အိန္ဒိယ နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လက်တွေ့ဆန်သော ကိုယ်ကျိုးကြည့် နိုင်ငံရေး ပေါ်လစီ ( ဒေါက်တာ အပါနာ ပန်ဒေး Oct 26,2023 )





                    မဟာဗျူဟာမြောက် အရေးကိစ္စများစွာ ရှိနေသည့်အတွက် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရန် လိုအပ်နေသည့်အချိန်တွင် ဒေသတွင်း စိန်ခေါ်မူများစွာကြောင့် နှစ်နိုင်ငံဆက်ဆံရေး မသဲမကွဲ တိမ်ဖုံးနေသည့် ကာလသို့ ရောက်ရှိနေသည်။
                   ၂၀၂၃ အရောက်တွင် အိန္ဒိယနိုင်ငံ၏ သံခင်းတမန်ခင်း အရှိန်အဝါသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ကြီးထွားလာနေပြီး ကမ္ဘာအရပ်ရပ်က နိုင်ငံအများအပြား အနေဖြင့် အိန္ဒိယနိုင်ငံနှင့် စီးပွားရေး ကိစ္စများအပြင် မဟာဗျူဟာမြောက် အရေးကြီး ကဏ္ဏများတွင်ပါ အင်တိုက်အားတိုက် ချိတ်ဆက်နိုင်ရန် ကြိုးစားလာကြသည်။ သို့သော်လည်း အိန္ဒိယနိုင်ငံ၏ အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံနှင့် ဆက်ဆံရေးမှာမူ ပြည်တွင်းစစ် ပဋိပက္ခများကြောင့် ပြဿနာများစွာ ရင်ဆိုင်ရလျက်ရှိနေသည်။ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးကိစ္စများနှင့် ပတ်သက်လျှင် အနောက်ဘက် ကပ်လျပ် အိမ်နီးချင်း ပါကစ္စတန် နိုင်ငံကိုသာ နိုင်ငံတကာက အာရုံစိုက် သတိထားမိကြပြီး အရှေ့ဘက် အိမ်နီးချင်း မြန်မာနိုင်ငံကိုမူ သတိမမူမိကြပေ။
                       အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးတွင် ရှုပ်ထွေးလှသည့် အလွှာများစွာရှိနေသည်။ နှစ်နိုင်ငံစလုံးအနေဖြင့် ဗြိတိသျှ ကိုလိုနီစနစ်အောက်မှာ ရုန်းထွက်ရန် ကြိုးစားခဲ့ရချိန်များတွင် အင်အားကောင်းသည့် မိတ်ဖက်ဆက်ဆံရေးမျိုး ရှိခဲ့သော်လည်း ၁၉၅၀ ပြည့်လွန်နှစ်များမှ စ၍ ရှုပ်ထွေးလာခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အိန္ဒိယနိုင်ငံသည် အရှေ့မျှော်ဝါဒ  စတင် အကောင်အထည်ဖော်ခဲ့သည်။ ယင်းမူဝါဒတွင် အိန္ဒိယနိုင်ငံ အရှေ့ဘက်တွင်ရှိသော နိုင်ငံများနှင့် ဒေသတွင်း လမ်းပန်းချိတ်ဆက်နိုင်ရေး ၊ ဖွံဖြိုးတိုးတက်ရေးနှင့် စစ်ရေး အကူအညီများပေးရန်အထိ ပါဝင်သည်။ အပေးအယူအနေဖြင့် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်တစ်လျှောက် အိန္ဒိယနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ လုံခြုံရေး (ခွဲထွက်ရေး သူပုန်များ) ကိစ္စရပ်များတွင် ပါဝင်ကူညီပေးရန် ဖြစ်သည်။
                  အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ ဒီမိုကရေစီ နိုင်ငံရေး အတွေးအခေါ် သဘောတရားရေးရာ စံတန်ဖိုးများနှင့် ကိုယ်ကျိုးကြည့် တွက်ချက်ထားသည့် လက်တွေ့ဆန်သော ဆုံးဖြတ်ချက်များ ရောနှောနေသော မူဝါဒမျိုးဖြစ်သည်။ အိန္ဒိယ ခေါင်းဆောင်ပိုင်းက ဒီမိုကရေစီ စံ တန်ဖိုးများနှင့် အတွေးအခေါ်များကို မကြာခဏ ပြောဆိုတတ်သော်လည်း မူဝါဒအကောင်အထည် ဖော်ရာတွင်တော့ လက်တွေ့ဆန်သော ကိုယ်ကျိုးကြည့် တွက်ချက်မူများဖြင့်သာ ပုံဖော်လေ့ရှိသည်။
ထိုအချက်ကို မြန်မာနိုင်ငံနှင့် သံခင်းတမန်ခင်း ဆက်ဆံရေးတွင် ထင်ထင်ရှားရှား မြင်နေရသည်။


