လတ်တလော မြန်မာစစ်တပ်၏ စစ်ရေးအရေးနိမ့်မူများကို လေ့လာသုံးသပ်ချက် ( ဘာတေးလစ်တနာ ဒီဇင်ဘာ ၄၊ ၂၀၂၃)
လတ်တလော မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့
ဖြစ်ရပ်တွေက အရင်က မရှိခဲ့ဖူးသလို ဘယ်သူမှလည်း မထင်ထားကြပါဘူး။ မြန်မာပြည်မြောက်ပိုင်း
အခြေစိုက် ညီနောင် မဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ ကိုးကန့်
ဒီမိုကရက်တစ် မဟာမိတ်တပ် MNDAA , တအောင်း အမျိုးသား လွတ်မြောက်ရေးတပ် TNLA နဲ့ ရခိုင့်တပ်တောာ်
AA တို့ဟာ စစ်ကောင်စီတပ်စခန်း ၂၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်
အမြောက်အမြားလည်း သိမ်းဆည်းနိုင်ခဲ့ကြပါတယ်။ မြန်မာစစ်တပ်တွင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ
နိမ့်ကျနေပြီး လက်နက်ချမူများအပြင် ဘက်ပြောင်း သွားတာမျိုးတွေတောင် ရှိလာပါပြီ။ ညီနောင်မဟာမိတ်
သုံးဖွဲ့ရဲ့ မြောက်ပိုင်းက အောင်ပွဲတွေဟာ မြန်မာနိုင်ငံ အနှံ့က တခြား လက်နက်ကိုင် တော်လှန်ရေးတပ်တွေကို
အားတက်စေပြီး စစ်ရေးလှုပ်ရှားမူတွေ ပိုလုပ်လာနိုင်အောင် အထောက်အကူပြုခဲ့တဲ့အတွက် မြန်မာစစ်တပ်ဟာ
နေရာစုံမှာ နယ်မြေလက်လွှတ်ရမူတွေ ရှိလာပုံပါပဲ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမူ
နောက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီကို တော်လှန်ပုန်ကန်တဲ့ လှုပ်ရှားမူတွေ
ပြင်းထန်နေပါတယ်။ ဒါပေမယ့် အထက်ပါအကြောင်းအရာတွေက တကယ်ပဲ မြန်မာစစ်တပ်ကို ပြိုကွဲစေပြီး
စစ်ကောင်စီအစိုးရ ပြုတ်ကျသွားစေမယ့် လမ်းကြောင်းပေါ် ရောက်စေမှာလား ? တော်လှန်ရေးရဲ့
နောက်ဆုံးပန်းတိုင်လို့ လူအများက မျှော်လင့်ချက်ထားကြတဲ့
ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်စေနိုင်မှာလား ?
ဒီလို ယုံကြည်ချက် ရှိတဲ့အထဲမှာ
ဝါရှင်တန် အမျိုးသားစစ်ပွဲရေးရာကောလိပ်က ပါမောက္ခ ဇာခါရီအဘူဇာ လည်း ပါပါတယ်။ သူက ဒီတော်လှန်ရေး
နိုင်သွားရင် မြန်မာစစ်တပ်ကို ဘယ်လိုလုပ်သင့်တယ်ဆိုတာတောင် အကြံပြုချက်တွေ ပေးနေပါပြီ။ နိုဝင်ဘာ ၂၉ ရက်နေ့က Nikkei Asia အတွက် သူရေးထားတဲ့
ဆောင်းပါးမှာ “ ပထမဆုံးအနေနဲ့ ဗမာ လွှမ်းမိုးမူ အားကောင်းတဲ့ ဒီစစ်တပ်ကို ဖျက်သိမ်းပြီး
အစကနေ ပြန်တည်ဆောက်ရမယ် “ လို့ အကြုံပြုတယ်။ ဒါပေမယ့် ဒီလောက်ကြီးကျယ်တဲ့ ရည်မှန်းချက်
အထမြောက်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာရယ် ဘယ်အဖွဲ့အစည်းတွေက ဦးဆောင် လုပ်ကြမလဲဆိုတာတော့
