခဲ့တဲ့ အိန္ဒိယလူမျိုး ကူလီလိုပဲ
ကျွန်တော်လည်း မသာပေါ်ယုံပေါ့။ ဒီလိုသာ ဖြစ်ခဲ့ရင် ဒီဗမာအုပ်ကြီးက
ရီမောဟားတိုက်နေကြမယ့်ပုံပါပဲ။ ဒီလိုလည်း ဘယ် အဖြစ်ခံလို့ရမလဲ။
ကျွန်တော့်မှာ
ရွေးချယ်စရာတစ်ခုပဲရှိတော့တဲ့နောက် ရိုက်ဖယ်ထဲကို ကျည်တွေ ထိုးသွင်းလိုက်ပြီး
လမ်းပေါ်ကို လဲချလိုက်တယ်။ ပစ်မှတ်ကို ထိထိမိမိ ချိန်လို့ရအောင်ပေါ့။ လူအုပ်ကြီးဟာ
ဇာတ်ပွဲအစ ကလကာဖွင့်လိုက်တာကို ကြည့်လိုက်ရသလို ပျော်ရွှင် စိတ်လှုပ်ရှားသွားကြတယ်
။ တစ်ယောက်ချင်းစီက အသက်ရူသံတွေကြားရလောက်အောင် တိုးတိတ်ငြိမ်ဆိတ် သွားကြတယ်။
ရိုက်ဖယ်က လက်ရာသေသပ်ပြီး ခန့်ညားတဲ့ ပစ်မှတ်ချိန်သီးပါ ဂျာမန်ရိုက်ဖယ် တစ်လက်ပါ။
အဲ့ဒီတုန်းကတော့ ဆင်တစ်ကောင်ကို အသေပစ်တော့မယ်ဆိုရင် သူ့ရဲ့ တစ်ဖက်နားရွက်ကနေ
တစ်ခြားနားရွက်ဘက်ကို ထုတ်ခြင်းပေါက် ပစ်လိုက်တာ အကောင်းဆုံးဆိုတာကို ကျွန်တော်
မသိတဲ့အတွက် ဦးခေါင်းဘက် နည်းနည်းတိုးပီး ဦီးနှောက်ရှိမယ်ထင်တဲ့ နေရာကို
ချိန်မိခဲ့ပါတယ်။
ကျွန်တော် ပစ်ချလိုက်တဲ့
ရိုက်ဖယ် သေနတ်က ကျည်ထွက်သွားပြီးတဲ့နောက် ပစ်မှတ်ဖြစ်တဲ့ ဆင်ကြီးကို ထိသွားတာက
လောက်လောက်လားလား ဘာအသံမှ ထွက်မလာပါဘူး။ ဒါပေမယ့် ကျွန်တော့်နောက် လူအုပ်ကြီးဆီက
ကျေနပ်အားရ ကျုံးဝါးနေကြတဲ့ အသံဆိုးကြီးကတော့ ဟီးဟီးထနေပါလေရော။ တစ်ခဏ
အချိန်တိုလေး အတွင်းမှာပဲ ဆင်ကြီးအတွက် ကြမ္မာဆိုး ဝင်လာတာက ပစ်လိုက်တဲ့
ကျည်ထက်တောင် မြန်နေသလိုပါပဲ။ ဆင်ကြီးဟာ လည်ထွက်ပြီး လဲကျသွားတာမျိုး
မရှိသေးပေမယ့် သူ့ခန္ဓာကိုယ်ကြီး တစ်ခုလုံးကတော့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုကို
တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ပါပီ။ ကျည်သင့်သွားတဲ့ အရှိန်ကြောင့် သူ့ခင်မျာ
ရုတ်တရက် ပြင်းပြင်းထန်ထန် နာကျင်ခံစားနေရပြီး ဆင်အိုကြီးတစ်ကောင်လို
အကြောတွေဆိုင်း မလှုပ်သာ မလှည့်သာပဲ ဖြစ်နေတာတောင် လဲကျမသွားသေးပါဘူး ။