နိုင်ငံရေး ဆက်နွယ်မူ
-------------------------

               အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှာ အခြား ဘဝတူ ကိုလိုနီလက်အောက်ခံ နိုင်ငံများနှင့် တချိန်ထဲလိုလိုပင် ဖြစ်သည်။ ထိုကာလက အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်နှင့် နိင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဂျဝါဟာလာ နေရူး သည် အာရှ၊ အာဖရိက နိုင်ငံများ၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးကပ်သော ဆက်ဆံရေး ထူထောင်ထားခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၃၅ ခုနှစ်ထိ ဗြိတိလျှ အိန္ဒိယ အင်ပါယာ၏ တစိတ်တစ်ပိုင်းဖြစ်ခဲ့သည်။ နေရူးနှင့် ခေတ်သစ် မြန်မာပြည်၏ လွတ်လပ်ရေးဖခင် အောင်ဆန်းတို့မှာ လွန်စွာရင်းနှီးကြသည်။
             အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် လွတ်လပ်ရေးရပြီး ၁၀နှစ်ကြသည်အထိ ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့ကြပြီး ၁၉၅၁ ခုနှစ်တွင် “ထာဝရ ငြိမ်းချမ်းရေးနှင့် အပြောင်းအလဲမရှိသော မိတ်ရင်းဆွေရင်း ဆက်ဆံရေး” ဟုကြွေးကြော်ထားသည့်  ရင်းနှီးချစ်ကြည်ရေး စာချုပ် ချုပ်ခဲ့ကြသည်။ နှစ်နိုင်ငံစလုံးမှာလည်း ဘက်မလိုက်မူဝါဒ စွဲကိုင်သည့် Non-Aligned Movement တွင် အဖွဲ့ဝင်နိုင်ငံများဖြစ်ကသည်။
                ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီစနစ်ကို အဆုံးသတ်သွားစေခဲ့သည့် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်အာဏာသိမ်းမူနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ပျက်စီးသွားခဲ့ရသည်။ စစ်အာဏာရှင်၏ ပြည်တွင်းရေးကိုသာ အာရုံစိုက်မူ၊ လူနည်းစု တိုင်းရင်းသား မျိုးနွယ်များအပေါ် ဖိနှိပ်မူ နှင့် အိန္ဒိယလူမျိုးများ အပါအဝင် နိုင်ငံခြားသားများကို ပြည်နှင်မူတို့ကြောင့် နှစ်နိုင်ငံကြား တင်းမာသော အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။
                အိန္ဒိယနိုင်ငံသည် အစပိုင်းတွင် မြန်မာနိုင်ငံနှင့် ခပ်ခွာခွာသာ နေခဲ့သော်လည်း မကြာမီပင် အလယ်အလတ် လမ်းစဉ်ကိုသာ စွဲကိုင်ထားခဲ့သည်။ စစ်အစိုးရနှင့် သံတမန်ဆက်ဆံရေး ထိတွေ့ဆက်ဆံနေစဉ် ဒီမိုကရေစီ အင်အားစုများကိုလည်း အကန့်အသတ်နှင့် ထောက်ပံ့နေခဲ့သည်။
အိန္ဒိယနိုင်ငံအနေဖြင့် အောင်ဆန်းမိသားစုဝင်များ အထူးသဖြင့် ၎င်း၏ သမီးဖြစ်သူ အောင်ဆန်းစုကြည်၏ ဒီမိုကရေစီအရေး တိုက်ပွဲဝင်မူကို အားပေးကူညီခဲ့သလို နေဝင်း အစိုးရလက်ထက် ပြည်ပသို့ တိမ်းရှောင်နေရသည့် မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးနုကိုလည်း နိုင်ငံရေး ခိုလှုံခွင့်ပေးခဲ့သည်။
                 တချိန်ထဲမှာပဲ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့သည်။ ၁၉၆၈၊ ၁၉၇၀ နှင့် ၁၉၈၀ နှစ်များတွင် ဗိုလ်ချုပ်နေဝင်းသည် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် အဆက်ဆက်သည်လည်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြပြီး ယခုနောက်ပိုင်းနှစ်များတွင် မန်မိုဟန်ဆင်း နှင့် နေရမ်ဒရာ မိုဒီ တို့ထိ ပါဝင်သည်။