သူ မပြောဘဲ ချန်လှပ်ထားခဲ့တယ်။ အာဏာသိမ်းမူနောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ အမျိုးသား
ညီညွှတ်ရေး အစိုးရအဖွဲ့ ခေါင်းဆောင် ဒူဝါလရှီလာ က “၁၀၂၇ စစ်ဆင်ရေး” မတိုင်ခင် အောက်တိုဘာ
၂ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ တော်လှန်ရေး အင်အားစုတွေဟာ တိုင်းပြည်ရဲ့ နယ်မြေ ၆၀ %
ကို ထိန်းချုပ်ထားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဇွန်လ ၈ The Economist ရဲ့ သတင်းပေးပို့မူမှာလည်း
“ PDF တပ်ဖွဲ့ပေါင်း ၃၀၀ ကျော်ရှိပြီး အင်အား ၆၅၀၀၀ ခန့်ရှိကြောင်း နဲ့ တိုင်းရင်းသား
လက်နက်ကိုင် အင်အားစုတွေရဲ့ ခန့်မှန်း အင်အား ၁၀၀၀၀၀ ကို ထပ်ပေါင်းလိုက်မယ်ဆိုရင် မကြာခင်မှာ
မြန်မာစစ်တပ်ရဲ့ အရည်အတွက်ကို မကြာခင်မှာ ကျော်လွန်လာနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းပါတယ်။
မြန်မာ့အရေး ကျွမ်းကျင်သူ ဩစတေးလျ နိုင်ငံသား Andrew Selth က မြန်မာ့စစ်တပ်အင်အားဟာ
မကြာခဏ အများစု ဖော်ပြနေကြတဲ့ ၄၀၀၀၀၀ ခန့်ထက် လျော့နည်းနိုင်ပြီး ၂၅၀၀၀၀ ဒါမှမဟုတ်
၂၀၀၀၀၀ လောက်ထိသာ ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။
ဒါပေမယ့် Andrew Selth
ဆက်ပြောတာကတော့ မြန်မာစစ်တပ်ဟာ ရှေ့တန်းစစ်မျက်နှာများစွာ ဖြန့်ကျက်တိုက်ခိုက်နေရပြီး
တော်လှန်ရေး အင်အားစုတွေကို မနှိမ်နင်းနိုင်ဖြစ်နေတယ်ဆိုပေမယ့် မြန်မာနိုင်ငံတွင်းမှာ
လက်နက်တပ်ဆင်မူ အားအကောင်းဆုံးနဲ့ အထိရောက်ဆုံး တိုက်ခိုက်ရေးအင်အားစု အဖြစ် ဆက်လက်ရပ်တည်နေတယ်လို့
ဆိုပါတယ်။ တကယ် ခါးသီးတဲ့ ပကတိအခြေအနေမှန်က ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပြည်တွင်းပြည်ပက
အကောင်းမြင် သုံးသပ်ချက်တွေနဲ့တော့ ကြီးကြီးမားမား ကွဲလွဲနေပါတယ်။
ပြည်တွင်းမှာ လက်ရှိ
PDF တပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀ ကျော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၂၀ လောက်
ရှိနေနိုင်ပြီး မြန်မာစစ်တပ်ဟာ ရှမ်းမြောက်ဒေသမှာတင် မဟုတ်ဘဲ ချင်း ၊ မကွေး နဲ့စစ်ကိုင်းတိုင်း
ဒေသတချို့မှာပါ မလွဲမရှောင်သာ နယ်မြေဒေသကြီးကြီးမားမား လက်လွှတ်ရမူတွေ ရှိနေပါတယ်။
ကရင်နဲ့ ကရင်နီ( ကယား) ဒေသတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်မျက်နှာများပြီး
အကြပ်ရိုက်နေတဲ့ မြန်မာစစ်တပ်ဟာ ခြေလျင်တပ်ဖွဲ့တွေ အကွဲကွဲအပြဲပြဲ ဖြစ်နေတာကြောင့်
ထိုင်းနယ်စပ်နဲ့ ကပ်ရပ် ဒီနယ်မြေတွေမှာ မြေပြင် နယ်မြေစိုးမိုးမူ ရရှိအောင် မထိန်းချုပ်နိုင်တော့ဘဲ