ငါးစက္ကန့်လောက် အကြာမှာတော့ ယိုင်နဲ့လာတဲ့ သူခန္ဓာကိုယ်ကြီးကို
တုန်တုန်ရီရီဖြစ်နေတဲ့ ခြေထောက်တွေက မနိုင်မနင်း ထူ မ ထားရပုံပေါ်နေပါပြီ။
ပါးစပ်ကလည်း အမြုပ်တွေ ထွက်လာနေပါတယ်။ ဒီ ငါးစက္ကန့်ဟာ တော်တော်လေးကို
ကြာတယ်ဆိုတာတော့ ကျွန်တော်သေချာပေါက်ပြောရဲပါတယ်။ ဆင်ကြီးအတွက်တော့ နှစ်
ထောင်ချီနေတဲ့ အိုမင်းရင့်ရော်ပျက်စီးခြင်း သဘောက သူ့ ခန္ဓာကိုယ်ပေါ် ရုတ်ချဉ်း
ခုန်ဆင်းသွားသလိုမျိုး အားအင်တွေ တမဟုတ်ချင်း ယုတ်လျော့သွားခဲ့ပါပြီ။
ကျွန်တော်ဟာ ပထမ ပစ်ခဲ့တဲ့
နေရာကိုပဲ နောက်တစ်ချက် ထပ်ပစ်ချလိုက်ပါတယ်။ ဒုတိယ တစ်ကြိမ်
ပစ်လိုက်တဲ့အချိန်မှာလည်း ဆင်ကြီးဟာ လဲကျမသွားသေးပါဘူး။ ဒါပေမယ့် အလွန်အင်မတန်
လေးပင်တဲ့ အရာတစ်ခုကို ထမ်းထားရသလို သူ့ခြေထောက်တွေ မခိုင်တော့ပါ။
ခေါင်းငိုက်စိုက်ကြပြီး တုံတုံရီရီ ဖြစ်နေရှာပါပီ။ တတိယအကြိမ် ကျွန်တော်
ထပ်ပစ်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူ မတတ်နိုင်တော့ပါဘူး အပြင်းအထန် တုန်လှုပ်
နာကျင်နေတဲ့ သူ့ ခန္ဓာကိုယ်ကြီးကို နောက်ဆုံးလက်ကျန်အားလေးနဲ့ ခြေထောက်တွေက
ထောက်မဖို့ ကြိုးစားပေမယ့် မရတော့တာ အထင်သားမြင်နေရပါပြီ။ တကယ် လဲကျသွားချိန်မှာ
သူ ပြန် ထ ဖို့ အရှိန်ယူတာကို မြင်လိုက်ရပါသေးတယ်။ ဆင်ကြီးရဲ့ နောက်ခြေနှစ်ချောင်း
ပြိုလဲသွားပြီးတဲ့ အခါမှာတော့ ပက်လက်လှန်လဲကျသွားပြီး နှာမောင်းက မိုးကောင်းကင်ကို
ထိုးမိလျက်သား အနေအထားနဲ့သူ့ ခန္ဓာကိုယ်ကြီး တစ်ခုလုံး မြေကြီးပေါ်ကို အပုံလိုက်
ပစ်ကျသွားပါတော့တယ်။ ဆင်ကြီး လဲကျသွားလို့ တုန်ခါမူဟာ ကျွန်တော် မှောက်လဲနေတဲ့
နေရာထိကို ရောက်လာသလို ခံစားရတယ်။
ကျွန်တော်
မတ်တပ်ရပ်လိုက်ချိန်မှာ ဗမာတွေဟာ ကျွန်တော့်ကို ကျော်တက်ပြီး ဗွက်တောထဲမှာ အလုအယက်
ပြေးလွှားနေကြပါပြီ။ ဆင်ကြီး ပြန် ထ မလာနိုင်တော့တာ သေချာသွားပါပြီ ။ ဒါပေမယ့် သူ