အကူအညီပေးရေး နှင့် တရုတ်ပြဿနာ
-----------------------------------------------
               ၁၉၅၀ ပြည့်လွန်နှစ်များမှ စ၍ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နီးကပ်သော ဆက်ဆံရေးသည် အိန္ဒိယနိုင်ငံအတွက် စိုးရိမ်စရာဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံနှင့် ၎င်း၏ ကူညီထောက်ပံ့မူများကို ရယူနေသော တောင်အာရှ၊ အရှေ့အာရှ နိုင်ငံများအကြား ရင်းနှီးသော ဆက်ဆံရေး ထူထောင်နေခြင်းကို နယူးဒေလီ အစိုးရက စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ရသည်။ ၎င်းနိုင်ငံများမှာ ပထဝီနိုင်ငံရေးအရ အိန္ဒိယနိုင်ငံကို ဝိုင်းပတ်ထားသည့်အတွက် ပုလဲလည်ဆွဲ မဟာဗျူဟာဟု အမည်တွင်သည်။
               ၁၉၆၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တရုတ်-အိန္ဒိယ စစ်ပွဲတွင် မြန်မာနိုင်ငံမှ ကြားနေဝါဒ ကျင့်သုံးသည်ကို အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအား အားပေးထောက်ခံခြင်းဟုပင် မှတ်ယူလိုက်သည်။ ၁၉၈၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ မြန်မာစစ်အစိုးရအား ဝေဖန်လိုက်ပြီး ဒီမိုကရေစီ လှုပ်ရှားသူများဘက်မှ ရပ်တည်ယုံမက နိုင်ငံရေးအရ အကာအကွယ်ပေးရန်လည်း ကူညီခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ရပ်တည်မူအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံသည် တရုတ်နှင့် ကုန်သွယ်မူများ စတင်ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံထုတ် စစ်လက်နက်များလည်း ဝယ်ယူခဲ့သည်။
                    တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ကီလိုမီတာ ၂၀၀၀ ရှည်လျားသော နယ်စပ်မျဉ်းရှိပြီး တရုတ်သည် မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမူ အများဆုံးနှင့် ကုန်သွယ်မူအများဆုံး နိုင်ငံလည်းဖြစ်သည်။ တရုတ်အစိုးရသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ် ချမှတ်သော ဆုံးဖြတ်ချက်များကို ဗီတိုအာဏာ မကြာခဏသုံး၍ ကန့်ကွက်ခဲ့သလို လုံခြုံရေး ကောင်စီတွင် မြန်မာအရေး ထည့်သွင်း ဆွေးနွေးရန် စီစဉ်မူများကိုလည်း ကာကွယ်ပိတ်ဆို့ပေးလေ့ရှိသည်။
                   တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမူ ပမာဏမှာ မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြုပ်နှံမူ ပမာဏ တစ်ခုလုံး၏ ၂၆ % ထိရှိနေပြီး  နှစ်နိုင်ငံအကြား ကုန်သွယ်မူ ပမာဏမှာ ဒေါ်လာ ၂ ဘီလျံခန့် ရှိသည်။ မြင်သာသည့် အချက်အနေဖြင့် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်မူမှာ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၁ ဘီလျံသာရှိခဲ့သည်။
                   ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ ပထဝီနိုင်ငံရေး လိုအပ်ချက်အရ ရင်နှီးမြုပ်နှံမူများ ပိုမိုအားကောင်းလာစေရန်နှင့် စွမ်းအင်အရင်းအမြစ်များ ရယူသုံးစွဲနိုင်ရန် အိန္ဒိယနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်လာခဲ့သည်။ အိန္ဒိယနိုင်ငံသည် မိမိ၏ အကျိုးစီးပွားကို ရှေးရူပြီး ပို၍တည်ငြိမ်အေးချမ်းသော မြန်မာနိုင်ငံကိုသာ အချိန်အတန်ကြာ ကတည်းက မျှော်လင့်နေခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံအပေါ် မြန်မာနိုင်ငံ၏ မှီခိုအားထားနေရမူကို လျော့ကျစေလိုခြင်းကြောင့် ဖြစ်သည်။