လေတပ်အင်အားကိုသာ မဖြစ်မနေ အားကိုးနေရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ပကတိအခြေအနေမှန်တွေကို
သုံးသပ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက် လေးချက်ရှိနေပါတယ်။ ပထမအချက်က PDFs တွေရဲ့
တိုက်နိုင်စွမ်းအားနဲ့ အချင်းချင်းကြား ညီညွတ်မူ မရှိတဲ့အချက်ပါ။ နိုဝင်ဘာလ ၃ ရက် ၂၀၂၂
ခုနှစ် က ထုတ်ပြန်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့အစည်းရဲ့ အစီရင်ခံချက်မှာ
PDF တပ်ဖွဲ့တွေရဲ့ ၆၀ % ကိုသာ လက်နက်တပ်ဆင်ထားနိုင်ပြီး အများစုက ဒေသတွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့
အရည်အသွေးနိမ့် လက်နက်တွေသာ ဖြစ်ပါတယ်။ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေ အနေနဲ့လည်း မိမိဒေသကို
ထိန်းချုပ်နိုင်ရေးကိုသာ အာရုံစိုက်နေကြတာ တွေ့ရပါတယ်။ အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မူ
အားနည်းသလို စနစ်တကျ စုစည်းထားတဲ့ ဗဟိုအဆင့် စစ်ရေးအမိန့် ညွှန်ကြားမူစနစ်လည်း မရှိပါဘူး။
သူတို့က စနစ်တက သေချာပြင်ဆင်ထားပြီး တစ်နိုင်ငံလုံးကို ထည့်သွင်း ခြုံငုံထားတဲ့ စစ်နည်းဗျူဟာတွေပေါ်မှာ
လှုပ်ရှားနေကြတာမျိုး မဟုတ်ပါဘူး။
ဒုတိယအချက်က တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ
ညီညွှတ်မူမရှိတာပါ။ ကချင်၊ ပလောင်နဲ့ ရှမ်း လက်နက်ကိုင်စစ်တပ်တွေက ရှမ်းမြောက်ဒေသမှာ
တူညီတဲ့ နယ်မြေတစ်ခုထဲအပေါ် သူပိုင်ငါပိုင် သတ်မှတ်ထားကြတာ ရှိနေပါတယ်။ ရှမ်းနဲ့ ဝ
အကြား ရှမ်းနဲ့ ပအို့ တို့အကြားမှာလည်း နယ်မြေ အငြင်းပွားမူတွေ ရှိနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်
တပ်တွေအကြားမှာ အင်အားအကောင်းဆုံးလို့ ပြောလို့ရတဲ့ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)
ဟာ MNDAA ၊ TNLA ၊ AA နဲ့ SSA(SSPP) တို့ကို လက်နက်တွေ ထောက်ပံ့ပေးခဲ့တယ်ဆိုပေမယ့်
တဖက်မှာလည်း ၁၉၈၉ ခုနှစ်က မြန်မာစစ်တပ်နဲ့ သဘောတူ လက်မှတ်ထိုးထားတဲ့ အပစ်ရပ်စာချုပ်ကို
လိုက်နာစောင့်ထိန်းနေဆဲဖြစ်တာကြောင့် လက်ရှိ တော်လှန်ရေးမှာ တစ်စိတ်တစ်ပိုင်းပါတယ်လို့
ယူဆလို့ မရပါဘူး။ ကချင်ပြည်နယ်မှာတော့ ရှမ်းနီလက်နက်ကိုင်တပ်က မြန်မာစစ်တပ်နဲ့ အတူရပ်တည်ပြီး
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို တိုက်ခိုက်နေတာရှိပါတယ်။ ဒါ့အပြင် KIA ကလည်း ကချင်ပြည်နည်ရဲ့
မြောက်ဘက်အစွန်ဆုံးကျတဲ့ နေရာက လီဆူးနဲ့ ရဝမ် လူမျိုးတွေ နေထိုင်ရာဒေသအပေါ်မှာလည်း
