၂၀၂၃ ပွဲပြီးသုံးသပ်ချက် ( ညီသစ်)
၂၀၂၁ စစ်အာဏာသိမ်းလိုက်တဲ့
နောက်ပိုင်းနှစ်တွေထဲမှာ ၂၀၂၃ ခုနှစ်ဟာ မြန်မာပြည်မှာ နိုင်ငံရေး အခင်းအကျင်းသစ်တွေ
၊ ပေးထားချက် အသစ်တွေနဲ့ တော်တော်ပြောင်းလဲသွားပါတယ်။ ၂၀၂၁ စစ်အာဏာမသိမ်းခင်ထိ တစ်ဝက်တစ်ပျက်
ဒီမိုကရေစီ အောက်မှာ အီလည်လည် ဖြစ်နေတာထက်စာရင်
ပေးဆပ်မူ တချို့တဝက်နဲ့ ပြတ်ပြတ်သားသား ရည်မှန်းချက်တွေ၊ စစ်ရေး နိုင်ငံရေး သဘောထားမှတ်ချက်တွေ
ထွက်လာနေတော့ ကျေနပ်စရာပါပဲ။ ၂၀၂၃ အပြီး ဒီ ၃ နှစ်တာ ကာလ မြန်မာနိုင်ငံရေး ကစားပွဲမှာ
အဓိက ပါဝင်ပက်သက်နေကြတဲ့သူတွေ အဖွဲ့အစည်းတွေ၊ ဘယ်သူတွေ ဘယ်နေရာ ရောက်နေကြပြီလဲ သက်ဆိုင်ရာ
အဖွဲ့အစည်းတွေအလိုက် သုံးသပ်ကြည့်ရအောင်။
၁။ တိုင်းရင်းသား လက်နက်ကိုင်များ
၂၀၂၁ စစ်အာဏာသိမ်းလိုက်ခြင်းမှာ အဓိက အမြတ်ထွက်သွားတာက တိုင်းရင်းသား လက်နက်ကိုင်တွေလို့ ပြောရင်ရပါတယ်။ EAOs တွေလို့ပြောလိုက်ရင် မြန်မာစစ်တပ်နဲ့ NCA ထိုးထားတဲ့ တပ်တွေနဲ့ မထိုးရသေးတဲ့ တပ်တွေကို ခွဲပြောလို့ရပေမယ့် သူတို့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေကတော့ သိပ်မကွာကြပါဘူး။ အများစုကလည်း မဟာမိတ်တွေပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ မြန်မာပြည်မက လူထု သို့မဟုတ် အားမနာတမ်းပြောရရင် နီပေါတွေရဲ့ ထောက်ခံအားပေးမူကို ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းမှ အင်တိုက်အားတိုက် ရကြတာပါ။ မင်းက ဘာလို့ နီပေါတွေကို ထည့်ပြောနေသေးလည်းဆိုရင် အောက်ပါ သဘောထားမှတ်ချက်ကြောင့်ပါ။
“Never underestimate the power of stupid people in large
groups.” - George Carlin
ဒါပေမယ့် EAOsတွေရဲ့ တော်လှန်ရေးဟာ ပြီးခဲ့တဲ့ ၃ နှစ်ကမှ ပေါ်လာတဲ့ နွေဦးတော်လှန်ရေး
မဟုတ်ဘူးဆိုတာတော့ သတိချပ်သင့်ပါတယ်။ သူတို့မှာ နွေဦးတော်လှန်ရေး မတိုင်ခင် ဆယ်စုနှစ်များစွာကတည်းက
ရပ်တည်လာတဲ့ စစ်ရေး နိုင်ငံရေး ရည်မှန်းချက်တွေ ရှိနေပါတယ်။ လူအများက စစ်အာဏာရှင်စနစ် အပြီးသတ်ပြီး ဖက်ဒရယ် ဒီမိုကရေစီရရှိရေးလို့ ကြွေးကြော်နေကြပေမယ့် တိုင်းရင်းသားတွေအတွက် ယုတ္တိရှိတဲ့
ရည်မှန်းချက်က ဝ တပ်ဖွဲ့လို အထူးဒေသနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒီထက် အဆင့်တက်ရင်
ကွန်ဖယ်ဒရိတ်ရရှိရေး ဆိုတာမျိုးပါ။ ၂၀၂၃ ခုနှစ်အပြီးမှာ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ
သူတို့ ခရီးတော်တော် ပေါက်နေပါပြီ။ သိမ်းပိုက်ထားတဲ့ နယ်မြေတွေ လက်လွတ် မဆုံးရှုံးစေရေးက
၂၀၂၄ မှာ သူတို့အတွက် တကယ့်စိန်ခေါ်မူကြီး ဖြစ်လာမှာပါ။ လတ်တလော မြန်မာစစ်တပ်ကို တရုတ်