                        မြန်မာနိုင်ငံတွင် တစ်ဝက်တစ်ပျက် ဒီမိုကရေစီခေတ်ဟု ဆိုရမည့် ၂၀၁၁ နှင့် ၂၀၂၁ ကာလသည် အိန္ဒိယနိုင်ငံအတွက် အခွင့်အလမ်း အနည်းငယ်ရခဲ့သော ဆယ်စုနှစ်တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံသည် စစ်အာဏာရှင်များအပေါ် ကူညီထောက်ခံသည်ဟု သတ်မှတ်ခံရသည့်အတွက် တရုတ် ပါဝင်သော စီမံကိန်းများ ဆိုးဆိုးရွားရွား ကန့်ကွက်ခံခဲ့ရသည်။ ဒေါ်လာ ၃.၆ ဘီလျံတန်ဖိုးရှိ မြစ်ဆုံ စီမံကိန်းကဲ့သို့ အချို့ စီမံကိန်းများမှာ သဘာဝပတ်ဝန်းကျင်နှင့် လူမူဘဝများအပေါ် ထိခိုက်မူရှိနိုင်သည်ဟု လူထုက စိုးရိမ်သည့်အတွက် ဆိုင်းငံ့ထားခဲ့ရသည်။ ယခုအခါ စစ်အာဏာရှင်စနစ် ပြန်လည်သက်ဝင်လာပြီး ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့သည့် စစ်ဗိုလ်ချုပ် ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လာစေရန် အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းအား ပြန်လည် အသက်သွင်းမည်ကို အချို့က စိုးရိမ်နေကြသည်။
                     တရုတ်နိုင်ငံသည် မြန်မာစစ်တပ်အား စစ်လက်နက်နှင့် အခြား နည်းပညာများ ၊ လက်တွေ့ သင်ကြားလေ့ကျင့်ရေးများတွင် အဓိကပံ့ပိုးပေးနေသည့် နိုင်ငံဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်များမှစ၍ တရုတ်နိုင်ငံ၏ စစ်လက်နက် တင်ပို့မူ ၆၀ % မှာ အိန္ဒိယနိုင်ငံနှင့် ကပ်လျပ်တည်ရှိသော အိမ်နီးချင်းသုံးနိုင်ငံဖြစ်သည့် ပါကစ္စတန်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ နိုင်ငံများသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည်လည်း ရှည်လျားသော သမိုင်းတစ်လျှောက် သူ၏ ဘေးပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် နီပေါ၊ ဘူတန်၊ သီရိလင်္ကာနှင့် မြန်မာနိုင်ငံများသို့ စစ်လက်နက် တင်ပို့ဖူးသည့် အလေ့အထရှိသည်။ ၁၉၅၀ ပြည့်လွန်နှစ်များမှ စ၍ မည်ကဲ့သို့ အစိုးရမျိုး အာဏာ လက်ဝယ်ရှိနေသည်ကို ထည့်သွင်းစဉ်းစားလေ့မရှိဘဲ မြန်မာနိုင်ငံသို့ စစ်လက်နက်နှင့် ကျည်တောင့်များ ထောက်ပံ့ပေးခဲ့ဖူးသည်။
                     မေလ ၂၀၂၃ ခုနှစ် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တစ်ခုအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် အိန္ဒိယအစိုးရပိုင်နှင့် အစိုးရပိုင်မဟုတ်သော ပုဂ္ဂလိက ကုမဏီ အဖွဲ့အစည်းများမှ တဆင့် ဒေါ်လာ ၅၁ သန်းတန်ဖိုးရှိ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို မြန်မာစစ်တပ်နှင့် ကာကွယ်ရေးပစ္စည်း ကုမဏီများသို့ ရောင်းချခဲ့ရာ ရေဒါနည်းပညာများအပြင် အဝေးထိန်း စနစ်ပါသည့် လေကြောင်းရန် ကာကွယ်ရေး စနစ်များလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။