ဩဇာမညောင်းလှပါဘူး။ ချင်းပြည်နယ်မှာလည်း ချင်းလက်နက်ကိုင် တပ်တွေ အပြိုင်အဆိုင် သဘောနဲ့ရှိနေပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ ပအို့တွေနဲ့ SSA(RCSS) တို့ တိုက်ခိုက်နေကြတာရှိပါတယ်။ အခြားတစ်ဖက်မှာ
SSA(RCSS) ကလည်း မြန်မာစစ်တပ်နဲ့ ၂၀၁၅ အပစ်ရပ်သဘောတူညီထားမူကို ဆုပ်ကိုင်ထားပြီး တချို့ခေါင်းဆောင်တွေက
ရှမ်းပြည်တောင်ပိုင်းက အိမ်ခြံမြေ ဈေးကွက်မှာ ပမာဏကြီးကြီးမားမား ရင်းနှီးမြုပ်နှံထားကြပါတယ်။
ဘယ်လောက်ပဲ ချဲ့ကား တွေးတောကြည့်ပါစေ မြန်မာပြည်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ တစ်စုတစ်စည်းထဲ
ညီညီညွှတ်ညွှတ်နဲ့ ဘုံ ရည်မှန်းချက်တွေ ရှိတယ်လို့ ပြောလို့မရသေးပါဘူး။
တတိယအချက်က မြန်မာစစ်တပ်ရဲ့
မပြိုလဲတဲ့ တပ်တွင်းညီညွှတ်မူပါ။ မြန်မာစစ်တပ်ဟာ တပ်တွင်း ဖြုတ်၊ထုတ်၊သတ် လုပ်ခဲ့တာတွေရှိပေမယ့်
၁၉၆၂ ခုနှစ်က စလို့ အုပ်ချုပ်ရေးအာဏာကို ပေါ်ပေါ်တင်တင်တစ်မျိုး နောက်ကွယ်ကတစ်မျိုး
ချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ တပ်တွင်းမှာ ဘယ်လိုအကွဲအပြဲမျိုးမှ မမြင်ကြရသလို၊ နှစ်စု
သုံးစု အုပ်စုတွေ ကွဲသွားနိုင်ခြေရှိတယ်ဆိုတဲ့ ကနဦး လက္ခဏာမျိုးတောင် ရှာမရပါဘူး။ စစ်တပ်ဟာ
နိုင်ငံတစ်ခုအတွင်းက နိုင်ငံငယ်တစ်ခု အသွင်ဆောင်နေပြီး တပ်ဖွဲ့ဝင်တွေအတွက် သီးခြား
ဖွဲ့စည်းပုံတွေနဲ့ ခံစားခွင့်တွေ ရှိပါတယ်။ ခုလက်တလော ဖြစ်ပျက်နေတာတွေကလည်း စစ်တပ်အတွက်တော့
အဆန်းမဟုတ်ပါဘူး။ ၁၉၄၈ခုနှစ် ဗြိတိန် ဆီကနေ လွတ်လပ်ရေး ရပြီးကတည်းက ရှည်လျားပြီး လူမျိုးရေး
နိုင်ငံရေး ရောနှောနေတဲ့ ပြည်တွင်းစစ် သမိုင်းမှာ မြန်မာစစ်တပ်ဟာ အကြိမ်များစွာ စစ်မီးဝိုင်းခဲ့ဖူးပြီး
စုပြုံ တိုက်ခိုက်ထိုးနှက် ခံခဲ့ရဖူးပါတယ်။ အကြိမ်တိုင်းလည်း ကြံ့ကြံ့ခံနိုင်ခဲ့ပြီး
သူတို့ရဲ့ အဓိက ဦးတည်ချက်ဖြစ်တဲ့ ပြည်တွင်းမှာ အင်အားအကောင်းဆုံး အာဏာအရှိဆုံး အဖွဲ့အစည်းဆိုတာကို
ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ တော်တော်လေးကို ပြင်းထန်တဲ့ တပ်တွင်း အကွဲအပြဲမျိုး ဒါမှမဟုတ်
ခုလတ်တလော မြင်နေရတာထက် ပိုများတဲ့ ဘက်ပြောင်းမူတွေ ရှိလာမှပဲ သူတို့ အာဏာလက်လွှတ်ရနိုင်ခြေ
ရှိလာမှာပါ။ ဘယ်သူမှတော့ အနာဂတ်ကို ကြိုမမြင်ရပါဘူး။ ဒါပေမယ့်လည်း ခုချိန်ထိတော့ တပ်တွင်းက
အရာရှိအဆင့်ဆင့်နဲ့ အကြပ်စစ်သည်တွေကြားမှာ ဒီလို ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲတာ
ငြင်းခုန်တိုက်ခိုက်ကြတဲ့ လက္ခဏာမတွေ့ရပါဘူး။ တဖက်မှာလည်း မျှော်လင့်မထားတဲ့ အရာတွေလည်း
ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဘယ်အရာကိုမှတော့ မဖြစ်နိုင်ဘူးလို့ ပြောမရသေးပါဘူး။
စတုတ္တအချက် ကတော့ အတော်များများ
သတိမမူမိတဲ့ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မူတွေပါ။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက်
အလွန်တရာကို အချက်အချာကြပြီး အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံပါ။ ဘာဖြစ်လို့လဲဆိုတော့
မြန်မာနိုင်ငံဟာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာ ပင်လယ်ရေကြောင်း ကုန်သွယ် ထွက်ပေါက်ကို
လွယ်လွယ်ကူကူနဲ့ တိုက်ရိုက် အသုံးချလို့ရစေတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်လို့ပါပဲ။ တရုတ်နိုင်ငံရဲ့
တခြား အကျိုးစီးပွားတွေလည်း မြန်မာနိုင်ငံပါ
ရှိပါသေးတယ်။ တရုတ်ဟာ မြန်မာနိုင်ငံက သယံဇာတ နဲ့ တွင်းထွက်တွေကို ထုတ်ယူသုံးစွဲနေသလို
လတ်တလောမှာ တရုတ်နိုင်ငံကို ထိခိုက်စေတဲ့ ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ကြမလဲဆိုတဲ့
ကိစ္စလည်း ရှိနေပါသေးတယ်။ MNDAA,TLNA နဲ့ AA တို့ ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေထဲမှာ
ဘယ်လိုပဲပြောထားပါစေ လက်တလော ရှမ်းမြောက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကတော့ ဖက်ဒရယ်ဒီမိုကရေစီ
အတွက်ဆိုတာထက် အထက်က ပြောခဲ့တာတွေနဲ့ ပိုလို့ ဆက်စပ်နေပါတယ်။ တရုတ်ပြည်တွင်း စီးပွားရေး
ဖွံဖြိုးတိုးတက်မူ နှေးကွေးနေချိန်မှာပဲ ခန့်မှန်း ဒေါ်လာ ဘီလျံ ၄၀ လောက်ဟာ တရုတ်ပြည်ထဲကနေ
ဒီငွေလိမ်ဂိုဏ်းတွေဆီ စီးဆင်းသွားခဲ့တာပါ။ တရုတ်နိုင်ငံကို ထိခိုက်စေတဲ့ အဓိက ငွေလိမ်ဂိုဏ်းတွေက
ဝ နဲ့ ကိုးကန့်တို့ ထိန်းချုပ်ထားတဲ့ မြောက်ဘက်ပိုင်း ဒေသတွေမှာ တည်ရှိနေပါတယ်။ တရုတ်နိုင်ငံအနေနဲ့
အစားအသောက်ကစလို့ လက်နက်အထိ ကုန်သွယ်ရေး ကိစ္စတွေမှာ
သူတို့ကို အလွန်အကျွံ မှီခိုနေရတဲ့ ဝ ကို ကိုင်တွယ်နိုင်ပါတယ်။ တရုတ်နိုင်ငံက ထင်ရှားတဲ့
ဝ ခေါင်းဆောင်ပိုင်းကိုပါ ဖမ်းဝရမ်းထုတ်ခဲ့ပြီး သတိပေး ကန့်သတ်ထားပါတယ်။ ရှမ်းမြောက်ဒေသတချို့နဲ့
ကိုးကန့်မှာတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ငွေလိမ်ဂိုဏ်းတွေအများစုက စစ်ကောင်စီရဲ့ မဟာမိတ်
ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အတွေ့ရများပါတယ်။ အစောပိုင်းမှာတော့ တရုတ်နိုင်ငံက