မသေသေးပါဘူး။ သူဟာ အသက်ကို ပြင်းပြင်းရှည်ရှည်ကြီး စည်းချက်မှန်မှန် ရူနေပါသေးတယ်
။ သူ့ပါးစပ်ဟာ အကျယ်ကြီး ပွင့်နေတာကြောင့် ပန်းရောင်သန်းနေတဲ့ သူ့
အာခံတွင်းထဲကိုတောင် အတော်အတွင်းကျကျထိ မြင်နေရပါတယ်။ သူ အသက်ထွက်တဲ့ထိ ကျွန်တော်
အချိန်အတော်ကြာ စောင့်ဆိုင်းနေပေမယ့် အသက်ရူသံက ဒီထက်ပိုပြီး အားပျော့မလာပါဘူး။
နောက်ဆုံးမှာတော့ ကျွန်တော့်လက်ကျန် ကျည်နှစ်တောင့်ကို သူ့ နှလုံး
ရှိလောက်မယ်ထင်တဲ့နေရာကို ချိန်ပြီး ပစ်ထည့်လိုက်ပါတယ်။ အနီရောင်ကော်ဇောခင်းလိုက်သလို
သွေးပျစ်ပျစ်တွေ ဆင်ကြီးရဲ့ခန္ဓာကိုယ်ထဲက ဒလဟော ပွက်ထွက်လာပါတယ်။ ဒါကိုပဲ ဆင်ကြီက
မသေနိုင်သေးပါဘူး။ သေနတ်နဲ့
အပစ်ခံရချိန်မှာတောင် သူ့ခန္ဓာကိုယ်က တုပ်တုပ်မှ မလှုပ်တော့ပါဘူး။ သူ အသက်ကိုတော့
ပင်ပန်းဆင်းရဲကြီးစွာ မရပ်မနား ရူသွင်းနေတုန်းပါပဲ။
အသက်ထွက် သေရဖို့အရေးကို
အပြင်းအထန် နာကျင်နေရင်းနဲ့ ခက်ခက်ခဲခဲ အချိန် အကြာကြီး ယူနေရရှာတာပါ။ တဖက်မှာလည်း
ဘယ်လို ကျည်ဆန်မျိုးနဲ့သတ်သတ်တောင် မသေမယ့်သဘောမျိုး မြင်နေရပြန်ပါတယ်။ ကျွန်တော်
ဒီလို ဂုဏ်ကျက်သရေရှိပြီး အသွင်သဏန်အားဖြင့် ကြီးမားအားကောင်းတဲ့ ဆင်ကြီး
တစ်ကောင်ဆီက ညည်းတွားနေသံကို မခံစားနိုင်တော့ပါဘူး။ ဒါကို မြန်မြန် အဆုံးသတ်ဖို့
ကြိုးစားရပါမယ်။ သူကိုယ်တိုင် သေဖို့လည်း မတတ်နိုင်ရှာ လှုပ်ရှားဖို့လည်း
မတတ်နိုင်တော့ပဲ လဲလျောင်းနေတဲ့ ဆင်ကြီးကို ကျွန်တော်ကိုယ်တိုင်ကလည်း
အဆုံးသတ်မပေးနိုင်တာ တော်တော် စိတ်ဆင်းရဲစရာကောင်းပါတယ်။ ကျွန်တော် အိမ်ကယူလာတဲ့
ရိုက်ဖယ်အသေးကို ပြန်ယူခိုင်းလိုက်ပြီး ဆင်ကြီးရဲ့ နှလုံးရှိတဲ့နေရာရော
ပါးစပ်ထဲကိုရော တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ပစ်သွင်းလိုက်ပါတယ်။ အရာမထင်ပါ။ ဒီ
နာကျင်ခံခက် ညည်းပန်းနှိပ်စက်နေရခြင်းဆိုတဲ့ အခြေအနေဆိုးကြီးက နာရီလက်တံ