အကူအညီနဲ့ ညှိနှိုင်းကျတာ အဆင်မပြေဘူး ဆိုပေမယ့်
တချိန်မှာ ပုံစံတစ်မျိုးနဲ့ ထပ် ညှိနှိုင်းကြအုံးမှာပါပဲ။ 1027 မှာ တိုက်ရိုက်မပတ်သက်ခဲ့တဲ့
အဖွဲ့အစည်းတွေကလည်း ရေရှည်ပြေးရမယ့် ပွဲအတွက် အားယူနေကြပါပြီ။ ပြည်မက အားပေးထောက်ခံမူတွေကိုတော့
သူတို့က သတိကြီးကြီးနဲ့ အသုံးချနေနိုင်ပါတယ်။ တကယ့် ပန်းတိုင်နား ရောက်ခါနီးရင် မူကွဲတွေနဲ့
အငြင်းပွားရမယ့်အရေးကို သူတို့ သိကြပါတယ်။ နောက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား
နယ်နမိတ် အငြင်းပွားမူတွေကိုလည်း တော်တော်လေး သတိထား ညိနှိုင်းကြရအုံးမှာပါ။
၂။ မြန်မာစစ်တပ် သို့ စစ်ကောင်စီ
မြန်မာစစ်တပ် အနေနဲ့တော့ ကိုယ်
စ ခဲ့တဲ့ ပွဲ ကိုယ်ဘယ်လို အဆုံးသတ်မလဲ အဖြေရှာရတော့မယ့် အချိန်ပါ။ ၂၀၂၃ ခုနှစ်က မြန်မာစစ်တပ်အတွက်
တစ်နိုင်ငံလုံးက စစ်ပွဲတွေမှာ ခံစစ်အနေအထား နယ်မြေစွန့်ခွာခဲ့ရမူတွေနဲ့ အထိနာခဲ့တဲ့
နှစ်ပါ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းခဲ့စဉ်က ကြိုတင်တွက်ချက်ထားတာနဲ့ လက်ရှိ ၂၀၂၃ ခုနှစ်မှာ
ရောက်နေတဲ့ နေရာနဲ့တော့ “အနည်းငယ်” ကွဲလွဲမူရှိနေနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာက
သုံးသပ်ကြသူတွေ မြင်တဲ့အတိုင်းပဲ ဒီ စစ်တပ်ကြီး ပြိုကွဲမယ့် အချိန်ရယ်လို့တော့ မြင်လို့မရသေးပါဘူး။
စစ်ပွဲတွေမှာ နယ်မြေသိမ်းပိုက် အထိုင်ချထားသူက ပို ဝန်ကြီးတဲ့သဘောပါပဲ။ ၂၀၂၄မှာ တိုင်းရင်းသား
လက်နက်ကိုင်တွေနဲ့ ညှိနှိုင်းမူ အဆင်မပြေခဲ့ရင် ဒီတစ်ခါ ဒရုန်းသုံးမှာ EAOs တွေ သိမ်းပိုက်
အထိုင်ချထားတဲ့ အထိုင်ပစ်မှတ်တွေကို လေကြောင်းက တိုက်ခိုက်မှာ သူတို့ အလှည့်လို့ ကြွေးကြော်နေပါတယ်။
နောက်ပြီး မြန်မာစစ်တပ်နဲ့ စစ်ကောင်စီမှာ ရွေးချယ်စရာလမ်းကြောင်းတွေ အများကြီး ကျန်နေသေးတဲ့အချက်ပါ။
NUG အုပ်စုက သွေးကြွေးမှာ ဆွေးနွေးစရာမရှိလို့ မူနေကြပေမယ့် အာဆီယံ အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့
အင်အားကြီး နိုင်ငံတွေက မြန်မာစစ်တပ်ကို ထွက်ပေါက်ပေးပြီး ညှိညှိနှိုင်းနှိုင်း လုပ်ကြဖို့သာ
တိုက်တွန်းနေတာပါ။ ဒါပေမယ့် မြန်မာစစ်တပ်အနေနဲ့
တစ်လမ်းလမ်းကို ရွေးရမယ့် လမ်းဆုံလမ်းခွကိုတော့ ရောက်လာပါပြီ။ စကစအနေနဲ့ မူလက
ကြွေးကြော်ထားတဲ့အတိုင်း၂၀၀၈ ဖွဲ့စည်းပုံအောက်ကပဲ ဆက်သွားမယ်ဆိုရင် ခုလက်ရှိ သူတို့ကို ဆန့်ကျင်ပြီး လက်နက်ကိုင် တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေကို အပြီးတိုင် ချေမှူန်းရေးလုပ်မလား