စစ်ကောင်စီကို ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ တွန်းအားပေးခဲ့ပေမယ့် အရေးမပါတဲ့
လူတချို့ကို လွဲပြောင်းပေးတာကလွဲလို့ ကျေနပ်လောက်စရာ ရလာဒ် မဖြစ်ခဲ့ပါဘူး။ အဲ့ဒီနောက်တော့
တရုတ်နိုင်ငံက လျှို့ဝှက်ရဲအရာရှိ အချို့ကို ကိုးကန့်ဒေသကို စေလွတ်ခဲ့ပြီးတဲ့နောက်
တချို့တဝက်ဟာ ပြည်သူ့စစ်တွေရဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရပြီး ဒီကိစ္စဟာ တရုတ်ကို ဒေါသထွက်စေခဲ့ပါတယ်။
ဒီလိုဆို တရုတ် အာဏာပိုင်တွေက ၁၀၂၇
စစ်ဆင်ရေးကို စတင်ခဲ့တာလား ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့
လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေဟာ ဒီစစ်ဆင်ရေး အစီအစဉ်ကို သေချာပေါက် ကြိုတင်သိရှိခဲ့ပြီး
မတားခဲ့တာတော့ သေချာပါတယ်။ နောက်ပြီး ညီနောင်သုံးဖွဲ့က ဒီ ငွေလိမ်ဂိုဏ်းတွေကို တိုက်ခိုက်ပြီး
ပိတ်သိမ်းဖို့ တွန်းအားပေးနိုင်ခဲ့တာကိုလည်း ကျေနပ်နေကြမှာပါ။ ဝ တပ်ဖွဲ့က ကြားနေလို့
ကြေညာထားသော်လည်း ညီနောင်သုံးဖွဲ့ကို အဓိက လက်နက်ပံ့ပိုးပေးတာက သူပါ။ လက်နက်တွေကလည်း
နောက်ကြောင်းလိုက်ရင် တရုတ်က ထောက်ပံ့ပေးထားတာတွေမို့ ဒီလက်နက်တွေကို ညီနောင်သုံးဖွဲ့ဆီ
လွဲပြောင်းပေးတာကို တရုတ်က မသိဘူး သဘောမတူဘူးဆိုတာ မဖြစ်နိုင်ပါဘူး။
ထူးထူးခြားခြားပဲ နိုဝင်ဘာ ၁၉ ရက်နေ့မှာ
မျိုးချစ်ရဟန်းများ အဖွဲ့က စီးပွားရေးမြို့တော် ရန်ကုန်မှာရှိတဲ့ တရုတ်နိုင်ငံသံရုံးနဲ့
မြို့တော်ခန်းမ အပြင်ဘက်မှာ ဆန္ဒထုတ်ဖော်ခွင့် ရခဲ့ကြပါတယ်။ အဲ့ဒီနေ့က ဧရာဝတီသတင်းဌာနရဲ့
ဖော်ပြချက်အရ ရဟန်းတွေဟာ တရုတ်နိုင်ငံအပေါ် ရှမ်းမြောက်ဒေသမှာ မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းခဲ့တဲ့
ညီနောင်သုံးဖွဲ့ကို အားပေးထောက်ခံမူနဲ့ ဝေဖန်ရှုံ့ချကြကြောင်း သိရပါတယ်။
မျိုးချစ်ရဟန်းများ သမဂ္ဂ နဲ့ မြန်မာမျိုးချစ်အဖွဲ့တို့က အဲ့ဒီ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပါတယ်။
တရုတ်အစိုးရဟာ ရှမ်းမြောက်ဒေသ အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့
PDF တွေကို လက်နက်ရောင်းချပေးပြီး မြန်မာပြည်ကို ဖျက်ဆီးနေတယ်လို့လည်း သူတို့က စွပ်စွဲကြပါတယ်။
ဒီဆန္ဒပြပွဲတွေကို တရုတ်က ဘယ်လိုသဘောထားလဲဆိုတာ
သဲသဲကွဲကွဲမသိရပေမယ့် မြန်မာစစ်တပ်က စစ်ဗိုလ်ချုပ်ကြီးတွေကတော့ တရုတ်ကို စိတ်ပျက်ဒေါသထွက်အောင်
လုပ်လို့မရဘူးဆိုတာ သိထားကြပါတယ်။ ဆန္ဒပြပွဲတွေအပြီး ရက်ပိုင်းအတွင်းမှာပဲ ထောင်နဲ့ချီတဲ့