ပုံမှန်လည်နေသလို စည်းချက်မှန်မှန် မရပ်တန့်နိုင်သေးဘူး။
အဆုံးသတ် ဘယ်လိုမှ
ခံနိုင်ရည်မရှိတော့တဲ့ ကျွန်တော်ဟာ အဲ့ဒီနေရာကနေ ထွက်လာခဲ့လိုက်ပါတော့တယ်။
ကျွန်တော် ပြန်ကြားမိသလောက်တော့ ဆင်ကြီးဟာ နောက်ထပ် နာရီဝက်လောက်ထိ
အသက်ဆက်ရူနေခဲ့သေးတယ်ဆိုတာပါပဲ။ ဗမာတွေက ကျွန်တော်မပြန်ခင်ကတည်းက တောင်းတွေ
ခြင်းတွေနဲ့ ဆင်အသားယူဖို့ လုပ်နေခဲ့ကြတာ နေ့လည်ခင်းမှာတော့ ဆင်ကြီးတစ်ကောင်လုံး
အရိုးပဲ ကျန်ခဲ့တယ်လို့ ပြန်သိလိုက်ရပါတယ်။
နောက်ဆုံးမှာတော့
ထင်ထားတဲ့အတိုင်းပဲ ဆင်ကို ပစ်သတ်လိုက်တာနဲ့ ပက်သက်ပြီး မပြီးနိုင်မစီးနိုင်
အငြင်းအခုံ ဆွေးနွေးပွဲတွေ ဖြစ်လာပါတော့တယ်။ ဆင်ပိုင်ရှင်ကတော့ အတော်လေးကို
စိတ်ဆိုးဒေါသထွက်နေခဲ့ပေမယ့် သူက အိန္ဒိယ လူမျိုးမို့ ဘာမှ မတတ်နိုင်ပါ။
ဥပဒေကြောင်းအရ ကျွန်တော်လုပ်ခဲ့တာလည်း မမှားဘူးလေ ။ ခွေးရူးတစ်ကောင်လိုပေါ့
ဆင်ရူးတစ်ကောင်ကိုလည်း ပိုင်ရှင်မှ မထိန်းနိုင်ရင် ပစ်သတ်ခွင့်ရှိတယ်လေ။
ဥရောပတိုက်သားတွေ ကြားထဲမှာတော့ အမြင်က နှစ်မျိုးကွဲနေလေရဲ့။
အသက်ကြီးကြီးပိုင်းတွေက ကျွန်တော်မှန်တယ်လို့ ယူဆပေမယ့် ခပ်ငယ်ငယ်တွေကတော့ ကူလီတစ်ယောက်လောက်
သေသွားယုံနဲ့ အဖိုးတန်တဲ့ ဆင်ကို သတ်တာ မဖြစ်သင့်ဘူး ကူလီတစ်ယောက်ထက် ဆင်တစ်ကောင်က
အများကြီး တန်ဖိုးပိုကြီးတယ်လို့ ဆိုကြပါတယ်။ နောက်ဆုံးတော့ တောင်ပေါ်က ကူလီ
သေသွားတာကို ကျွန်တော် ကြိတ်ကျေနပ်ရတော့တာပေါ့ ။ ဒီအနေအထားက ကျွန်တော် ဆင်ကို
ပစ်သတ်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် ရသွားစေခဲ့တာကိုး။ တစ်ခါတစ်လေလည်း ကျွန်တော်
အတွေးနယ်ချဲ့မိတယ်ဗျာ။ ကျွန်တော် ဒီ ဆင်ကို ပစ်သတ်ရခြင်း အကြောင်းအရင်းမှန်က
ကျွန်တော့်ကို လူအုပ်ကြီးက အရူးလို့ မထင်စေချင်ယုံ သပ်သပ်ဆိုတာများ
တစ်စုံတစ်ယောက်က သိသွားရင် ဘယ်လိုနေမလဲဆိုတာကိုပါ။
ပြီးပါပြီ။
Comments
Post a Comment