( မလွယ်ပါ) ။ အာဏာသိမ်းစက “ဟ” ထားခဲ့တဲ့ နိုင်ငံရေး ဂယ်ပေါက် “စကစမူ ဖက်ဒရယ် “ဆိုတာကိုပဲ
အတိုးအလျော့လုပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပေးအယူလုပ်သွားမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။
မင်းတို့က အပင်ပန်းခံပြီး တိုက်နေသေးတယ် မဟုတ်လည်း ငါတို့က ပေးမလို့ပါဆိုပြီး အကွက်ရွေ့သွားရင်
မအံ့ဩပါနဲ့။ ဒီနှစ်ထဲမှာ တရုတ်ညိနှိုင်း ကမကထလုပ်မူနဲ့
တစ်စုံတစ်ရာ offer ထွက်လာနိုင်မယ်လို့ ထင်ပါတယ်။
၃။ NUG
၂၀၂၁ စစ်အာဏာမသိမ်းခင်ထိ ၂၀၀၈
ဖွဲ့စည်းပုံအောက်က ရွေးကောက်ပွဲတွေ မကျင်းပနိုင်မှာကို သေမလောက်ကြောက်ခဲ့တဲ့ NLD အမတ်များ
ဝန်ကြီးများ NLD လော်ဘီများ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေး ကိုးကွယ်မူ လွန်ကျူးနေသူများ
အများဆုံး ပါဝင်တဲ့ စင်ပြိုင်အစိုးရပါ။ မသက်သာလို့ ရွေးစရာမရှိတော့လို့ တော်လှန်ရေး
လမ်းကြောင်းပေါ် အချိန်မတော်မှ မမှီမကမ်းဝင်လာပြီး တရွတ်တိုက် ပါလာတဲ့ အဖွဲ့ဆိုလည်း
မမှားပါဘူး။ ငါ ဒီလိုကြီးရေးလိုက်လို့ အဆင်ပြေပါ့မလား.. ပြန်ဖျက်လိုက်ရမလား.. တော်ပါပြီ
ဒီတိုင်းပဲ ရေးလိုက်တော့မယ် မဟုတ်လည်း ငါ စောက်မြင်ကပ်နေတဲ့ အဖွဲ့ပဲ။
လက်ရှိ နိုင်ငံရေး ဖြစ်စဉ်တွေမှာ သူတို့ကိုလည်း လျော့တွက်လို့ မရပါဘူး။ အဓိက အချက်ကတော့
အောက်ပါ သဘောထားမှတ်ချက်ကြောင့်ပါ။
“Never underestimate the power
of stupid people in large groups.” - George Carlin
NUG အနေနဲ့ ဒီ ၃ နှစ်တာကာလမှာ
ရန်ပုံငွေရရှိရေး mechanisms တွေတော့ အတော်လေး အားကောင်းအောင် တည်ဆောက်နိုင်ခဲ့တာတွေ့ရပါတယ်။
သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကြည့်လိုက်ရင် သူတို့ ရန်ပုံငွေ ရှာဖွေနိုင်စွမ်းဟာ အားရစရာရှိပေမယ့်
စစ်တိုက်မယ့် အစိုးရ တစ်ရပ်ရဲ့ ဘတ်ဂျတ်အနေနဲ့ ကြည့်လိုက်မယ် ဆိုရင်တော့ ဆင့်ပါးစပ်
နှမ်းပက် ဆိုတဲ့ အနေအထားထက်ကို ပို ဆိုးနေပါသေးတယ်။ ဒီအခြေအနေတိုင်း ကြာလာရင် ဒီနှူန်းအတိုင်းသာ
သွားနေရင် သူတို့ရှာဖွေထားတဲ့ ရန်ပုံငွေကို စစ်ပွဲတွေမှာ စစ်စရိတ်အနေနဲ့ သုံးလိုက်ဖို့
သူတို့ ကိုယ်တိုင် လက်တွန့်နေမှာ အသေအချာပါပဲ။ မြန်မာစစ်တပ်လို နှစ်စဉ် ဒေါ်လာ ဘီလျံချီသုံးပြီး
အထိုင်ချထားတဲ့ စစ်တပ်ကသာ ပြည်မမှာ အခိုင်အမာ ခံစစ်အနေအထားပြင်ဆင်ထားရင် အင်အားကြီး
နိုင်ငံတစ်ခုခုက ကျောထောက်နောက်ခံ စစ်လက်နက် ငွေကြေး အကူအညီမပါဘဲ အမြစ်ဖြတ်ဖို့ မဖြစ်နိုင်ဘူး
ဆိုတာကို ပြည်သူကို ချမပြဘဲ ဖုံးရင်းဖိရင်း လက်သီးလက်မောင်းတန်း ချီတက်နေပါတယ်။ ပြည်သူကိုသာ