ငွေလိမ်ဂိုဏ်း သံသယရှိသူတွေကို တရုတ်နိုင်ငံကို လွဲပြောင်းပေးခဲ့ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက
တရုတ်နှင့် မြန်မာ ၂နိုင်ငံအကြားမှာ ခိုင်မာသော ချစ်ကြည်ရင်းနှီးမူ ရှိကြောင်းနှင့်
အချိန်ကြာလာတာနဲ့အမျှ ပိုခိုင်မြဲလာလေသာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ အာဏာပိုင်တွေအနေနဲ့ အခြေခံ ကျကျ စဉ်းစားမှာကတော့ မြန်မာနိုင်ငံ အင်အားချိနဲ့နေသမျှ ကာလပတ်လုံး တရုတ်အနေနဲ့
တစ်နည်းမဟုတ် တစ်နည်းနဲ့ မြန်မာ့ပြည်တွင်းရေးကို လွှမ်းမိုးနေနိုင်ဖို့ပါပဲ။ တရုတ်ဟာ
အိမ်နီးချင်းကောင်း အသွင်ဆောင်ပြီး ငြိမ်းချမ်းရေး အကျိုးဆောင် ဆိုတဲ့ အခန်းကဏ္ဏက ပါဝင်နိုင်သလို
တချိန်ထဲမှာပဲ မီးစာတဖက် ရေမှုတ်တဖက် ဗျူဟာမျိုးနဲ့ နေပြည်တော်မှာ ဘယ်အစိုးရ တက်လာလာ
သူတို့ လိုချင်တာရအောင် ကြံစည်နေအုံးမှာပါပဲ။ စီးပွားရေး အရ ပက်သက်မူတွေ ရင်းနှီးမြုပ်နှံမူတွေ
နဲ့ အိန္ဒိယသမုဒ္ဒရာ ပင်လယ်ထွက်ပေါက်ရရေး ဆိုတာတွေက တစ်ဖက် တိုင်းရင်းသားလက်နက်ကိုင်တွေကို
သွယ်ဝိုက်ထောက်ပံ့နေတာမျိုးက တစ်ဖက် ဖြစ်ပါလိမ့်မယ်။ တကယ်လို့များ မြန်မာနိုင်ငံမှာ တော်လှန်ရေး အင်အားစုတွေ
အမြဲတမ်း မျှော်လင့်နေကြတဲ့ ငြိမ်းချမ်းပြီး ခိုင်မာတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဆိုတာမျိုးသာ
ဖြစ်လာခဲ့ရင် မြန်မာပြည်တွင်းရေးမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမူတွေလည်း ပျောက်ကွယ်သွားတော့မှာပါ။
ဒီလို ကိုယ့်ခြေကိုယ့်လက်ထဲက လွတ်ထွက်သွားမယ့် အခြေအနေမျိုးကို တရုတ်နိုင်ငံက မလိုလားပါဘူး။
ဒါဟာ တရုတ်နယ်စပ်ကို အကြီးအကျယ် မတည်မငြိမ်ဖြစ်စေမှာ ဖြစ်သလို မလိုလားအပ်တဲ့ စစ်ဘေး
ဒုက္ခသည် ဖြတ်ကျော်မူတွေလည်း ကြုံလာရနိုင်လို့ပါ။ ဒါကြောင့်လည်း ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး
မကြာမတင်မှာပဲ တရုတ်ဟာ နယ်စပ်တစ်လျှောက် တပ်ဖွဲ့ဝင်တွေ ချထား စောင့်ကြပ်ခဲ့တာပါ။
ဖော်ပြပါ အချက်လေးချက်ကို ပေါင်းစပ်ကြည့်လိုက်ရင်
ဒီစစ်ပွဲဟာ ဘယ်ဘက်ကမှ မနိုင်နိုင်တဲ့ စစ်ပွဲတစ်ပွဲ ဖြစ်ပါလိမ့်မယ်။ ၁၀၂၇ စစ်ဆင်ရေးထက်
ပိုပြင်းထန်ထိရောက်ပြီး ထင်မှတ်မထားတဲ့ အခြေအနေတစ်ခု
ရှိ မလာမခြင်း ဒီအခြေအနေကို ပြောင်းလဲဖို့ခက်ခဲပါလိမ့်မယ်။ တချိန်ထဲမှာပဲ ဆိုးဆိုးရွားရွား
ထိခိုက်ခံစားရမှာကတော့ နှစ်ဖက်ကြားမှာ ညှပ်နေတဲ့ အပြစ်မဲ့ပြည်သူလူထုပါပဲ။
ဘာတေး လစ်တနာ ဒီဇင်ဘာ ၄၊ ၂၀၂၃။

Comments
Post a Comment