အိန္ဒိယအရှေ့မြောက် ဒေသနှင့် မြန်မာနိုင်ငံ
-----------------------------------------------------

                အိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို တွက်ဆရာတွင် အိန္ဒိယ ပြည်တွင်း လုံခြုံရေးဆိုင်ရာ အခန်းကဏ္ဏလည်း အမြဲပါဝင်သည်။ ထို့အပြင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ဒေသတွင်း ပေါင်းကူးဆက်သွယ်ရေး ကဏ္ဏ ဖော်ဆောင်ရေးတွင် အရေးကြီး အစိတ်အပိုင်း တစ်ခုဖြစ်သည်။ အထူးသဖြင့် မြန်မာ-ထိုင်း-အိန္ဒိယ သုံးနိုင်ငံ နိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းမကြီး နှင့် ဓာတ်အားလိုင်း စီမံကိန်း ရှိနေသည်။
                  အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသသည် နှစ်ပေါင်းများစွာကတည်းက ခွဲထွက်ရေးသူပုန်များ၏ ဘူမိနက်သန် နေရာလည်းဖြစ်ပြီး ၎င်းတို့ထဲမှာ တချို့က လွတ်လပ်ရေး ၊ တချို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသနှင့် တချို့က မျိုးနွယ်စု အခွင့်အရေးများအတွက် တောင်းဆိုနေကြသည်။ ၁၉၅၀ ပြည့်နှစ်များမှစ၍ ပါကစ္စတန် နှင့် တရုတ်နိုင်ငံတို့သည် အထက်ပါ အဖွဲ့အစည်းများကို ထောက်ပံ့ကူညီမူများ ပုံစံမျိုးစုံနှင့် ပြုလုပ်ခဲ့ကြသည်။ အရှေ့ ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ် နိုင်ငံ) နှင့် မြန်မာနိုင်ငံတို့တွင်  စစ်စခန်းများ၊ လေ့ကျင့်ရေးစခန်းများ တည်ရှိနေခဲ့သည်။ အိန္ဒိယအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား ဆက်ဆံရေး ကောင်းမွန်တိုးတက်လာပြီးနောက် ဘင်္ဂလားဒေ့ရှ် အစိုးရမှ အဆိုပါ စစ်စခန်းများအား ဖျက်သိမ်းခဲ့ပြီး သူပုန်များကို အိန္ဒိယအစိုးရသို့ လွဲပြောင်းပေးခဲ့သည်များ ရှိခဲ့သည်။
                   အဆိုပါ သူပုန်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံတွင်းမှ မျိုးနွယ်စုများနှင့် မျိုးနွယ် ဆက်စပ်မူ ရှိကြသည်ကို အခွင့်ကောင်းယူပြီး ၎င်းတို့၏ လုံခြုံရေးအတွက် မကြာခဏ အသုံးချလေ့ရှိသည်။ ၎င်း ခွဲထွက်ရေးသမားများအနေဖြင့် မြန်မာစစ်တပ်တွင်းမှ အောက်ခြေအဆင့်ရှိသူများကိုပင် လာဘ်ပေးပြီး ဆက်သွယ် စည်းရုံးထားနိုင်ကြသည်။
                    အိန္ဒိယအစိုးရအနေဖြင့် အဆိုပါ အဖွဲ့အစည်းများကို ချေမှုန်းရန် မြန်မာ စစ်အစိုးရ၏ အကူအညီကို မကြာခဏရယူခဲ့ရသည်။ ၁၉၆၇ ခုနှစ်တွင် အိန္ဒိယနှင့်မြန်မာနိုင်ငံအကြား နယ်စပ်မျဉ်းတစ်လျှောက်ရှိ လက်နက်ကိုင်တော်လှန်ရေးသမားများအား တုန့်ပြန်ချေမှူန်းနိုင်ရန် သဘောတူညီချက် ရယူခဲ့ကြသည်။ ၂၀၁၉ ခုနှစ်တွင် အိန္ဒိယစစ်တပ်နှင့် မြန်မာစစ်တပ်တို့  ပူးပေါင်းပြီး နှစ်နိုင်ငံနယ်နမိတ် စည်းမျည်းနှစ်ဖက်စလုံးတွင် ရှိနေသည့် သူပုန်စစ်စခန်းများအား စစ်ဆင်ရေး ပြုလုပ်ခဲ့ကြသည်။ ဒီလို ပူးတွဲစစ်ဆင်ရေးမျိုးတွေ လုပ်ဆောင်ရာမှာလည်း အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရ အကြား ဆက်ဆံရေး ဘယ်လောက်ကောင်းတယ်ဆိုတဲ့ အပေါ်မှာပဲ မူတည်နေတာပါ။ အိန္ဒိယအစိုးရနဲ့ ဆက်ဆံရေး တင်းမာနေချိန်မျိုးတွေမှာဆို မြန်မာစစ်တပ်ဟာ အိန္ဒိယ ခွဲထွက်ရေး သူပုန်ကိစ္စကို လစ်လျူရူထားတတ်တဲ့အပြင် တစ်ခါတစ်လေ သူပုန်တွေရဲ့ လှုပ်ရှားမူတွေကိုတောင် ပြန်ထောက်ပံ့ပေးတတ်ပါတယ်။
                 ၁၉၆၀ ပြည့်လွန်နှစ်တွေကနေ ခုချိန်ထိ ဖြစ်ပွားနေဆဲဖြစ်တဲ့ မြန်မာပြည်တွင်းစစ်ဟာလည်း အိန္ဒိယ အရှေ့မြောက်ဒေသကို သက်ရောက်မူတွေရှိနေပါတယ်။ မတရား ဖိနှိပ်မူတွေကို ရှောင်လွဲနိုင်ဖို့ စစ်ဘေးရှောင်တွေ ၊ ရွေ့ပြောင်းအခြေချလာသူတွေအပြင် တော်လှန်ရေးသမားတွေ ကိုယ်တိုင်လည်း အိန္ဒိယနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်လာလေ့ရှိပါတယ်။ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အရပ်သား ၅ သောင်းကျော် အိုးအိမ်စွန့်ခွာသွားကြရပါတယ်။ အိန္ဒိယဟာ စစ်ဘေးဒုက္ခသည်တွေကို နိုင်ငံတွင်းမှာ လက်ခံပေးခဲ့သလို တစ်ဖက်မှာလည်း စစ်အစိုးရကို လူသိရှင်ကြား ဝေဖန်မူတွေ မလုပ်ပါဘူး။
 