မချပြတာ သူတို့အနေအထား သူတို့ ရိပ်စားမိလာပြီ ဖြစ်တဲ့အတွက် ၂၀၂၄ နှစ်ဦးမှာတင်ပဲ တရုတ်နိုင်ငံအပေါ်
သဘောထားဆိုပြီး ပေါ်ပေါ်တင်တင် ပြေးကပ်လာတာ မြင်နေရပါပြီ။ ကောင်းမွန်တဲ့ လက္ခဏာဆိုပေမယ့်
အချိန်အခါအားဖြင့်တော့ အတော်လေး နောက်ကျနေပါတယ်။ လတ်တလောမှာတင်ပဲ တရုတ်အစိုးရဟာ သူတို့ရဲ့
အရေးကြီး ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်တဲ့ ကုန်းတွင်းပိတ် ယူနန်ပြည်နယ် ပင်လယ်ထွက်ပေါက်
ရရှိစေရေးအတွက် စကစ ဦးဆောင်နေတဲ့ မြန်မာအစိုးရနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကိစ္စ
လက်မှတ်ထိုးပြီး မြန်မာပြည်တွင်းရေးကို မီးစာတဖက် ရေမှုတ်တဖက် လိုသလို အသုံးချနေပါပြီ။
D Day လို့ကြွေးကြော်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်မယ်ဆိုတဲ့ NUG ဟာ ၂၀၂၃ နှစ်ကုန်လာသည်အထိ
ကိုယ်တိုင်ဦးဆောင်တဲ့ စစ်ရေးတိုက်ပွဲရယ်လို့ မယ်မယ်ရရ ပြ စရာမရှိဘဲ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့
စစ်ပွဲဖော်ဆောင်မူ နောက်ကသာ တရွတ်တိုက် လိုက်နေရဆဲဖြစ်ပါတယ်။ စစ်ရေးအရ ဩဇာလည်းမရှိသလို
နိုင်ငံရေးအရ ညိနှိုင်းနိုင်မူမှာလည်း အင်အားကြီး နိုင်ငံတွေအသာထား ပြည်တွင်းက တော်လှန်ရေး
အင်အားစုတွေနဲ့တောင် ပြတ်သားတဲ့ နိုင်ငံရေး ဘုံရည်မှန်းချက် ထွက်လာဖို့ မညှိနှိုင်းနိုင်သေးတာ
သတိထားမိပါတယ်။ ဒါဟာ တော်လှန်ရေးကာလအလွန် လူထုကို မက်လုံးပေးထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ
တည်ဆောက်ရေးမှာ အများကြီး သက်ရောက်မူရှိပါလိမ့်မယ်။ ၂၀၂၃ခုနှစ်အထိ ပြည်မက လူထုကို ဒီတော်လှန်ရေးအတွက်
သူတို့သာ အဖြေဆိုတဲ့ သဘောမျိုး မှိုင်းတိုက်ထားနိုင်တာ သူတို့အားသာချက်ပါ။ တော်လှန်ရေး
ဘက်တော်သားတွေ ဆိုပေမယ့် လေကြီးမိုးကြီး ပြောတတ်ပြီး ရလာဒ်မထွက်တဲ့ အဖွဲ့မို့ အများကြီး
မျှော်လင့်မထားတာ ပိုအဆင်ပြေပါလိမ့်မယ်။ ဒီလိုပြောလို့ ဒီ တော်လှန်ရေးကြီးကို မေ့လိုက်တော့လို့
ပြောချင်တာမဟုတ်ပါဘူး။ တော်လှန်ရေး = NUG ဆိုတဲ့ ပေါက်ကရ logic ကို ခေါင်းထဲက ထုတ်လိုက်ရင်
တခြား ဖြစ်တန်ခြေတွေ ချဉ်းကပ်ပုံတွေ တသီကြီး ထွက်လာမှာမို့ပါ။ လာမယ့်နှစ်တွေမှာလည်း
NUG ကတော့ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေလို့ ကြွေးကြော်ရင်း မဲဆောက်ကနေ ခွက်ခေါက်နေအုံးမှာပါပဲ။
၄။ ပြည်သူ
ကိုယ်နဲ့တန်တဲ့ အစိုးရပဲ ကိုယ်ရတယ်ဆိုတာ ဘယ်ဘက်က လှည့်တွေးတွေး ခုထိ မှန်နေတုန်းပါ။
အမှန်ကို အမှန်အတိုင်း မမြင်သရွေ့ ဝဋ်ရှိသရွေ့တော့ ခံကြယုံပဲရှိတဲ့ အဖွဲ့ပါ။
ညီသစ် ( 2nd Jan,2024)




Comments
Post a Comment