             ရှေ့အလားအလာ ဖြစ်တန်ခြေ
---------------------------------------------------

               ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမူဟာ အိန္ဒိယနိုင်ငံကို ဘေးကြပ်နံကြပ် ပိုဖြစ်စေခဲ့ပါတယ်။ အရှေ့တောင် အာရှ နိုင်ငံတွေကို ကုန်းလမ်းကတဆင့် ဆက်သွယ်လို့ရမယ့် တစ်ခုထဲသော ထွက်ပေါက်ဂိတ်တံခါး နိုင်ငံ ၊ အိန္ဒိယ ခွဲထွက်ရေး သမားတွေနဲ့ ပြည်တွင်းလုံခြုံရေးကိစ္စမှာ အရေးပါနေတဲ့ နိုင်ငံတစ်ခုနဲ့ ထိတွေ့ဆက်ဆံရေး လုပ်မလား အောင်ဆန်းစုကြည် ဦီးဆောင်နေတဲ ဒီမိုကရေစီ လှုပ်ရှားမူကိုပဲ ထောက်ပံ့ရမလား ဆိုတဲ့ ကိစ္စနှစ်ရပ်ကြား ဘယ်လိုရပ်တည်မလဲ ဆိုတာပါပဲ။
               ကမ္ဘာ့ဘဏ်၏ အဆိုအရ မြန်မာ့စီးပွားရေးမှာ အဆိုးရွားဆုံး အခြေအနေထိ ထိုးစိုက်နေပြီး၂၀၂၁ ဇန်နဝါရီလနဲ့ ယှဉ်ရင် ၁၂ % လျော့ကျသွားခြင်းက ပြည်တွင်းစစ်ကို ပို၍ ဆိုးရွားစေရန်သာ ရှိသည်။ ၂၀၂၃  ဩဂုတ်လ အကုန်ပိုင်းကကဲ့သို့ အစိုးရ ရုံးအဆောက်အဦးများ မကြာခဏ ဗုံးခွဲတိုက်ခိုက် ခံနေရသလို မြန်မာစစ်တပ်ကလည်း တန်ပြန်ထိုးစစ်များ ဖိနှိပ်မူများ ပြန်လည်ပြုလုပ်ရင်း သံသရာလည်နေမည့်ကိစ္စမှာ ပြီးဆုံးမည့် အရိပ်အယောင် မတွေ့ရပေ။



ဖြစ်တန်ခြေ အများ  = ဆက်လက်ထိတွေ့ ဆက်ဆံမူများ
----------------------------------------------------------------------

 

               ရှေ့မြင်နေရတဲ့ အလားအလာကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ အရင်လိုပဲ မပြောင်းမလဲရှိနေပါလိမ့်မည်။ အိန္ဒိယဟာ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမူတွေ ဆက်လုပ်နေအုံးမှာပါ။ စီးပွားရေးအရ ဆက်သွယ်မူတွေ၊ စစ်ဖက်ရေးရာ ဖွံဖြိုးရေး အကူအညီတွေလည်း ပေးနေအုံးမယ့်အပြင် အရှေ့တောင်အာရှဒေသတွင်း ကုန်းလမ်းနဲ့ ဓာတ်အားလိုင်းတွေ ပေါင်းကူး ချိတ်ဆက်နိုင်ရေးကိုပဲ အားထည့်နေပါလိမ့်မည်။ သို့သော်လည်း ပြည်တွင်းစစ်မီး တငွေ့ငွေ့လောင်နေသည့်အတွက် မြန်မာစစ်အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်း လုံခြုံရေးနှင့် ပတ်သက်သော ကိစ္စများ ပူးပေါင်းဆောင်ရွက်ရာတွင် ကန့်သတ်ချက်များစွာဖြင့် မရေမရာဘဲ ရှိနေပါလိမ့်မည်။
                  အိန္ဒိယနိုင်ငံအနေဖြင့်လည်း မြန်မာစစ်အစိုးရနှင့်သော်လည်းကောင်း တော်လှန်ရေးသမားများနှင့်သော်လည်းကောင်း နှစ်ဖက်စလုံးနှင့် ဘက်မျှအောင် ဆက်ဆံရာတွင် အကန့်အသတ်များ ရှိနေပါလိမ့်မည်။ မြန်မာစစ်အစိုးရ အနေဖြင့် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အားပြိုင်မူများရှိနေသည်ကို ကောင်းစွာသိရှိထားပြီး နှစ်ဖက်စလုံးထံမှ အမြတ်ထွက်ရန် ကြိုးစားပါလိမ့်မည်။ အိန္ဒိယနိုင်ငံ၏ ရည်မှန်းချက်ဖြစ်သော မြန်မာနိုင်ငံအား ဖြတ်သန်း၍ အရှေ့တောင်အာရှ နိုင်ငံများနှင့် ချိတ်ဆက်နိုင်ရေး ကြိုးပမ်းမူမှာ မြန်မာပြည်တွင်းစစ်ကြောင့် မရေရာမူများနှင့် နှောင့်နှေးနေဦးမှာပါ။



ဖြစ်တန်ချေ အနည်း = ပြည်တွင်းစစ်မီး လျှံကျလာနိုင်ခြင်း

---------------------------------------------------------------------

 ဖြစ်နိုင်ခြေ နည်းသော်လည်း ဖြစ်လာနိုင်စရာရှိသည်မှာ မြန်မာစစ်အစိုးရနှင့် တော်လှန်ရေး အင်အားစုများကြားတွင်သာ မကဘဲ မတူညီသည့် မျိုးနွယ်စု လက်နက်ကိုင်များ အကြားပါ စစ်မက်ဖြစ်ပွားပါက အကြမ်းဖက်မူများ ထွက်ပေါ်လာနိုင်ပြီး မြန်မာပြည်တွင်းက ပြည်တွင်းစစ် လျှံထွက်လာနိုင်ခြင်းဖြစ်သည်။ အဆိုပါကိစ္စသည် အိန္ဒိယနိုင်ငံအတွင်းသို့ စစ်ဘေးရှောင်များနှင့် လက်နက်ကိုင် တော်လှန်ရေးသမား အမြောက်အများ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာစေနိုင်သည်။ နယူးဒေလီ အစိုးရ၏ တုန့်ပြန်မူမှာ ကွဲပြားမူရှိနိုင်သော်လည်း ရွေးကောက်ပွဲကာလဖြစ်ပါက အစိုးရအနေဖြင့် နယ်စပ်ကို ပိတ်နိုင်ခြေရှိသည်။
               အဆိုပါ လုပ်ရပ်မှာ မြန်မာပြည်မှ တော်လှန်ရေး အင်အားစုများနှင့် ဆက်ဆံရေး ထိခိုက်နိုင်သည်။ မြန်မာစစ်အစိုးရအနေဖြင့် အိန္ဒိယအစိုးရ၏ အဆိုပါလုပ်ရပ်အပေါ် ၎င်းတို့အား ထောက်ခံမူအဖြစ် ရူမြင်နိုင်ပြီး မြန်မာအစိုးရ၏ ဆန္ဒမပါဘဲ  တော်လှန်ရေးသမားများ အိန္ဒိယအစိုးရအား ဒုက္ခသည်များ လက်ခံပေးရန် တွန်းအားပေးပါလိမ့်မည်။
                 အိန္ဒိယနိုင်ငံအနေဖြင့် မိတ်ဖက်နိုင်ငံများဖြစ်သော အမေရိကန်၊ ဂျပန်နှင့် အီယူ နိုင်ငံများ၏ မြန်မာဒုက္ခသည်များအား လက်ခံရန် ဖိအားပေးမူကို ခံရနိုင်ချေရှိသည်။ အိန္ဒိယနိုင်ငံအနေဖြင့် နယ်စပ်အား ပိတ်လိုက်ခြင်းသည် မြန်မာစစ်အစိုးရအား လူသိရှင်ကြား ထောက်ခံခြင်း မဟုတ်ပေ။ ထို့အပြင် အိန္ဒိယအနေဖြင့် ၎င်း၏ ပြည်တွင်းလုံခြုံရေးအား အနှောင့်အယှက်ပေးနေသည့် ခွဲထွက်ရေး သူပုန်များ ကိစ္စအား မြန်မာစစ်အစိုးရ အာရုံစိုက်စေရန် လိုလားလျက်ရှိပေလိမ့်မည်။ မြန်မာစစ်အစိုးရအတွက်မူ ၎င်းကိစ္စမှာလည်း ဦးစားပေး ကိစ္စမဟုတ်ပေ။ ထိုအခြေအနေမျိုးတွင် မြန်မာစစ်အစိုးရ၏ မူဝါဒနှင့် လိုလားချက်များကို တရုတ််နိုင်ငံက အခွင့်ကောင်းယူကာ သိုဝှက်၍သော်လည်းကောင်း ကုလ လုံခြုံရေးကောင်စီကဲ့သို့ နိုင်ငံတကာ အစည်းအဝေးများမှလည်းကောင်း အားပေးလာနိုင်သည်။
                       အထက်ပါ ဖြစ်ရပ်များထက် ပို၍ ဖြစ်တန်ချေနည်းသော် အခြေအနေတစ်ခု ကျန်နေပါသေးသည်။ ယင်းမှာ မြန်မာတော်လှန်ရေး အင်အားစုများ၏  တိုက်ခိုက်မူများ ပိုမိုပြင်းထန်လာပြီး အိန္ဒိယနယ်စပ်တွင် မြန်မာပြည်တွင်းစစ်နီးနီး ဖြစ်လာနိုင်ခြေဖြစ်သည်။ ထိုသို့ဖြစ်လျှင် အိန္ဒိယနိုင်ငံတွင်းသို့ စစ်ဘေးရှောင်နှင့် လက်နက်ကိုင်များ ဝင်ရောက်မူ ပိုမိုမြင့်မားနိုင်ခြေရှိသည်။ အိန္ဒိယပြည် ခွဲထွက်ရေးသူပုန်များ အနေဖြင့်လည်း အဆိုပါ နယ်စပ်အခြေအနေကို အသုံးချကာ အိန္ဒိယပြည်တွင်း တိုက်ခိုက်မူများ ဖော်ဆောင်လာနိင်သည်။ အိန္ဒိယအစိုးရအနေဖြင့် အဆိုပါ ကိစ္စရပ်များကို တုန့်ပြန်ရန် နယ်စပ်ကို ပိတ်ခြင်း၊ ဒုက္ခသည်များ ဝင်ရောက်လာမူကို ဟန့်တားခြင်းနှင့် ခွဲထွက်ရေးသမားများကို ဖမ်းဆီးခြင်းတို့ ပြုလုပ်လာနိုင်သည်။ အကယ်၍များ ထိုသို့ ဖြစ်ခဲ့လျှင် နယူဒေလီ အစိုးရသည် အရေးပေါ် အခြေအနေကြေညာပြီး စစ်တပ်အား နယ်စပ်တွင် နေရာချထားကာ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ပါလိမ့်မည်။

                   

 

 

 

 

Comments

Popular posts from this blog

တိရိစ္ဆာန်ဘုံ ( ဂျော့အိုဝဲလ် ၁၉၄၅ )

၂၀၂၃ ပွဲပြီးသုံးသပ်ချက် ( ညီသစ်)

ဆင်တစ်ကောင်ကို ပစ်သတ်လိုက်ခြင်း (ဂျော့အိုဝဲလ် ၁၉၃၆ )